သံဃာ့ဂုဏ်တော် (၉) ပါး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
အာဟုနေယျာ၊

ပါဟုနေယျာ၊
ဒက္ခိဏေယျာ၊

အဉ္စလိကရဏီယော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

၁။ ကောင်းသောအကျင့်ကို ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၂။ ဖြောင့်မတ်သောအကျင့်ကို ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၃။ နိဗ္ဗာန်အကျိုးငှာ ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၄။ ရိုသေမှုပြုထိုက်အောင် ကျင့်ပြီးကျင့်ဆဲဖြစ်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၅။ အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးတို့ကို အလှူခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၆။ ဧည့်သည်ကောင်းတို့အလို့ငှာ အထူးစီရင်အပ်သော အာဂန္တုကဒါနကို အလှူခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

ရ။ မြတ်သောအလှူကို ခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၈။ လက်အုပ်ချီမိုးခြင်းကို ခံထိုက်သော အရိယာသံဃာ (၈)ပါး အပေါင်းပါတကား။

၉။ လူအပေါင်း၏ ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးကြဲချရာ အတု မရှိ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော အရိယာသံဃာ(၈)ပါး အပေါင်းပါတကား။

ကိုးကား

သံဃာ့ဂုဏ်တော် (၉) ပါး မြန်မာပြန်

(၁) သုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ကောင်းမြတ်သော အကျင့်ဂုဏ်တော်၊
(၂)  ဥဇုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ဖြောင့်မတ်သော အကျင့်ဂုဏ်၊
(၃) ဉာယပ္ပဋိပန္နေ ဂုဏ်တော် = လွန်သင့်မြတ်သော အကျင့်ဂုဏ်၊
(၄) သာမီစိပ္ပဋိပန္နေ ဂုဏ်တော် = ရိုသေအပ်သော အကျင့်ဂုဏ်၊
(၅) အာဟုနေယျေ ဂုဏ်တော် = ဧည့်သည်ရည်မှု၊ အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်၊
(၆) ပါဟုနေယျေ ဂုဏ်တော် = လက်ဆောင်ယူငြား အလှူဝတ္ထုများကို ခံယူထိုက်သောဂုဏ်၊
(၇) ဒက္ခိဏေယျေ ဂုဏ်တော် = မြတ်သောအလှူ ခံယူထိုက်သောဂုဏ်၊
(၈) အဉ္ဇလိကရဏီယျေ ဂုဏ်တော် = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်၊
(၉) အနုတ္တရံ ပုညက္ခေတ္တ ဂုဏ်တော် = လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

မဟာစည်ဆရာတော်ကြီး၏ မြန်မာပြန်

ဘဂဝတော – မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် —

  • သုပ္ပဋိပန္နော – လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို ကောင်းစွာ ကျင့်တော်မူသော သံဃာတော်။
  • ဥဇုပ္ပဋိပန္နော – ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။
  • ဉာယပ္ပဋိပန္နော – ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။
  • သာမိစိပ္ပဋိပန္နော – သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။
  • အာဟုနေယျော – ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်
  • ပါဟုနေယျော – ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။
  • ဒက္ခိဏေယျော – နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်။
  • အဉ္စလိကရဏီယျော – ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။
  • အနုတ္တရံ ပုညက္ခေတံ လောကဿ – ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်။

ကဿပဘုရားရှင် လက်ထက်က သဝဏ်လွှာ

ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတံ အနုတ္တရံ။

သံဃာဂုဏ်တော် ကဗျာ

သံဃာဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ဆိုကြမယ် –

၁။ ကောင်းကောင်းမြတ်မြတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၂။ ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၃။ နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၄။ ရိုသေထိုက်ရန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၅။ ရပ်ဝေးသယ်လာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၆။ ဧည့်သည်ဖို့ရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၈။ လက်အုပ်ချီမိုး ရှိခိုးအထူးကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၉။ လူ နတ် ဗြဟ္မာ ကောင်းမှုမျိုးကို ၊ အပျိုးထိုက်ဆုံး ယာမြေလယ် ၊ သံဃာ့ဂုဏ်တော် ကိုးဖြာပဲကွယ့် အသည်းစွဲအောင် မှတ်ကြကွယ် မှတ်ကွယ် …. မှတ်ကွယ်။

