တရားဓမ္မ

နိဗ္ဗာန် အကြောင်း

ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟူပဏ္ဍိတ မိုးကုတ် ဆရာတော် (အမရပူရမြို့ – မင်္ဂလတိုက်ဟောင်း) ဟောကြားတော်မူသော ဝိပဿနာ လုပ်ငန်းစဉ် အလုပ်ပေးတရားတော် အမှတ်စဉ် (၃၆) စာအုပ် အမှာစာ အပိုင်း မှ ထုတ်ယူထားသည်။

အမှာစာ

ဆရာတော်ဘုရားက အသေအချာဟောကြားထားသည်မှာ “နိဗ္ဗာန်သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ” ဟု ဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန် နှင့်ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန် မှာ သိမ်မွေ့ နက်နဲ ခက်ခဲလှပါသည်။

ဥပမာ – နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းသွားသည်။ ကိလေသာ သိမ်းသွားသည်။ ဘာမှမရှိတာနိဗ္ဗာန်ဟု ယူလိုက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်ဆိုတာ ရွှေပြည်မြတ်ကြီး၊ ခိုင်မြဲမြို့ပြကြီးဟုယူလိုက်လျှင် သဿတဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်မဂ်ဖိုလ် ဝဋ်တိုတိုနှင့်ရလိုပါ၏ဟု ဆုတောင်းသူများသည် ရမ်းတောင်းနေသူများသာ ဖြစ်သည်။ သို့ဖြစ်၍ ဆရာတော်ဘုရား၏ နိဗ္ဗာန်တရားတော်များကို စုပေါင်းပြုစုပြီး ရေးသား လိုက်ရပါသည်။

နိဗ္ဗာန်ဆိုတာ ဘာတုံး

နိဗ္ဗာန်ဆိုတာကတော့ အများနဲ့ဆက်ဆံတဲ့တရားမျိုးမဟုတ်ပါ။ နိဗ္ဗာန်ဆိုတာ ထူးမှ၊ ထူးခြားတဲ့လူမှရနိုင်-ရောက်နိုင်သည်။ ထူးခြားတဲ့လူ ဖြစ်အောင်လုပ်ပြီး ရှာကြည့်ဖို၊ စုံစမ်း စမ်းသပ်ကြည့်ဖို့ ကောင်းပါသည်။

နိဗ္ဗာန်ဆိုတာ ရှိပါသလား

ရှင်နာဂသိန်မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက- အရှင်ဘုရား နိဗ္ဗာန်ဆိုတာ ရှိပါသလား ဟု မေးသဖြင့် မထေရ်မြတ်က မင်းကြီး… နိဗ္ဗာန်သည် ရှိသည် ဟု ဖြေကြားတော်မူသည်။ မင်းကြီးက ဆက်လက်၍ “အရှင်ဘုရား နိဗ္ဗာန်သည် ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှစ ရှိပါသလဲ ဟု မေးရာ မထေရ်မြတ်က “အားလုံးမဟုတ်ဘဲ နိဗ္ဗာန်ရှိသည်မှာ မှန်သည်။ သို့သော် ကာလသုံးပါး က အလွတ် ဖြစ်သည် ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ဟာ မရှိဘူးလို့ ဆိုရမှာလား

မင်းကြီးက – “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်မရှိပါဟု ဆိုရမှာပေ့ါဘုရား” ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ဥပမာပြ၍ ဖြေဆိုတော်မူပါသည်။

မင်းကြီး ဝါးစိမ်းနှစ်လုံးထဲတွင် နဂိုက မီးရှိနှင့်သလား – ဟု မေးရာ မရှိနှင့်ပါဟု ဖြေသဖြင့် ယင်းဝါးနှစ်လုံးကို အချင်းချင်း ကြာကြာပွတ်တိုက်လိုက်လျှင် မီးရှိမလာပေဘူးလား ဟု မထေရ်မြတ်က မေးပြန်ရာ မင်းကြီးက မီးရှိလာပါတယ်ဘုရားဟု ဖြေကြားတော်မူသည်။ ဆက်လက်၍ မင်းကြီး ထိုဥပမာ အတိုင်းပင် နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း အားထုတ်မှု လုံ့လဝီရိယ အစွမ်းကြောင့် ပေါ်လာရသည်။ အားထုတ်သူအဖို့၌ နိဗ္ဗာန်သည် ရှိသည်ဟု မှတ်ရမည် ဖြစ်ကြောင်း မထေရ်မြတ်က ဖြေဆိုသဖြင့် မင်းကြီးက မှန်လှပါ သဘောကျ ကျေနပ်ပါပြီဘုရား ဟု လျှောက်ထားတော်မူသည်။

နိဗ္ဗာန်သည် လုံးရပ်သဏ္ဌာန်နှင့် ထင်ရှားရှိသလား

မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဌာန်နဲ့ ထင်ရှားရှိပါသလား၊ ထင်ရှားမရှိဘူးလားလို့ မေးလျှောက်သဖြင့် ရှင်နာဂသိန်မထေရ် – တကာတော်မင်းကြီး နိဗ္ဗာန်ဟာ ဒြပ်သဏ္ဌာန်နဲ့တော့ ထင်ရှားမရှိဘူးဟု ဖြေသဖြင့် မင်းကြီးက ဒါဖြင့်ဘုရား နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူး ဆိုယင် နိဗ္ဗာန်ကို အာရုံပြုတယ် ဆိုတဲ့ စကားသည် အလကားမဖြစ်ပေဘူးလား ဟု မေးပြန်ပါသည်။

ရှင်နာဂသိန်က ယခင်ဥပမာအတိုင်းဖြေဆိုရာ၌ – ၀ါးနှစ်လုံးထဲမှာ နဂိုက မီးမပါသော်လည်း ပွတ်ပါများလျှင် မီးထွက်လာပြီး မပွတ်လျှင် မီးမထွက်သကဲ့သို့ နိဗ္ဗာန်သည် အားထုတ်မှ ပေါ်လာသည်။ အားထုတ်တဲ့ပုဂ္ဂိုလ်မှသာ မြင်နိုင်သည်၊ တွေ့နိုင်သည်။ အားမထုတ်လျှင် မမြင်နိုင်ပေဘူးဟု မိန့်တော်မူသည်။ နိဗ္ဗာန်သည် အားထုတ်သူများအတွက် ကိုယ်အနားမှာပင်ရှိသည်။ မီးပွတ်ယောကျ်ားကဲ့သို့ မနေမနားအားထုတ်ရမည်ဖြစ်သည်။

နိဗ္ဗာန်ဟာ တည်ရာရှိပါသလား

မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဟာ တည်ရှိပါသလား၊ ဘယ်နေရာမှာ တည်နေပါသလဲ – လို့ မေးသဖြင့် ရှင်နာဂသိန်က တကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး၊ ဘယ်နေရာ တည်တယ်လို့မဆိုနိုင်ဘူးလို့ ဖြေဆိုသဖြင့် မင်းကြီးက အရှင်ဘုရား ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ဘူးလား၊ နိဗ္ဗာန်ရ တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ။

နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုရနိုင်ပါသလဲ

ရှင်နာဂသိန်က မင်းကြီး နိဗ္ဗာန်ရှိတာမှန်သည်။ သို့ရာတွင် နိဗ္ဗာန်ကို ကံတိုက်လို့ဖြင့် ဘယ်နည်းနှင့်မှ မရနိုင်ပါ၊ ဉာဏ် တိုက်မှသာ ရနိုင်ပါသည်။ ဒါန၊ သီလ၊ သမထမှုဖြင့် ရနိုင် ရောက်နိုင်ရန် အခွင့်မရှိပါ။ ဝိပသနာ ဘာဝန၁ကို အခါခါပွားယူမှ ရနိုင်ရောက်နိုင်သည်။ ဝိပနာဉာဏ်ထက်သန်သဖြင့် တစ်ဆင့်တက်ပြီး မဂ်ဉာဏ်ကျမှ နိဗ္ဗာန်ရနိုင်ကြောင်း ဖြေကြားတော်မူသည်။

နိဗ္ဗာန်ရချင်ယင် ဘာလုပ်ရမလဲ

နိဗ္ဗာန်ရချင်ယင် ရှေ့က ဝိပသာနာ သမ္မာဒိဋ္ဌိ နဲ့ ကြိုးစားပြီး ခန္ဓာမှာပေါ်လာသမျှ ဖြစ်ပျက်ရှုရပါမည်။ ရှုအားများ လာ၍ ဉာဏ်ရင့်လာယင် ရှုနေရင်းနှင့် ဖြစ်ပျက်မရှိသောဘက် သို့ ဉာဏ်လှည့်သွားသည်။ အဲဒါ နိဗ္ဗာန်ပင် ဖြစ်ကြောင်း ရှင်နာဂသိန်က အမိန့်ရှိပါသည်။