ကိုးကား

သံဃာ့အဖွဲ့အစည်း

ဗုဒ္ဓမြတ်စွာဘုရားသည် ကိုယ်တော်တိုင်ထိုးထွင်းသိမြင်၍ ဟောကြားဆုံးမ ချမှတ်ထားတော်မူခဲ့သော သာသနာ (အဆုံးအမ) ၃ ရပ်တွင် “တရားစာပေ” တည်းဟူသော ပရိယတ္တိသာသနာကို လေ့လာသင်ကြားကြသဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းများ (ပဋိပတ္တိသာသနာ)ကို သိရှိကြရပြီး၊ သိရှိရသည့်အတိုင်း ကျင့်ကြံ ကြိုးကုတ်အားထုတ်ကြခြင်းဖြင့် ဘဝပန်းတိုင်ဖြစ်သည့် သန္တိသုခ နိဗ္ဗာနဓာတ် တည်းဟူသော ပဋိဝေဓသာသနာ တော်ကို ရရှိခံစားကြရမည် ဟု ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် ယင်း “ပဋိဝေဓ” ဟူသော ဘဝပန်းတိုင်ရရှိရေးအတွက် အဓိကလိုအပ်လှသော ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာတော် ၂ ရပ်ကို (ဝါ) “ဂန္တဓရ (စာပေသင်ကြားမှု), ဝိပဿနာဓုရ (ကျင့်ကြံအားထုတ်မှု)” ဟူသော လုပ်ငန်းတာဝန် ၂ ရပ် ကို ထမ်းဆောင်ထိန်းသိမ်းနိုင်ရန် သံဃာ့အဖွဲ့အစည်းကြီးကို ခွင့်ပြု ထူထောင်တော်မူခဲ့ရခြင်းဖြစ်သည်။

အထူးမှာ “သံဃာ့အဖွဲ့အစည်းအတွင်း၌ ဇာတ်အနိမ့်အမြင့်၊ အမျိုးအနွယ်အယုတ်အလတ်အမြတ် ခွဲခြားမှုမရှိဘဲ ထေရ်စဉ်ဝါစဉ် ကြီးငယ်အလိုက်သာ ရှိခိုးမှု, ခရီးဦးကြိုမှုများကို ခံယူကြရမည်” ဟု ပညတ်ထားတော် ခဲ့ခြင်း ဖြစ်သည်။ တစ်ဖန် သံဃာ့အဖွဲ့အစည်းအတွင်း၌ ရဟန်းသံဃာတော်များသည် စောင့်ထိန်းရမည့် ဝိနည်းသိက္ခာ ပုဒ်တော်များမှာ အကျဉ်းအားဖြင့် ၂၂၇ သွယ်၊ အကျယ်အားဖြင့် ကုဋေ ၉ဝဝဝ ကျော် (၉၁,၈၀၅,၀၃၆,ဝဝဝ)ကို စောင့်ထိန်းခြင်း တူကြသော်လည်း၊ ကျင့်ကြံအားထုတ်မှုအပေါ်အခြေပြု၍ ပုထုဇဉ်ရဟန်းသံဃာတော်များ, မဂ္ဂဋ္ဌာန် ၄, ဖလဋ္ဌာန် ၄ ဟူသော အရိယာ (ပရမတ္ထ) ရဟန်းသံဃာတော်များ ဟူ၍ ကွဲပြားပါဝင်လျက်ရှိသည်။

သံဃာ့ဂုဏ်တော် ၉ ပါး

သံဃာ” ဟူသည်မှာ “ကိလေသာကို ပယ်သတ်သူ“ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သံဃာ့ဂုဏ်တော် ၉ ပါးနှင့်ပြည့်စုံသော သံဃာတော်အရ ပရမတ္ထသံဃာတော်များဖြစ်သည့် “မဂ္ဂဋ္ဌာန် ၄, ဖလဋ္ဌာန် ၄” ဟူသော အရိယာသံဃာတော် ၈ ပါးကိုသာ ယူရမည်။ သမုတိသံဃာများကိုလည်း အရိယာဖြစ်ရန် အားထုတ်နေသူများဖြစ်၍ သမီပူပစာအားဖြင့် “သံဃာ” ဟူ၍ ခေါ်ယူနိုင်ပါသည်။

ယင်းပရမတ္ထသံဃာ၏ ဂုဏ်တော် ၉ ပါးမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁- သုပ္ပဋိပန္နဂုဏ်တော် ။ မြတ်စွာဘုရား ဟောကြားတော်မူသည့် “သီလ, သမာဓိ, ပညာ” ဟူသော သိက္ခာ ၃ ရပ်ကို အတိမ်းအစောင်းမရှိဘဲ ကျင့်ကြံတော်မူခြင်း။

၂- ဥဇုပ္ပဋိပန္နဂုဏ်တော် ။ ဂုဏ်ပကာသန စသည်ကိုမငဲ့ကွက်ဘဲ ဖြောင့်မတ်စွာကျင့်တော်မူခြင်း။

၃- ဉာယပ္ပဋိပန္နဂုဏ်တော် ။ နိဗ္ဗာန်အကျိုးငှာသာ ကျင့်ကြံတော်မူခြင်း။

၄- သာမိစိပ္ပဋိပန္နဂုဏ်တော် ။ ​လူအများအရိုအသေပြု၍ ပေးကမ်းလှူဒါန်းခြင်း၌ ထိုက်တန်အောင် ကျင့်ကြံ တော်မူခြင်း။

၅ – အာဟုနေယျဂုဏ်တော် ။ ဤသို့ ကျင့်ကြံနေသူများဖြစ်၍ လှူဒါန်းသူအား တုံ့ပြန်အကျိုးပေးသဖြင့် အနီး၌ မဆိုထားဘိ၊ အဝေး၌ရှိသော လှူဖွယ်များကိုပင် ယူ၍လှူဒါန်း ထိုက်တော်မူခြင်း။

၆- ပါဟုနေယျဂုဏ်တော် ။ ဧည့်ဝတ်အဖြစ်ထားရှိသော ပစ္စည်းများကိုလည်း ခံယူထိုက်တော်မူခြင်း။

၇- ဒက္ခိဏေယျဂုဏ်တော် ။ တမလွန်ဘဝ၌ မိမိချမ်းသာရေးအတွက် သေလွန်ပြီးသော မိဘ,ဆွေမျိုး များ ချမ်းသာသုခရရှိရေးအတွက် လှူဒါန်းအပ်သော ဒက္ခိဏေယျအလှူ ကိုလည်း ယူထိုက်တော်မူခြင်း။

၈ – အဉ္ဇလီကရဏီယဂုဏ်တော် ။ တစ်လောကလုံးရှိ လူနတ်ဗြဟ္မာအားလုံး၏ လက်အုပ်ချီမိုး ရှိခိုးခြင်း ကိုလည်း ခံယူထိုက်တော်မူခြင်း။

၉- အနုတ္တရပုညခေတ္တဂုဏ်တော် ။ “ကုသိုလ်” တည်းဟူသောမျိုးစေ့များကို စိုက်ပျိုးရာ လယ်ယာမြေကောင်း နှင့် တူတော်မူခြင်း။.

ကိုးကား

သံဃာ့ဂုဏ်တော် (၉) ပါး မြန်မာပြန်

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော
သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော
ပါဟုနေယျော
ဒက္ခိဏေယျော
အဉ္စလီကရဏီယော
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

သံဃ = အရိယာပုဂ္ဂိုလ်အပေါင်း

ဘဂဝတော သာဝက သံဃော = ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၁။ သုပ္ပဋိပန္နော = ကိလေသာကင်းကြောင်း ကောင်းစွာ ကျင့်ကြံတော် မူပါပေ၏။

၂။ ဥဇုပ္ပဋိပန္နော = သာဌေမာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော် မူပါပေ၏။

၃။ ဉာယပ္ပဋိပန္နော = နိဗ္ဗာန်အကျိုး မျှော်ကိုး ရည်သန် ကျင့်ကြံတော် မူပါပေ၏။

၄။ သာမိစိပ္ပဋိပန္နော = မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါပေ၏။

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသဘဂဝတော သာဝကသံဃော = အစုံလေးပါး သီးခြားရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာသံဃာတော်သည်-