ဆရာတော်ဘုရားက နိဗ္ဗာန် ရလို၊ ရောက်လိုလျှင် ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံဆက်ပုံ နားလည်အောင်လုပ်ပါ။ ပဋိစ္စသမုပ္ပါဒ် နားမလည်လျှင် ဘယ်တော့မှမရဟု ဆုံးဖြတ်ချက်ချရန် မိန့် ကြားပြီး ပဋိစ္စသမုပ္ပါဒ် နားလည်အောင် ကြိုးစားအားထုတ်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပါသည်။

အဂ္ဂိဝစ္ဆပုဏ္ဏား မေးသဖြင့် နိဗ္ဗာန်နှင့် ပတ်သက်၍ မြတ်စွာဘုရား ဟောကြားရာတွင် ဖြစ်ပျက် ရှုသောအယူ၊ ဖြစ်ပျက်မြင်သော အယူသည် ငါဘုရား၏ အယူဖြစ်သည်၊ ရရှိသေး အကျိုးကျေးဇူးများမှာ ဖြစ်ပျက်ရှုသဖြင့် တဏှ၊ မာန၊ ဒိဋ္ဌိ ချုပ်ပြီး ကိလေသာချုပ်၊ ခန္ဓာချုပ်ပါသည်။ သမုဒယသစ္စာ ကိလေသာသည် မီးဖြစ်ပြီး ခန္ဓသည် လောင်စာဖြစ်ရာ လောင်စာသိမ်း၍ မီးငြိမ်းသွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။

ဝဋ်ကျွတ်ခြင်းသဘောဖြင့်ကြည့်ပါလျှင် ကိလေသဝဋ် ဖြစ်သော တဏှာနှင့်ဥပါဒါန် ချုပ်ပျောက်ခြင်းကြောင့် ကမ္မဝဋ်ဖြစ်သောကံမလာတော့ပါ၊ ဝိပါကဝဋ် ဖြစ်သော နောက်ခန္ဓာငါးပါးလည်း မဖြစ်သဖြင့် ဝဋ်သုံးပါး ကျွတ်သွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်သဘောမှာ တဏှာ၊ဥပါဒါန်၊ကံ အကြောင်းချုပ်သဖြင့် အကျိုးခန္ဓာ ချုပ်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ သစ္စာအလိုမှာ သမုဒယသစ္စာသုံးပါး ချုပ်သဖြင့် ဒုက္ခသစ္စာ ခန္ဓာငါးပါး ချုပ်ခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။ သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒ် တရားတော်အတိုင်း အကြောင်းချုပ်၍ အကျိုးချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်ပါသည်။

နိဗ္ဗာန်သည် ရှိပါသလား – မရှိဘူးလား ဟု မေးပါလျှင်မြတ်စွာဘုရားက ရဟန်းတို့ နိဗ္ဗာန်သည်ရှိသည် ဟု ဟောကြား ထားပြီးဖြစ်သည်။ နိဗ္ဗာန်သည် နာမ်သဘော ရုပ်သဘော ရှိသလားဟုမေးပါလျှင် ငြိမ်းအေးသောသဘော ရှိပါသည်။အေးချမ်းသောနေရာကလေးသည် ငြိမ်ငြိမ်သက်သက် သဘောသတ္တိရှိသည်၊ ရွှေ့ပြောင်းသော သဘော မရှိ၊ လုံးရပ် သဏ္ဌာန်မရှိဟု မြတ်ဘုရား ဟောကြားတော်မူပါသည်။

ကိလေသာသိမ်း၊ ခန္ဓာသိမ်းသောပုဂ္ဂိုလ်သည် ငြိမ်းအေးသော သဘောသာ ရောက်သွားသည်၊ ဘယ်မှမသွားပါ။လောင်စာသိမ်း၍ မီးငြိမ်းသောသဘောရှိသည်၊ နိဗ္ဗာန်သည် ရှုသောပုဂ္ဂိုလ်၌ ကိုယ်တိုင်မြင်ရသော တရားမျိုး ဖြစ်ပါသည်။

နိဗ္ဗာန်ကို အားလုံးသောပုဂ္ဂိုလ်များ ရနိုင်ပါသလား ဟု မေးပါလျှင် ရှင်နာဂသိန်မထေရ်မြတ်က ဖြေကြားထားသည် မှာ အားလုံးသောပုဂ္ဂိုလ်တို့ မရနိုင်ပေဘူး ဟု မြွက်ကြားပါသည်။

နိဗ္ဗာန်ကို ဘယ်လိုပုဂ္ဂိုလ်များ ရနိုင်မလဲ

မိလိန္ဒမင်းကြီးအား ရှင်နဂသိန်မထေရ်ကြီး မိန့်ကြားရာတွင် – မင်းကြီး “အဘိညေယျ အဘိဇာနာတိ” ထိုးထွင်းပြီးသိရမည့် တရားဖြစ်သဖြင့် ထိုးထွင်းပြီးသိသောပုဂ္ဂိုလ်မှာ နိဗ္ဗာန်ကို ရနိုင်သည်ဟု ဖြေတော်မူပါသည်။

နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့် တူပါသလဲ

မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့်တူပါသလဲ – ဟု မေးမြန်းသဖြင့် ရှင်နာဂသိန် မထေရ်မြတ်က -မင်းကြီး ဥပမာအားဖြင့်ပြောရယင် ပဋိသန္ဓေ ကတည်းကပင်မျက်စိမမြင်သောလူက အဖြူဆိုတာ ဘယ်လိုဟာတုံး၊ အနီဆိုတာ ဘယ်လိုဟာတုံး၊ နေဆိုတာ ဘာနှင့်တူသတုံး လို့မေးတာနှင့် တူနေပါသည်။ သူ့မှာ မျက်စိ ပါမလာသဖြင့် လောက၌ရှိသောအရာဝတ္ထုများကို မည်သို့မျှ ခွဲခြမ်းပြီးသိနိုင်မည်မဟုတ်ပါ။

ဤဥပမာအတိုင်း လောက တွင်ရှိနေကြသော လောကသားများအဖို့ လောကနှင့်တန်သော မျက်စိသာပါလာကြပါသည်။ လောကထက်လွန်သော၊လောကမှာရှိသော ချမ်းသာမျိုးများနှင့်နှိုင်းယှဉ်မရသော လောကုတ္တရာနိဗ္ဗာန်ချမ်းသာသည် လောက၌မည်သည့် ချမ်းသာနှင့်မှ တူသည်ဟု မဆိုနိုင်ပါ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာသည် လောက၌မရှိ – ဟု မှတ်ရန် ဖြေဆိုတော် မူပါသည်။

အကြောင်းသုံးပါးလွတ်သော နိဗ္ဗာန်

မိလိန္ဒမင်းကြီးက အရှင်ဘုရား ကံအကြောင်းတရား၊ ဟေတုအကြောင်းတရား စသည်တို့နှင့် မပတ်သက်သောတရားကို ပြောကြားပါရန် လျှောက်ထားသဖြင့်။ ရှင်နာဂသိန်မထေရ်က- မင်းကြီး ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ကြီးသည် ဘယ်သူမှ လုပ်ထားခြင်းမဟုတ်ပါ၊ အကြောင်းတရားသုံးပါးမှ လွတ်ပါသည်။ နိဗ္ဗာန်သည်လည်း ကံကလုပ်ထားခြင်းမဟုတ်ပါ။ ဟေတု အစရှိသည်တို့ကလုပ်ထားခြင်းလည်းမဟုတ်သဖြင့် အကြောင်းသုံးပါး လွှတ်ပြီး အမြဲတမ်းရှိသည်ဟု ဆိုတော်မူပါသည်။

နိဗ္ဗာန်သည် ကံအကျိုးမဟုတ်ပါ၊ အကြောင်းကံက လုပ်ထားခြင်းမဟုတ်ပါ၊ ဉာဏ်အကျိုးဖြစ်၍ နိဗ္ဗာန်သွားလိုလျှင် ဉာဏ်စခန်းအလုပ် လုပ်ရမည် ဖြစ်သည်။ ဉာဏ်နဲ့လုပ်ရမည် မှန်သော်လည်း နိဗ္ဗာန်သည် ဉာဏ်ကလုပ်ထားသော နိဗ္ဗာန်မဟုတ်ပါ၊ ဉာဏ်ကပို့မည့်နိဗ္ဗာန်သာဖြစ်ကြောင်း ဆရာတော်ဘုရားက ဟောပါသည်။

ဉာဏ်လက္ခဏာနှင့် နိဗ္ဗာန်

မိလိန္ဒမင်းကြီးက အရှင်ဘုရား-ဉာဏ်၏လက္ခဏာကို ပြောကြပါရန် လျှာက်ထားသဖြင့် ရှင်န၁သိန်မထေရ်က – တကာကြီး၊ ဉာဏ်ဆိုသည်မှာ ထိုးထွင်းသိမြင်သော စွမ်းရည် သတ္တိရှိသည်။ ဥပမာ-တကာကြီး မှောင်ထဲမှာမီးထွန်းလိုက်ပါ။ အမှောင်ပျောက်ပြီး အလင်းရောက်ပါသည်။ သို့ဖြစ်၍ မီးသည် အလင်းပေးသည်၊ အမှောင်ပျောက်သည်၊ ရှိနေသော ပစ္စည်း ကို မြင်အောင်ပြသည်။ ထို့အတူပင် ဉာဏ်၏ လက္ခဏာသည် အဝိဇ္ဇာမှောင်ကို ဖျောက်ပေးသည်၊ ပညာတည်းဟူသော အရောင်လင်းလည်း ထွက်သည်၊ ရှိနေသောနိဗ္ဗာန်ကိုလည်း ပြပါသည်။