၅။ အာဟုနေယျော = အဝေးမှ ဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

၆။ ပါဟုနေယျော = ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါပေ၏။

၇။ ဒက္ခိနေယျော = တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော် မူပါပေ၏။

၈။ အဉ္စလီကရဏီယော = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော် မူပါပေ၏။

၉။ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = နတ် လူ အများ ကောင်းမှုပွါးဖို့ ကြဲထားပျိုးချ တုမရသည့် ကောင်းလှ လယ်မြေ ယာမြေပမာ ဖြစ်တော်မူပါပေ၏။

ဤသို့လျှင် သုပ္ပဋိပန္န စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

သံဃာတော်၏ သဘာဝ

ဥပါသကာ တပည့်

ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ဘုရားအဖြစ်ရောက်တော်မူပြီးနောက် ခုနစ်သတ္တာဟမြောက်တွင် မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏ တရားတော်ကို ယုံကြည်ဆည်းကပ်သော တပုဿ နှင့် ဘလ္လိက တို့ကို ဥါသကာ တပည့်သာဝက အဖြစ် ပထမဆုံး လက်ခံတော်မူရ၏။ ထိုအချိန်တွင် တပည့်သံဃာ မပေါ်ပေါက်သေးပေ။ ထို့ကြောင့်ပင် တပုဿ နှင့် ဘလ္လိက တို့သည် ဘုရားနှင့် တရားကိုသာ ယုံကြည်ဆည်းကပ်ကြရသော ဒွေဝါစိက သရဏဂုံတည်သူ ဥပါသကာများ ဖြစ်ကြရ၏။

ဝါဆိုလပြည့်နေ့၌ ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပြီးသောအခါ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရ၍ အရိယာပုဂ္ဂိုလ် ဖြစ်သွားသော အရှင် ကောဏ္ဍညက ရဟန်း အဖြစ်ကို လျှောက်ထားတောင်းပန်၍ ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရမှပင် ဗုဒ္ဓသာသနာတော်၌ အစဦးဆုံး သံဃာတော် ပေါ်ပေါက်လာ၏။ ထိုအချိန်၌ ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်ကို ရောက်တော်မူသည်မှာ နှစ်လပင် ကြာခဲ့ပြီ။ အရှင်ကောဏ္ဍညကား သံဃာ၏ အမွန်အစပေတည်း။

အရိယာသံဃာ ပရမတ္တသံဃာ

အရိယာသံဃာ ပရမတ္တသံဃာ သံဃာ ဆိုသည်မှာ အသိအမြင်ချင်း သီလချင်း တူညီကြသော ပုဂ္ဂိုလ် အပေါင်းကို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ဤ အနက်အဓိပ္ပာယ်အရ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရပြီးသော အရိယာပုဂ္ဂိုလ် ကိုသာလျှင် ” သံဃာ ” ဟု မုချအားဖြင့် ခေါ်ဝေါ်ရ၏။ အဘယ်ကြောင့်ဆိုသော် အရိယာပုဂ္ဂိုလ်များ သည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊ ဖိုလ်အသိအမြင်၊ ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် ( = သမ္မာဒိဋ္ဌိမဂ္ဂင် ) အားဖြင့်လည်းကောင်း၊ အရိယကန္တသီလ ပြည့်စုံ စင်ကြယ်မှုအားဖြင့်လည်းကောင်း မျက်မှောက်မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့် ဖြစ်ပေသည်။

ပုထုဇဉ်သံဃာ သမ္မုတိသံဃာ 

ပုထုဇဉ်သံဃာ သမ္မုတိသံဃာ သို့သော် မဂ်ဖိုလ် ရရေးအတွက် သီလ၊ သမာဓိ၊ ပညာ အကျင့်တိုံကို စွမ်းနိုင်သမျှ ကျင့်ကြံ အားထုတ် နေကြသော ပုထုဇဉ်ရဟန်းတော်တို့ကိုလည်း အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏။ ထို့ကြောင့်ပင် အရိယာ ရဟန်းတော်များကို ပရမတ္ထသံဃာ ဟု ခေါ်ဝေါ် သုံးနှုန်းကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာ ( သမုတ်ထား အသိအမှတ်ပြုထားသော သံဃာ ) ဟု ခေါ်ဝေါ် သုံးနှုန်းကြ၏။

အရိယာသံဃာတော် ရှစ်ယောက်

အရိယာသံဃာသည် သောတာပတ္တိမဂ်ပုဂ္ဂိုလ်သကဒါဂါမိ မဂ်ပုဂ္ဂိုလ်အနာဂါမိ မဂ်ပုဂ္ဂိုလ်အရဟတ္တ မဂ်ပုဂ္ဂိုလ်အားဖြင့် မဂ်ပုဂ္ဂိုလ်လေးယောက်။ သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်သကဒါဂါမိ ဖိုလ်ပုဂ္ဂိုလ်အနာဂါမိ ဖိုလ်ပုဂ္ဂိုလ်အရဟတ္တဖိုလ် ပုဂ္ဂိုလ်အားဖြင့် ဖိုလ်ပုဂ္ဂိုလ်လေးယောက်။ ဤသို့ အရိယာရှစ်ဖော် သံဃာတော်ကို ဗုဒ္ဓဘာသာဝင်များ အားကိုးရာ ကိုးကွယ်ရာအဖြစ် ယုံကြည်ဆည်းကပ်ခွင့် ရကြ၏။

မြတ်စွာဘုရားလက်ထက်တော်က သံဃာတော်များ

အရှင်ကောဏ္ဍည

အရှင် ကောဏ္ဍည အလောင်းအလျာသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်၌ ဟံသာဝတီ ပြည်ဝယ် သဌေးမျိုး၌ဖြစ်၍ တနေ့တွင် မြတ်စွာဘုရားက ရဟန်းတော်တပါးကို ရှေးဦးစွာ တရားရသော အရာ၌ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်သည်ကို တွေ့မြင်ရသဖြင့် အားကျကာ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား ခုနစ်ရက်ပတ်လုံးယာဂုဆွမ်းနှင့် တိစီဝရိတ်သင်္ကန်း လှူဒါန်းပြီးလျှင် ” နောင်တဆူဆူသော ဘုရားရှင်အထံတော်၌ ထိုရဟန်းကဲ့သို့ ရှေးဦးစွာ တရားရမှုတွင် ဧတဒဂ် ရပါလို၏ ” ဟု ဆုတောင်းခဲ့၏။

ကောက်ဦး အလှူ

ဝပဿီ မြတ်စွာဘုရား လက်ထက်၌လည်း မဟာကာဠ သူကြွယ် ဖြစ်လာ၍ ကောက်စပါး တကြိမ်စိုက်ပျိုးလျှင် စပါးနှံ ဖုံးတုန်းလုံးတုန်း အချိန်မှစ၍ ကျီတွင်းသို့ သွင်းသည်အထိ အချိန်အတွင်း၌ အဖုံးအလုံးဝတ်ဆံဦးအလှူ၊ မုန့်ဆန်းဦးအလှူ လှူလေ့ရှိ၏။ ယင်းသို့ လှူပြီးလျှင် ကောက်ဦးလှူခြင်းကြောင့် သူတပါးတို့ထက် ရှေးဦးစွာတရားရလိုကြောင်း ဆုတောင်းလေ့ရှိ၏။

ဗေဒင်ပါရဂူ

ဤသို့ ကောင်းမှု ကုသိုလ်များကို ပြုရင်း လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်ပြီးနောက် ဂေါတမ ရှင်တော်မြတ်ဘုရား လက်ထက်တော်တွင် ဗေဒင်အရာပါရဂူရောက် တတ်မြောက် ကျွမ်းကျင်သော ကောဏ္ဍည ပုဏ္ဏားဖြစ်လာ၏။ ဖွားခါစ ဘုရားလောင် သိဒ္ဓတ္ထ မင်းသားကလေးကို ” ဘုရားစင်စစ် ဧကန်ဖြစ်မည် ” ဟု တခွန်းတည်း အတပ်ဟောခဲ့၏။