နိဗ္ဗာန်ကို ဘာကြောင့် မတွေ့မမြင်ကြသနည်း

နိဗ္ဗာန်ကို မတွေ့၊ မမြင်၊ မရောက်ကြခြင်းသည် အဝိဇ္ဇာ အမှောင်ထုကြီး ရှေ့ကခံနေ၍ ဖြစ်သည်။ ပညာအလင်းရောင် မရှိသဖြင့် အမြဲတမ်းရှိ နိဗ္ဗာန်ကို မတွေ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်တွေ့နိုင်ရန် ဉာဏ်ကိုအရေးထားရမည်။ ဉာဏ်ကမှ နိဗ္ဗာန်ကိုမြင်နိုင်ကြောင်း ဟောကြားတော်မူသည်။

နိဗ္ဗာန် ကိုယ်တိုင်ရအောင် လုပ်ထားကြပါ

ဆရာတော်ဘုရားက – ဒို့ တကာတွေ အင်မတန်ကံကောင်းကြလို့ပဲ၊ ဘုရားဟောတော်မူတဲ့စကားတော်တွေ ဆရာကောင်း သမားကောင်းနဲ့ တွေ့ကြရလို့ သိကြရတာ၊ အကြောင်းအကျိုး နားလည်ကြရတာ၊ သာမည မအောက်မေ့ကြနဲ့၊နက်နက်နဲနဲ သိတဲ့ပုဂ္ဂိုလ်က သူသိသလို သိပါစေ ဆိုတဲ့ စေတနာနဲ့ တိုက်တွန်းတဲ့ ကိစ္စ ဖြစ်တယ်၊ ပြောပြတဲ့ပုဂ္ဂိုလ်ကလဲ သူ့ ပါရမီနဲ့သူလာပေလို့ ပြောပြနိုင်တယ်။ လေးလေးစားစား လိုက်နာ အားထုတ်ကြ၊ ကိုယ့်အနိစ္စ မကြုံခင် ကိုယ်မသေခင်မှာသာ ကိုယ့်သာသနာရှိတာပါ၊ အချိန်များများစားစား မရှိတော့ဘူး၊ ထမင်းမစားရချင်နေပါစေ၊ ဒီအလုပ်ကိုဖြင့် အလျင်ပြီးအောင် လုပ်လိုက်ကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းပါတယ်– ဟု ဟောကြားတော်မူပါသည်။

နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ

နိဗ္ဗာန်သည် ဖြစ်ဆဲလဲမဟုတ်၊ ဖြစ်ပြီးလဲမဟုတ်၊ ဖြစ်လတ္တံ့တရားလဲမဟုတ်၊ သူတစ်ပါးက ဖြစ်စေတဲ့ တရားလဲ မဟုတ်၊အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးက လွတ်သည်ဟု အမိန့်ရှိထားရာ မိလိန္ဒမင်းကြီးက – အရှင်ဘုရား နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ၊ တွေ့အောင် ဘယ်လိုရှာရမှာလဲ – ဟု မေးမြန်းသဖြင့် မထေရ်မြတ်က အရှင်မင်းကြီး နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို မနော(စိတ်)နှင့်တွေ့နိုင်သည်၊ နိဗ္ဗာန်တွေ့လိုလျှင် မနောနှင့် ရှုရမည်။ မနောမှာတွေ့နိုင်သည်ဟု ဖြေဆိုတော်မူသည်။

နိဗ္ဗာန်ကို ဘယ်မနော(စိတ်)နှင့် ရှာမလဲ

နိဗ္ဗာန်ကို စင်ကြယ်သောမနော(စိတ်)ဖြင့်ရှာရမည်၊ စင်ကြယ် မနောသည် ကိလေသာမရောသော မနောကို ပြောခြင်းဖြစ်ရာ နိဗ္ဗာန် မြင်လိုလျှင် စင်ကြယ်သောဉာဏ် ကိုယ်ပိုင်ရအောင်လုပ် ရပါမည်။ ကိလေသာနှင့်အဆက်အသွယ်ပြတ်သော မနောသည် မဂ်ဉာဏ်ဖြစ်၍ နိဗ္ဗာန်ကိုအာရုံပြုနိုင်ပါသည်၊ သို့ရာတွင်ဝိပဿနာရှုခြင်းသည် အာသဝနယ်ထဲမှ စိတ်ကို ရှူနေခြင်းသာ ဖြစ်၍ ဝိပဿနာဉာဏ်နှင့်လည်း နိဗ္ဗာန်ကို အာရုံ မပြုနိုင် သေးပါ၊ နိဗ္ဗာန်ကို မမြင်နိုင်သေးပါ။

နိဗ္ဗာန်ရှာလိုလျှင် ကိုယ့်ကိုယ်ကို အဆင့်ဆင့်တက်ခြင်းဖြင့် စင်ကြယ်လာလျှင် ဉာဏ်ထက်လာမည်၊ ကိလေသာဝေးလေလေ ဉာဏ်ထက်လာလေလေ ဖြစ်သဖြင့် ဉာဏ် စင်ကြယ်လာမည်။ စင်ကြယ်ယင် နိဗ္ဗာန်မြင်သည်ဟု မှတ်ရန် ဆရာတော်ဘုရား ဟောကြားပါသည်။

ယမကရဟန်း၏ နိဗ္ဗာန်ဖြေကြားပုံ

ယမက သောတာပန်တည်သွားသောအခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်က – ရှင်ယမက ရဟန္တာသေယင်ဘယ်သွားသလဲဟု မေးမြန်းရာ ယမကရဟန်းက ဖြေကြားသည်မှာ-

အရှင်ဘုရား၊ ခန္ဓာငါးပါးသည် အနိစ္စတရား၊ အနိစ္စတရားသည် ဒုက္ခတရား ဖြစ်ပါသည်။ အဲဒီ ဒုက္ခတရားတွေ ကုန်ဆုံးသွားသည် – ဟု ဖြေကြားသွားပါသည်။

နိဗ္ဗာန်သည် ဒုက္ခသိမ်းသွားခြင်း ဖြစ်သည်၊ ငြိမ်းအေးခြင်း သဘော ရောက်သွားသည်။ နိဗ္ဗာန်သည် ဒုက္ခတွေကုန်ဆုံးသည့်နေရာ၊ သုခသက်သက်နှင့်နေခြင်းဖြစ်သည်ဟု ဟောကြားတော် မူပါသည်။


မိုးကုတ်ဝိပဿာလုပ်ငန်းစဉ်နှင့် ပြန့်ပွားရေး အဖွဲ့ချုပ်
အမှတ်- ဂ၂၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့။
[ ၁၅-၇-၁၉၉၅ ]


နိဗ္ဗာန

နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည်။ ငြိမ်းအေးသည် ဟု ဆိုလိုသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။)

တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ + ဝါန = နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည်။ နိ – မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်းဝါန – တဏှာ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။

နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။

အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။

နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥ​​​ပေက္ခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖက် ဖြစ်သည်။

နိဗ္ဗာန် နှစ်မျိုး

ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။

  1. သဥပါဒိသေသ နိဗ္ဗာန်
  2. အနုပါဒိသေသ နိဗ္ဗာန် တို့ဖြစ်သည်။

သဥပါဒိသေသ နိဗ္ဗာန်

မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော မဂ်ဖိုလ်ချမ်းသာကို သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။

• ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပတ္တိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။

အကျဉ်းအားဖြင့် သံသရာ၌ အဆုံးမရှိကျင်လည်ရခြင်းကိုဖြစ်စေသော တဏှာ၊ ကိလေသာ စသည်တို့ ကုန်ခမ်းသွားခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ဆိုနိုင်သည်။

အနုပါဒသေသ နိဗ္ဗာန်

သေပြီးနောက် ဘဝမကူးတော့ပဲ ရအပ်သောမဂ်ဖိုလ်ချမ်းသာကို အနုပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။

• စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ဝင်စား၍ နေနိုင်၏။ သေလေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘဝတစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။

နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

  1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
  2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ နိဗ္ဗာန်။ (ပိပါသဝိနယော)
  3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
  4. ဝဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (ဝဋ္ဋုပစ္ဆေဒေါ)
  5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
  6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (ဝိရာဂေါ)
  7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိရောဓော)
  8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
  9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
  10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
  11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
  12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
  13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
  14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
  15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
  16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
  17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
  18. ဘေးမရှိသော နှောင့်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
  19. ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
  20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
  21. ဩဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
  22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ)
  23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ)
  24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
  25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
  26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
  27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
  28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
  29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။ (လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။)

ဆင်တူဝေါဟာရနှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ –

ကံ၊စိတ်၊ဥတု၊အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘဝ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည်။ သဠာယတန – သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။

ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည်။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည်။ အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။

နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏ ၊ ဆင်ခြင်အောက်မေ့ရာ၏ ၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏ ၊ ဉာဏ်ထက်မြက်၏ ၊ စိတ်အေးချမ်းတည်ကြည်၏ ၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ ​​​လောကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။

မိလိန္ဒမင်းနှင့် အရှင်နာဂသိန်တို့၏ နိဗ္ဗာန်ဆိုင်ရာ အမေးအဖြေ

  • ထေရ် – မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
  • မင်း – ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။
  • ထေရ် – မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏။ မနောဝိဉာဉ်ဖြင့် သိအပ်၏။ စင်ကြယ်မြင့်မြတ်သော ၊ အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊ မြင်နိုင်သည်။
  • မင်း – အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း။
  • ထေရ် – မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော။
  • မင်း – ရှိပါသည် ၊ အရှင်။
  • ထေရ် – လေသည် အဆင်း ၊ ပုံသဏ္ဌာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း။
  • မင်း – လေကို ညွှန်ပြ ၊ ဖော်ပြရန် မဖြစ်နိုင်ပါ။
  • ထေရ် – သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။
  • မင်း – လေသည် ရှိပါ၏။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည်။ နှာသီးဝ၌ တိုးနေပါသည်။ ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။
  • ထေရ် – မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၎င်း ၊ ပုံသဏ္ဌာန် အားဖြင့် ၎င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
  • မင်း – လက်ခံပါပြီ ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။
  • ထေရ် – မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
  • မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။
  • ထေရ် – မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။

ဥပမာ – မီးသည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ဝါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။

စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဖုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏။

မင်း – လက်ခံပါပြီ ဘုရား ။ ။

ဟူ၍ဖြစ်လေသည်။

Reference

၇-နိဗ္ဗာနဓာတုသုတ် (ဣတိဝုတ်ပါဠိတော်)

၄၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ခန္ဓာငါးပါးအကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်တို့တည်း။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?

ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ) ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင် တည်း။ ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့်) မချုပ်ကုန်သောကြောင့် ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံကို ခံစား၏။ ချမ်းသာဆင်းရဲကို ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ ဤရာဂဒေါသမောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?

ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ဖြစ်၏။ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု ‘ဝေဒနာ’အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ငြိမ်းအေးကုန်လတ္တံ့။ ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို –

”တဏှာဒိဋ္ဌိအစွမ်းဖြင့် တစ်စုံတစ်ခုသောတရားကို မမှီသောတာဒိဂုဏ်ရှင် ဖြစ် တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။မှန်၏-တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက်အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါးကြွင်းကျန်၏။ ဘဝတဏှာကုန်ခန်း၏။ ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသောအခါ၌ ဖြစ်၏။ ယင်းနိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့်ဘဝတို့သည် ချုပ်ကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သော စိတ်ရှိကုန်၏။ ဘဝတဏှာကုန်ခန်းကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ တာဒိဂုဏ်ရှင် ထိုဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏”ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

Reference

Also See

ပုဂ္ဂိုလ် (၄)မျိုး

ဥဂ္ဃဋိတညူသုတ်

၁၃၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အကျဉ်းပြကာမျှဖြင့် (တရားကို) သိသော (ဥဂ္ဃဋိတညူ) ပုဂ္ဂိုလ်၊ အကျယ်ပြမှ (တရားကို) သိသော (ဝိပဉ္စိတညူ) ပုဂ္ဂိုလ်၊ (ဥဒ္ဒေသစသည်ကို) ဆောင်၍ ပြမှ (တရားကို) သိသော (နေယျ) ပုဂ္ဂိုလ်၊ ပုဒ်မျှသာ အတိုင်းအရှည်ရှိသော (တရားနာယူရုံမျှသာ ဖြစ်၍ ဤဘဝ ဈာန် မဂ် ဖိုလ်ကို မရထိုက်သော ပဒပရမ) ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

Reference

ပုဂ္ဂိုလ် (၄)မျိုး

ခပ်သိမ်းသောဘုရားရှင်တို့၏ သာသနာတောမြတ်၌ ကြုံကြိုက်ကြကုန်သော သတ္တဝါအပေါင်းတို့သည် လေးမျိုးရှိ၏။ ဤသို့ လေးမျိုးရှိကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော် ပုဂ္ဂလဝဂ်၌ မြတ်စွာဘုရားသည် ဟောကြားတော်မူခဲ့သည်။ ၎င်းလေးမျိုးတို့မှာ –


၁။ ဥဂ္ဃဋိတညူပုဂ္ဂိုလ်မျိုး

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး

၃။ နေယျပုဂ္ဂိုလ်မျိုး

၄။ ပဒပရမပုဂ္ဂိုလ်မျိုး တို့ ဖြစ်ကြသည်။[၁]

၁။ ဥဂ္ဃဋိတညူပုဂ္ဂိုလ်မျိုး

ဥဂ္ဃဋိတညူပုဂ္ဂိုလ်မျိုးဆိုသည်မှာ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားနှင့် ကိုယ်တိုင်တွေ့ကြုံရ၍ တစ်ခုသော တရားဓမ္မကို ဟောတော်မူရာ အကျဉ်းသင်္ခေပဥဒ္ဒေသစကား၏ အဆုံး၌ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဥဂ္ဃဋိတညူပုဂ္ဂိုလ်မျိုး မည်၏။[၁]

၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး

ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး ဆိုသည်မှာ အကျဉ်းသင်္ခေပ ဥဒ္ဒေသမျှနှင့် မဂ်, ဖိုလ်ကို မရနိုင်သေး။ ထိုအကျဉ်းသင်္ခေပဥဒ္ဒေသကို အကျယ်ဝိတ္ထာရအားဖြင့် ဖွင့်ပြဝေဖန်၍ ဟောတော်မူမှသာ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် ဝိပဉ္စိတညူပုဂ္ဂိုလ်မျိုး မည်၏။[၁]

၃။ နေယျပုဂ္ဂိုလ်မျိုး

နေယျပုဂ္ဂိုလ်မျိုး ဆိုသည်မှာ ဥဒ္ဒေသ, နိဒ္ဒေသအကျဉ်း, အကျယ်အားဖြင့် ဟောတော်မူသော်လည်း ဒေသနာအဆုံး၌ မဂ်, ဖိုလ်ကို မရနိုင်မူ၍ ထိုဒေသနာကို ကြားနာဆောင်ရွက် လေ့ကျက်မှတ်သား၍ ထားပြီးလျှင် ထိုဒေသနာ လာရှိတိုင်းသော တရားကို များစွာသော နေ့, ရက်, လ, နှစ်တို့ဖြင့် ကျင့်ကြံပွားများအားထုတ်မှသာ မဂ်, ဖိုလ်ကို ရနိုင်သော ပုဂ္ဂိုလ်မျိုးသည် နေယျပုဂ္ဂိုလ်မျိုး မည်၏။

ဤနေယျပုဂ္ဂိုလ်မျိုးသည်လည်း မိမိသန္တာန်၌ ပါရှိသော ပါရမီအနုအရင့် အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း, ကိလေသာ အထက်အနုံ့ အဆင့်ဆင့်သို့ လိုက်၍လည်းကောင်း ကျင့်ကြံအားထုတ်ရသော ကာလအတိုအရှည်အားဖြင့် အများရှိကြ၏။ ခုနစ်ရက်ကျင့်ရသော ပုဂ္ဂိုလ်မှစ၍ အနှစ်သုံးဆယ်ကျင့်ရသော ပုဂ္ဂိုလ်မျိုး, အနှစ်ခြောက်ဆယ်ကျင့်ရသော ပုဂ္ဂိုလ်မျိုးတို့ကို ဆိုသည်။ ထိုတွင် ခုနစ်ရက် ကျင့်မှရမည့် ပုဂ္ဂိုလ်သည် ခုနစ်ရက်ကို ပထမအရွယ်, ဒုတိယအရွယ်တို့၌ ကျင့်မည်ဖြစ်အံ့ ရဟန္တာတိုင်အောင် ဖြစ်နိုင်၏။ တတိယအရွယ်မှာ ကျင့်ခဲ့လျှင် အောက်မဂ်, အောက်ဖိုလ်မျှကိုသာ ရောက်နိုင်၏။ ခုနစ်ရက်ကျင့်မှု ဆိုသည်မှာ အင်အားရှိသလောက် အစွမ်းကုန်ကျင့်မှုကို ဆိုလိုသည်၊ ဝီရိယ ယုတ်လျော့နေပြန်လျှင် ယုတ်လျော့မှုအားလျော်စွာ ခုနစ်လ, ခုနစ်နှစ် စသည် ရှည်လျားသွားပြန်၏။

ယခုဘဝ၌ မဂ်, ဖိုလ်ကို ရလောက်အောင် ဝီရိယထုတ်မှု မရှိပြန်လျှင် ဝီရိယလိုသည့်အတွက် ဤသာသနမှ မကျွတ်ရပြီ၊ နောက်နောက် ဘုရားသာသနာမှာလည်း သာသနာနှင့် ကြုံရမှ ကျွတ်နိုင်သည်။ မတွေ့ကြုံပြန်လျှင် မကျွတ်နိုင်၊ နိယတဗျာဒိတ်ရရှိသော ပုဂ္ဂိုလ်မျိုးမှသာလျှင် ကျွတ်လွတ်မှု မလွဲနိုင်ရှိသည်။ နိယတဗျာဒိတ်ရှိသော ပုဂ္ဂိုလ်မျိုး မဟုတ်ခဲ့လျှင် ပါရမီရှိသော်လည်း ဘုရားသာသနာနှင် တွေ့ကြုံမှုလည်း စိတ်မချရ၊ ကျွတ်လွတ်မှုလည်း စိတ်မချရပေ။

ဤကား ယခုဘုရားသာသနာ၌ပင်လျှင် ခုနစ်ရက်ကျင့်မှ မဂ်, ဖိုလ်ကို ရမည့် အနိယတနေယျပုဂ္ဂိုလ်တို့၏ အထွေအပြားကို ပြဆိုသော အချက်ဖြစ်သည်။ ယခုဘဝ၌ လခွဲပက္ခ ကျင့်နိုင်မှရမည့် ပုဂ္ဂိုလ်စသည်တို့ကိုလည်း ဤနည်းတူ ဝေဖန်၍ သိလေ။[၁]

၄။ ပဒပရမပုဂ္ဂိုလ်မျိုး

ပဒပရမပုဂ္ဂိုလ်မျိုး ဆိုသည်မှာ ဘုရားသာသနာနှင့် တွေ့ကြုံ၍ ပရိယတ်, ပဋိပတ်တရားကို ဘယ်လိုပင် အားထုတ်သော်လည်း ယခုဘဝ မဂ်, ဖိုလ်ကို မရထိုက်မူ၍ ဝါသနာဘာဂီ ပါရမီမျှကိုသာ ရထိုက်သော ပုဂ္ဂိုလ်သည် ပဒပရမပုဂ္ဂိုလ်မည်၏။ ထိုပုဂ္ဂိုလ်သည် ယခုဘဝ၌မူကား မကျွတ်နိုင်။ သမထအလုပ်, ဝိပဿနာအလုပ် လက်ရှိနှင့် သေလွန်၍ လူ့ဘဝ, နတ်ဘဝ၌ ဖြစ်သည်ရှိသော် နောက်ဘဝ၌ ဤဘုရားသာသနာမှာပင် အကျွတ်ရနိုင်၏။[၁]

သူနာသုံးမျိုး ဥပမာ

ထိုပါဠိတော်၌ပင်လျှင် မြတ်စွာဘုရားသည် သူနာသုံးယောက်ကို ဥပမာပြု၍ ပုဂ္ဂိုလ်သုံးယောက်ကို ဟောတော်မူပြန်၏။ ထိုသူနာသုံးယောက်တို့မှာ –

၁။ ဆေးဝါးကို မမှီဝဲသော်လည်း အချိန်ကျလျှင် ဧကန်ပျောက်ငြိမ်းမည့် သူနာတစ်မျိုး။

၂။ ဘယ်လိုပင် ဆေးဝါးကို မှီဝဲသော်ငြားလည်း ဤအနာမှ မထမြောက်မူ၍ ဧကန်သေမည့် သူနာတစ်မျိုး။

၃။ မသင့်သော အရာကို ရှောင်ကြဉ်၍ ဓာတ်စာဆေးဝါးကို နိုင်လောက်အောင် မှီဝဲပါမူကား ဤအနာမှ ထမြောက်လတ္တံ့။ မသင့်သော အရာကို မရှောင်ကြဉ်ခဲ့သော်လည်းကောင်း, ဆေးဝါးကို နိုင်လောက်အောင် မမှီဝဲခဲ့သော်လည်းကောင်း ဤအနာနှင့် သေလတ္တံ့သော သူနာတစ်မျိုး။[၁]

ပထမသူနှင့် တူသူ

ရှေးရှေးဘုရားတို့အထံက နိယတဗျာဒိတ်ရရှိပြီးဖြစ်၍ ယခုဘဝတွင် ဧကန်အကျွတ်အလွတ်ရလတ္တံ့သောသူသည် ပထမသူနာနှင့် တူ၏။[၁]

ဒုတိယသူနာနှင့် တူသူ

ပဒပရမပုဂ္ဂိုလ်မျိုးသည် ဒုတိယသူနာနှင့် တူ၏။ ဒုတိယသူနာသည် ဤအနာမှ ထစစ်မရှိသကဲ့သို့ ပဒပရမပုဂ္ဂိုလ်သည် ဘယ်လိုပင်အားထုတ်သော်လည်း ဤဘဝ၌ ကျွတ်ခွင့်မရှိ၊ နောက်နောက်ဘဝ၌ မူကား ဤဘုရားသာသနာမှာသော်လည်း ကျွတ်နိုင်၏။ နောက်နောက် ဘုရားသာသနာတော်တို့မှာလည်း ကျွတ်နိုင်၏။[၁]

ဆတ္တမာဏဝလုလင်ဝတ္ထု၊ ဖားနတ်သားဝတ္ထု၊ သစ္စကပရိဗိုဇ်တို့သည် နောက်ဘဝ၌ ဤဘုရားသာသနာမှာပင် ကျွတ်ကြကုန်၏။[၁]

တတိယသူနာနှင့် တူသူ

နေယျပုဂ္ဂိုလ်မျိုးသည် တတိယသူနာနှင့် တူ၏။ တတိယသူနာသည် အနာပျောက်ခွင့်, ဤအနာနှင့်ပင် သေဆုံးခွင့်, နှစ်လမ်းနှင့် ဆက်ဆံသကဲ့သို့ နေယျပုဂ္ဂိုလ်သည်လည်း ယခုဘဝ၌ ကျွတ်ခွင့်, မကျွတ်ခွင့် နှစ်ဖက်နှင့် ဆက်ဆံ၏။ မိမိအရွယ်ဝုဍ္ဎိကိုသိ၍ စွန့်ပယ်သင့်သောအရာကို စွန့်ပယ်၍ ဆရာဥပနိဿယကို ရှာကြံတွယ်တာ၍ နေရာတကျတရားကို ရရှိ၍ ဝီရိယတရားကို လုံလောက်စွာ အားထုတ်စေမူကား ယခုဘဝ၌ ကျွတ်နိုင်၏။

အလွန်မှောက်မှားသော တရားကို လိုက်စားကျွံလွန်ပြီး ဖြစ်ခဲ့သော်လည်းကောင်း, ကာမဂုဏ်တရားကို မစွန့်နိုင်ရှိခဲ့သော်လည်းကောင်း, စွန့်နိုင်ပါသော်လည်း ဆရာဥပနိဿယကောင်းကို အမှီမရခဲ့သည်ရှိသော်လည်းကောင်း, ဆရာဥပနိဿယကောင်းကို တွေ့ရှိပါသော်လည်း ဝီရိယတရားကို လုံလောက်စွာ အားထုတ်မှု မရှိခဲ့သော်လည်းကောင်း, အားထုတ်လိုပါသော်လည်း အရွယ်ကြီးရင့်၍ စိတ်ရှိတိုင်း မလုပ်နိုင်ခဲ့သော်လည်းကောင်း, ပျိုရွယ်သူဖြစ်ပါသော်လည်း ဂိလာနပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်းကောင်း ယခုဘဝ၌ မကျွတ်နိုင်ပြီ။ အဇာတသတ်မင်းမဟာဓနသူဌေးသား, ရဟန်း သျှင်သုဒိန်တို့သည် ယခုဘဝ၌ ကျွတ်ထိုက်သော သူတို့ပင် ဖြစ်သည်။ အဇာတသတ်မင်းသည် အဖကို သတ်မိ၍ ယခုဘဝ၌ မကျွတ်နိုင်၊ နောင်သံသရာ၌ ကမ္ဘာနှစ်အသင်္ချေတိုင်အောင် မျောလေ၍ ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ဟူ၏။

ဤသို့ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိကသားပင် ဖြစ်ငြားသော်လည်း နိယတဗျာဒိတ် ရရှိပြီးသော သူမဟုတ်ချေက ဘုရားသာသနာနှင့် တွေ့လျက်ပင် ကိုယ်တွင်းကိလေသာ သောင်းကျန်းမှုကျွံလွန်သည့်အတွက် ယခုဘဝ အကျွတ်မရလေ။ ယခုဘဝ ပြုသော မကောင်းမှုကံစုအတွက် အပါယ်၌ ဘဝရှည်လျား၍ နေပြန်လျှင် မေတ္တယျဘုရားရှင့်သာသနာ၌လည်း ပေါ်လာဦးမည် မဟုတ်။ နောက်၌လည်း သုညကမ္ဘာတွေသာ များစွာရှိတော့သည်။ အနီးအပါး၌ ဘုရားပွင့်သော ကမ္ဘာမရှိပြီ။ ရင့်ပြီးသော ပါရမီရှိသော ပစ္ဆိမဘဝိကဖြစ်သူ ထိုသူဌေးသားသည် ကျွတ်ခွင့်လွတ်လမ်း ကွာလှမ်းလျက်ရှိ၏။[၁]

ကိုးကား

[၁] ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ပြုစုစီရင်တော်မူသော ဗောဓိပက္ခိယဒီပနီ။ လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့။

Reference

နာမ် အကြောင်း

နာမ(နာမ်) ကဏ္ဍ

နာမ်ဟူသည် အနက် တရားကိုယ်ဒြပ်ကို သိတတ်သော သဘောတည်း။
ထို့ကြောင့်…..
“အတ္ထေ နမတီတိ နာမံ” ……. ဟု ဝစနပြု။
အတ္ထေ၊ အနက်ကို။ နမတိ၊ ကိုင်းတတ်, ရှိုင်းတတ်, ညွတ်တတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်။ နာမံ၊ နာမ်မည်၏။

နာမ်တေပညာသ

စိတ်တရား စေတသိက်တရား ထိုနှစ်ပါးကို နာမ်တရား ဟုခေါ်၏။

စိတ်တရားသည် တရားကိုယ်အားဖြင့် တစ်ခုယုတ်, ကိုးဆယ် (တစ်နည်း) ရှစ်ဆယ့်ကိုးပါး၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်ပါး ရှိ၏။ စေတသိက်တရားသည် တရားကိုယ်အားဖြင့် ငါးဆယ့်နှစ်ပါးရှိ၏။

စိတ်အကျဉ်း(၈၉)၊ အကျယ်(၁၂၁)ပါးကို တစ်ပေါင်းတည်းစု တစ်ခုပြုလျက် စိတ်တခုဟု သတ်မှတ်အပ်၏။ “အာရမ္မဏံစိန္တေတီတိ စိတ္တံ..”။ အရမ္မဏံ၊ အာရုံအရပ်ရပ်ကို ကြံတတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်၊ စိတ္တံ၊ စိတ်မည်၏။ ဤဝစနတ္ထအရ စိတ်တရားမှန်က အာရုံကို ကြံတတ် သိတတ်သော အာရမဏဝိဇာနနလက္ခဏာချည်း ဖြစ်သောကြောင့် စိတ်တရားအားလုံး ပေါင်းရုံးလျက် စိတ်တခုဟု ယူခြင်းဖြစ်၏။

စေတသိက်တရား(၅၂)ပါး တို့မှာ တစ်ပါးနှင့် တစ်ပါး သဘောခြင်းမတူသည့် စေတသိက်များရှိသည်ကြောင့် စိတ်တရားကဲ့သို့ မပေါင်းစုပဲ (၅၂)ပါး အတိုင်းပင် ထားပါသည်။

စင်စစ် စိတ်တရား စေတသိက်တရားများကို နာမ်ဟုခေါ်ခြင်းကြောင့် စိတ်နာမ် (၁)ပါးနှင့် စေတသိက်နာမ်(၅၂)ပါးကို ပေါင်းပြီး နာမ်တရား (၅၃)ပါးဟု ဆိုရ၏။ ပါဠိဘာသာအားဖြင့် “နာမ်တေပညာသ”ဟု သုံးနှုန်းခေါ်ဆိုကြ၏။ အဓိပ္ပါယ်မှာ –
နာမ်က, နာမ်တရား
တေက, သုံး
ပညာသ က, ငါး = ၎င်းကို ပိဋကတ် သင်္ချာနည်းအရ နာမ်တရား(၅၃)ပါးဟု သုံးနှုန်းခေါ်ဆိုခြင်းဖြစ်ပါသည်။

စိတ်နာမ် + စေတသိက်နာမ်

စိတ်, စေတသိက်တရား နှစ်ပါးစလုံးကို နာမ်တရားဟု ဆိုရငြားလည်း စေတသိက်တရားသည် စိတ်တရားအားသာလျှင် မှီဖြစ်ရ၏။ စိတ်ဖြစ်မှ စေတသိက်ဖြစ်ခွင့်ရှိ၏။ စိတ်မဖြစ်ပဲလျက် စေတသိက်မဖြစ်နိုင်။ စိတ်နှင့် စေတသိက်သည် ဥပမာအားဖြင့် လူနှင့်အရိပ်ကဲ့သို့ဖြစ်၏။

အရိပ်ထင်စေနိုင်သော အလင်းရောင်တွင် လူရှိသည်ဖြစ်က အရိပ်လည်းရှိပြီးဖြစ်၏။ လူနှင့် အရိပ်၊ မည်သည်ကရှေ့၊ မည်သည်ကနောက်ဟု ပြောမဖြစ်၊ တပြိုင်နက်တည်း ပေါ်ရ၏။ သို့ရာတွင် လူရှိမှသာ အရိပ်ပေါ်နိုင်၏။ မရှိက မပေါ်နိုင်။ ထို့ကြောင့် လူနှင့် အရိပ်တွင် လူပြဋ္ဌာန်း၏။ ပဓာနကျ၏။

ဤ ဥပမာအရ –
လူသည် စိတ်နှင့် တူ၏၊
အရိပ်သည် စေတသိက်နှင့်တူ၏၊
လူနှင့် အရိပ်တွင် လူပြဋ္ဌာန်းသကဲ့သို့ လူပဓာနနကျသကဲ့သို့
စိတ်နှင့် စေတသိက်တွင် စိတ်ပြဋ္ဌာန်း၏။ စိတ်ပဓာနကျ၏။
လူနှင့် အရိပ်သည် မကင်းကောင်းသကဲ့သို့၊
စိတ်နှင့် စေတသိက်လည်း ကင်း၍ မဖြစ်ကောင်းပါ။

ထို့ကြောင့် စေတသိက် လက္ခဏာ(၄)ချက်ကို ဖွင့်ဆိုရာ၌ ……….။

စေတသိက်တရားသည်
၁။ ဧကုပ္ပါဒ = စိတ်နှင့်အတူ ဖြစ်၏။
၂။ ဧကနိရောဓ = စိတ်နှင့်အတူ ချုပ်၏။
၃။ ဧကာလမ္ဗန = စိတ်နှင့် အာရုံပြုအတူ (စိတ်အာရုံပြုသည်ကိုပင် စေတသိက်က အာရုံပြု၏)
၄။ ဧကဝတ္ထုက = စိတ်နှင့်မှီရာအတူ (စိတ်မှီရာဝတ္ထုရုပ်၌ပင် စေတသိက်ကမှီ၏ဟု ဆိုလိုသည်)

ဤစေတသိက်လက္ခဏာ(၄)ချက်အရ စိတ်နှင့်စေတသိက်သည် အမြဲယှဉ်၏ဟု သိပါ။

ထို့ကြောင့် ….
“စေတသိ နိယုတ္တံ စေတသိကံ”ဟု ဟောတော်မူ၏။ စေတသိ၊ စိတ်နှင့်။ နိယုတ္တံ၊ ယှဉ်သည်တည်း။ စေတသိကံ စိတ်နှင့်ယှဉ်သည်တည်း။ ဤသို့ ဟောပြအပ်သော ဒေသနာအရ စေတသိက်သည် ၎င်း၏ ဗျူပွတ်အရ စိတ်နှင့် အမြဲယှဉ်သော တရားဖြစ်ကြောင်း ထင်ရှားပြီ။

စိတ်တရား၏ မူလသဘာဝသည် လွန်စွာ သန့်ရှင်းအပြစ်ကင်း၏။ အာရုံကို သိတတ်ကြံတတ်ကာမျှ မတ္တသာရှိ၏။ စေတသိက်တရားနှင့် ပူးမိ, တွဲမိသည်ကြောင့်သာ၊ စိတ်ကောင်းသည်၊ စိတ်မကောင်းဘူး စသည်တို့ ဖြစ်ရ၏။ ဥပမာ၊ ရေကြည်ရေသန့်ထည့်ထားသော ဖန်ခွက်ကို ကြည့်လျှင် ဖန်ပြင်ဖန်သားအတိုင်း အလွန်ကြည်လင်၏။ ထိုဖန်ခွက်၌ အနီ, အပြာ, အဝါ စသော ဆေးမှုန့်များထည့်လျှင် ဖန်ခွက်အတွင်းရှိ ရေသည် အနီ, အပြာ, အဝါ စသည့်အရောင်များသို့ ပြောင်းလွဲသွားသကဲ့သို့ ဖြစ်၏။

ဤအတူသာလျှင် သတ္တဝါတို့ သန္တာန်တွင် ဖြစ်နေသော စိတ်သည် ပင်ကိုယ်မူလသဘာဝအရ ကြည်လင်သန့်ရှင်းသော်လည်း ဆေးနီရောင်စသည်တို့နှင့် တစ်မူတူသော စေတသိက်များနှင့် ပူးမိတွဲမိသည်ကြောင့် စိတ်ဆိုးသည်, စိတ်ကောင်းသည်, စိတ်တိုသည်, စိတ်ရှည်သည် ဟူ၍ ဖြစ်လာရပါသည်။

နိဒဿန တစ်ခုအနေအားဖြင့် ပြဆိုရသော်……..။ ရူပါရုံကို မြင်လျှင် သိမှုဖြစ်၏။ ထိုသိမှုကား စိတ်တရားတည်း၊ အဘယ်စိတ်နည်း၊ မြင်စိတ်ဖြစ်ပါသည်၊ မြင်စိတ်သည် မြင်ကာမျှ မတ္တသာ၊ မြင်ရုံမှ တစ်ပါး အခြားမည်သည်ကိုမျှ မပြုတတ်၊ မလုပ်တတ်ပါ။ သို့သော် မြင်ကာမျှ၊ မတ္တတွင် ရပ်တန့်နိုင်သည်မဟုတ်မူ၍ ထိုမြင်စိတ်ကို အကြောင်းပြုလျက် မြင်သည့်အာရုံအလိုက် ကြိုက်၊ မကြိုက် စသော စိတ်များဖြစ်လာရ၏။ ဤသည်မှာ စေတသိက်တရား၏ သတ္တိဖြစ်၏။

မြင်သောအာရုံ၌ နှစ်သက်လျှင် လောဘစိတ်။ မူလက အပြစ်ကင်းသောစိတ်သည် လောဘစေတသိက်နှင့် တွဲမိသည်ကြောင့် လောဘစိတ်ဖြစ်ရ၏။

မြင်သောအာရုံ၌ မနှစ်သက်လျှင် ဒေါသစိတ်ဖြစ်၏။ မူလက အပြစ်ကင်းသော စိတ်သည် ဒေါသစေတသိက်နှင့်တွဲမိသည်ကြောင့် ဒေါသစိတ်ဖြစ်ရ၏။

မြင်သောအာရုံ၌ နှစ်သက်သည်လည်းမဟုတ်၊ မနှစ်သက်သည်လည်းမဟုတ်သော မောဟစေတသိက်နှင့် တွဲမိသည့်အခါ မောဟစိတ်ဖြစ်ရ၏။ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်တို့ကား အကုသိုလ် အရာတည်း။

ကုသိုလ်အရာ၌ ဘုရား, ကျောင်း, ကန်, ရဟန်းသံဃာ စေတီပုထိုး အမျိုးမျိုးသော အတိဣဋ္ဌာရုံများကို တွေ့ကြုံ၍ ကြည်ညိုခြင်းသည် သဒ္ဓါစေတသိက်ဖြစ်၏။ စိတ်သည် ထိုသဒ္ဓါစေတသိက်နှင့်တွဲမိသဖြင့် သဒ္ဓါစိတ်ဖြစ်ရ၏။ သဒ္ဓါစိတ်ကား ကုသိုလ်စိတ်တည်း။

ထို့ကြောင့် အာရုံကို သိကာမျှ သဘောသာရှိသော စိတ်တရားသည် စေတသိက်တရားတို့နှင့် တွဲမိပေါင်းမိသဖြင့်သာ ကောင်း၊ မကောင်း (တစ်နည်း) ကုသိုလ်၊ အကုသိုလ် တရားများ ဖြစ်ပွားရ၏။

ထိုသိမှုခေါ်စိတ်တရားကို ဝိညာဏဓါတ်ဟုခေါ်၏။ ၎င်းသည် (၆)ဒွါရ(တံခါး)တို့မှ တစ်မျိုး မဟုတ် တစ်မျိုး လှည့်၍ သိနေ၏။ သိမှု စိတ်တရားသည် ဝတ္ထုရုပ်များ အားသာလျှင် မှီ၍ဖြစ်၏။ မှီစရာ ဝတ္ထုရုပ်မရှိသော် ဖြစ်ခွင့်မရှိ။

ဝိညာဏဓာတ် (၆)ရပ်နှင့် မှီရာဝတ္ထုရုပ် (၆)ခု

သိမှု ခေါ် စိတ်တရားသည် (တစ်နည်း) နာမ်တရားသည် ဟဒယ ဝတ္ထုရုပ်အားမှီ၍ ဖြစ်ရ၏။

ဟဒယဝတ္ထုရုပ်ကား……..
ခန္ဓာကိုယ်၏ အတွင်းရင်ညွှန့်တည့်တည့်တွင် နှလုံးသား နှလုံးအိမ်သည် ရှိ၏။ ပုံစံပမာဏနှင့် အနေအထားမှာ ပဒုမ္မာကြာဖူးကို စောက်ထိုးဆွဲထားသကဲ့သို့ဖြစ်၏။ အတွင်း၌ အခေါင်းဖြစ်၏။ ထိုအတွင်း၌ သပွတ်အိမ်ပမာ အမွှေးကလေးများ ယှက်သန်းလျက် တစ်လက်ဆွန်းမျှ ပမာဏရှိသော နှလုံးသွေးတည်ရှိ၏။ ထိုသွေး၏ မျက်နှာပြင်၌ ပျံ့နှံ့လျက်တည်သောရုပ်ကို ဟဒယဝတ္ထုရုပ်ခေါ်၏။ ထိုဟဒယဝတ္ထုရုပ်၌ မနောအကြည် နာမ်တရားသည် မှီတည်နေ၏။
နှလုံးသွေးအရောင်သည် သတ္တဝါတို့၏ စရိုက်အားလျော်စွာ အရောင်အမျိုးမျိုးရှိသည်။

စရိုက် (၆)မျိုးနှင့် နှလုံးသွေးအရောင်

၁။ ရာဂစရိုက်ရှိသူ၏ နှလုံးသွေးသည် နီသော အဆင်းရှိ၏။
၂။ ဒေါသစရိုက်ရှိသူ၏ နှလုံးသွေးသည်  မဲနက်သော အဆင်းရှိ၏။
၃။ မောဟစရိုက်ရှိသူ၏ နှလုံးသွေးသည်  သားဆေးရေ အဆင်းရှိ၏။
၎။ ၀ိတက်စရိုက်ရှိသူ၏ နှလုံးသွေးသည် ပဲပြုတ်ရေ အဆင်းရှိ၏။
၅။ သဒ္ဓါစရိုက်ရှိသူ၏ နှလုံးသွေးသည် မဟာလှေကားပန်း အဆင်းရှိ၏။
၆။ ပညာစရိုက်ရှိသူ၏ နှလုံးသွေးသည် ကြည်လင်တောက်ပသော အဆင်းရှိ၏။

ကြာဖူးသဏ္ဍာန်နှလုံးသား အောက်ဘက် အဖျားချွန်အမြွှာကလေးမှ နှလုံးသွေးသည် သည်းချေအိမ်ပေါ်သို့ တစက်ချင်း မှန်မှန်ကျနေ၏။ ထို့ကြောင့် သည်းချေသည် အမြဲစွတ်စိုနေ၏။ သည်းချေစွတ်စိုသည်နှင့်အမျှ ပညာ,သတိအားကောင်း၏။

နှလုံးသွေး တစ်မြွှာကျသူထက် နှစ်မြွှာကျသူက အသိပညာဉာဏ် ထက်သန်အားကောင်း၏။ အဘယ်ကြောင့်ဆိုသော် နှလုံးသွေး နှစ်မြွှာကျသူ၏ သည်းချေသည် အမြဲစိုစွတ် အားကောင်းသောကြောင့်ဖြစ်၏။

နှလုံးတစ်မြွာကျသူ၌ ပုံမှန်တစ်စက်ချင်း ကျနေရာမှ ရုတ်တရက်မကျပဲ ပြတ်ရပ်သွားသည်ဖြစ်ပါမူ သည်းချေခြောက်ခန်း၍ သတိကင်းလွတ် ရူးသွပ်တတ်သည်ဟု ဆို၏။ (ဤကား ဟဒယ၀တ္ထုရုပ် မှီရာ နှလုံးအိမ် နှလုံးသွေးနှင့် ဆက်စပ်ထည့်သွင်းပြခြင်းမျှသာ ဖြစ်၏။)

အထူးသိစေလိုသည်မှာ မနောဝိညာဏ်ခေါ် သိမှု စိတ်တရားသည် ဟဒယ၀တ္ထုအကြည်၌ တည်မှီသည်ကို သိစေလိုခြင်းသာဖြစ်၏။
စက္ခုဝိညာဏ် မြင်စိတ်သည် စက္ခုဝတ္ထုအားမှီ၍ ဖြစ်၏။
သောတ၀ိညာဏ် ကြားစိတ်သည် သောတ၀တ္ထုအားမှီ၍ ဖြစ်၏။
ဃာန၀ိညာဏ် နံစိတ်သည် ဃာန၀တ္ထုအားမှီ၍ ဖြစ်၏။
ဇိဝှာဝိညာဏ် စားစိတ်သည် ဇိဝှာဝတ္ထုအားမှီ၍ ဖြစ်၏။
ကာယ၀ိညာဏ် ထိစိတ်သည် ကာယ၀တ္ထုအားမှီ၍ ဖြစ်၏။

၁။ မျက်စိ၌ မြင်၍သိသော မြင်သိစိတ်။
၂။ နား၌ကြား၍ သိသော ကြားသိစိတ်။
၃။ နှာခေါင်း၌နံ၍ သိသော နံသိစိတ်။
၎။ လျှာ၌စား၍သိသော စားသိစိတ်။
၅။ ကိုယ်၌ထိ၍သိသော ထိသိစိတ်။
၆။ စိတ်၌ကြံစီစဉ်းစား၍သိသော ကြံသိစိတ်။

ထိုသိမှု(၆)ခုကို ၀ိညာဏဓါတ်(၆)ရပ်ဟု ခေါ်၏။ သတ္တ၀ါတို့ သန္တာန်တွင် ဖြစ်သော သိမှု (၆)ပါးသာတည်း။ ထို (၆)ပါးချုပ်သည်ကို လောကသမ္မုတိအားဖြင့် သေသည်ဟု ဆိုကြကုန်၏။ သိမှု (၆)ပါးကိုပင် ပရမတ်အမြင်မရှိကုန်သူ ပုထုဇဉ်တို့က ၀ိညာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်၊ လူ, နတ်,ဗြဟ္မာ စသည်ဖြင့် အထင်မှားကြ၏။

သိမှု(၆)ခုနှင့် သိစရာ(၆)မျိုး

အထက်ဖေါ်ပြပါ သိမှု(၆)ခုသည်လည်း အလိုအလျောက် ဖြစ်သည်မဟုတ်ပဲ သိစရာများဖြင့် တွေ့မှ ဖြစ်ပါသည်။ မှန်ပေ၏။ (၆)ဒွါရ (၆)တံခါးပိတ်၍ အိပ်ပျော်ဆဲအခိုက် မြင်သိစိတ် စသည်တို့ မဖြစ်ပေါ်နိုင်ပါ။ အဘယ်ကြောင့်နည်းဟူမူ မြင်စရာ, ကြားစရာ, နံစရာ, စားစရာ, ထိစရာ, ကြံစရာ အာရုံတရားတို့နှင့် မတွေ့သောကြောင့် ဖြစ်ပါသည်။

၁။    စက္ခုဝိညာဏ်မြင်စိတ်သည် အဆင်းမျိုးစုံ ရူပါရုံနှင့် တွေ့မှ ဖြစ်ပါသည်။
၂။    သောတ၀ိညာဏ် ကြားစိတ်သည် အသံမျိုးစုံ သဒ္ဒါရုံနှင့် တွေ့မှဖြစ်၏။
၃။    ဃာန၀ိညာဏ် နံစိတ်သည် အနံ့မျိုးစုံ ဂန္ဓာရုံနှင့် တွေ့မှဖြစ်၏။
၎။    ဇိဝှာဝိညာဏ် စားစိတ်သည် အရသာမျိုးစုံ ရသာရုံနှင့် တွေ့မှဖြစ်၏။
၅။    ကာယ၀ိညာဏ် ထိစိတ်သည် အတွေ့အထိမျိုးစုံ ဖေါဋ္ဌဗ္ဗာရုံနှင့် တွေ့မှဖြစ်၏။
၆။    မနောဝိညာဏ် ကြံစိတ်သည် ကြံစီစရာမျိုးစုံ ဓမ္မာရုံနှင့် တွေ့မှဖြစ်၏။

ထိုသိမှု(၆)ပါးတွင် ဟဒယ၀တ္ထု၌ မှီ၍ဖြစ်သော အသိဓါတ် နာမ်တရားပြဋ္ဌာန်း၏။ (၆)ဋ္ဌာနစလုံးတွင် အသိဓါတ် နာမ်တရားပါ၏။ ထို့ကြောင့် သိစိတ်ဟူသည်လည်း ဖြစ်ရ၏။

ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ

အတိုအကျဉ်အားဖြင့် ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ ဟုဆိုသော်လည်း လိုရင်း အဓိပ္ပါယ်မှာ – ရုပ်တရား၌ တဏှာစိုက်သည်။ နာမ်တရား၌ ဒိဋ္ဌိစိုက်သည်ဟူလို၏။

ပရမတ္ထ ဓမ္မ၌ မကျွမ်းကျင်ကုန်သူ ပုထုဇဉ်တို့သည် ပရမတ်သဘောမျှ သက်သက်သာရှိသော ရုပ်တရားကို ငါကောင်, သူကောင်, ပုဂ္ဂိုလ်ကောင်, သတ္တ၀ါကောင်ရှိသည် ဟုတ်သည်ဟူသော အမှတ်ဖြင့် ကပ်ငြိတွယ်တယ နှစ်သက်ရှာကြကုန်၏။ ဤကိုရည်၍ ရုပ်တရားပေါ်၌ တဏှာစိုက်သည်ဟု ဆိုခြင်းဖြစ်၏။

နာမ်တရား၌ကား ရုပ်တရားကဲ့သို့ အထည်ဒြပ် သဏ္ဍာန် အကောင်အထည်တွေ မမြင်တွေ့ရသဖြင့်၊ တွယ်တာကပ်ငြိမှု တဏှာမစိုက်၊ အယူအားဖြင့် မှားခြင်းကို ဖြစ်စေ၏။ ဤကိုရည်ရွယ်၍ နာမ်တရား၌ ဒိဋ္ဌိစိုက်သည်ဟု ဆိုခြင်းဖြစ်၏။ အဆိုပါ စကားနှစ်ရပ်ပေါင်းစပ်လျက် ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ ဟု ပညာရှိတို့ စပ်ထုံးပြု၏။

နာမ်တရားကို ပြသရာ၌ ရုပ်တရားမှာကဲ့သို့ ဃနပျောက်အောင် ချေဖျောက်ရန်မလိုပါ။ နာမ်တရားအား အတုံး, အလုံး, အခဲဟူသော ဃနစွဲ၊ မူလကပင် မရှိခဲ့ပါချေ။ ပုဂ္ဂိုလ်တိုင်း နာမ်တည်းဟူသော စိတ်တရားရှိကြောင်း ကောင်းစွာသိပါသည်။ သို့ရာတွင် စိတ်တရားကို ယူမပြနိုင်, ကိုင်မပြနိုင်ပါ။ အစိမ်း၊ အပြာ၊ အ၀ါ အရောင်အဆင်းအားဖြင့်လည်း မပြနိုင်ပါ။ ယင်းသို့ မေးသမျှ တစ်ခုမျှ မပြောနိုင်၊ မပြနိုင်ငြားလည်း အာရုံအရပ်ရပ်ကို သိတတ်သော စိတ်သည် သဘောတရား အနေအားဖြင့် ထင်ရှားရှိပါသည်။ မူလကပင် အကောင်အထည်ဒြပ်သဏ္ဍာန် မရှိသဖြင့် ဃနစွဲပျောက်အောင် ခြေရန် အထူးမလိုတော့ပါ။

ထိုသို့ သိတတ်သော သဘောမျှသာရှိသော နာမ်တရား၌ မတွေဝေမူ၍ သဘောတရားပေါ် ဉာဏ်ချက်ရအောင် ပြတ်သားသူတို့မှာ – ဒုတိယအဆင့် နာမပရိစ္ဆေဒဉာဏ် တစ်ဆင့်တက်၍ ရရှိပြန်ပါသည်။ ထို့ကြောင့် အန္ဓပုထုဇဉ်ဘ၀မှ လွန်မြောက်၍ ကလျာဏပုထုဇဉ်အဖြစ်သို့ ရောက်သည်ဟု ဆိုနိုင်ပါသည်။

ပြခဲ့ပြီးသော ရုပ်တရားများ၌ ပိုင်းခြား၍သိခြင်း၊ ရူပ ပရိစ္ဆေဒဉာဏ်၊ ယခုပြဆဲ နာမ်တရား၌ ပိုင်းခြား၍သိခြင်း၊ နာမ ပရိစ္ဆေဒဉာဏ်၊ ထိုဉာဏ်နှစ်ပါးကို မဖေါက်မပြန် မှန်မှန်ကန်ကန် သိခြင်းသည် သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန် အသိမှန်ဖြစ်သောကြောင့် အပါယ်ဘေးမှ တကယ်အေးလျက် နိဗ္ဗာန်သွားရာ ခရီးလမ်းပေါ်သို့ တည့်တည့်ရောက်ပါသတည်း။

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတမ်းမှ

References