ရသေ့ပြု

သိဒ္ဓတ္ထ ဘုရားလောင်း တောထွက်သောအခါ ဘုရားလောင်းအား ဗေဒင်ဟောဖက် ဖြစ်သော ကွယ်လွန်သွားကြပြီ ဖြစ်ကြသည့် ပုဏ္ဏားလေးယောက်၏ သားလေးယောက်ကို အတူခေါ်၍ ရသေ့ပြုပြီးလျှင် ဥရုဝေလတော၌ ဘုရားလောင်း တရားကျင့်နေစဉ် ဘုရားဖြစ်လျှင် တရားဦးနာရန် စောင့်ယင်း ဝတ်ကြီးဝတ်ငယ် ပြုနေခဲ့၏။ သူတို့ကို ပဉ္စဝဂ္ဂီငါးဦးဟု ခေါ်ကြ၏။

အစာမစားပဲ ပြင်းပြင်းထန်ထန် ကျင့်နေသော ဘုရားလောင်းသည် လက်ရှိကျင့်နေဆဲ ဒုက္ကရစရိယာအကျင့် မှားမှန်း သိသဖြင့် အစာအာဟာရကို ပြန်၍ မှီဝဲသောအခါ သိဒ္ဓတ္ထ ဘုရားဖြစ်မည် မဟုတ်တော့ဟု အတွေးချော်ကာ ဘုရားလောင်းထံမှ ခွာသွားပြီးလျှင် ဣသိပတန မိဂဒါဝုန်တော၌ အဖော်ရသေ့ လေးဦးနှင်အတူ သွားရောက်နေထိုင်ကြ၏။

ဧတဒဂ်ရ

မြတ်စွာဘုရား မိဂဒါဝုန်သို့ ကြွ၍ ဓမ္မစကြာတရားဟောပြတော်မူသောအခါ ရှေးဦးစွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၍ နောင်သောအခါ ရှင်တော်မြတ်ဘုရားက ရှေးဦးတရားရမှုတွင် ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့် ပေးအပ်တော်မူသည်။

အရှင်သာရိပုတ္တရာ

အဂ္ဂသာဝကဆုတောင်း

အရှင်သာရိပုတ္တရာ အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သူကြွယ်မျိုးမှ ပစ္စည်းဥစ္စာတို့ကို စွန့်လှူ၍ တောထွက်ကာ ရသေ့ပြုနေ၏။ သူ၏ အမည်ကား သရဘ ရသေ့တည်း။ အနောမဒဿီ မြတ်စွာဘုရား သူ၏ အထံသို့ ကြွလာသောအခါ သူ၏ တပည့် ရသေ့များနှင့်အတူ အမျိုးမျိုးသော သစ်သီးများနှင့် ပန်းအခင်းများကို လှူကြ၏။ အနောမဒဿီ မြတ်စွာဘုရားက နိသဘ မထေရ်ကို လက်ယာတော်ရံ အဂ္ဂသာဝက အရာ၌ ထားတော်မူသည်ကို သရဘ ရသေ့ အားကျ၍လက်ယာတော်ရံ အဂ္ဂသာဝက ဆုကို တောင်းခဲ့၏။

ဥပတိဿ

ထိုဘဝမှစ၍ ကောင်းမှု အမျိုးမျိုးတို့ကို ပြုယင်း လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ရာမှ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ရာဇဂြိုဟ် ပြည်နှင့် မဝေးလှသော နာလန္ဒမြို့၏ အနီးမှ သပတိဿရွာ တွင် သာရီပုဏ္ဏေးမ၏သား ဖြစ်လာ၏။ ဥပတိဿ ဟု အမည်တွင်၏။ သူသည် ပွဲလမ်းသဘင် ကြည့်ရှုရာမှ သံဝေဂ ဉာဏ်ဖြစ်ပေါ်လာ၍ ဝဋ်ဆင်းရဲမှ လွတ်ရေးအတွက် ဆရာရှာရာ သိဉ္စည်း ဆရာကြီးနှင့် တွေ့၍ သူ့ထံ၌ တပည့်ခံလျက် နေခဲ့၏။

တရားရ

တနေ့တွင် မြတ်စွာဘုရား၏ ပဉ္စဝဂ္ဂီ တပည့်တဦးဖြစ်သော အရှင်အဿဇိ ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံနေသည်ကို တွေ့မြင်ရာ ဣန္ဒြေသိက္ခာ အမူအရာ အသွင်အပြင်ကို ကြည့်၍ တရားထူးရှိသူဟု အကဲခတ်မိသဖြင့် အကျိုးအကြောင်းမေးမြန်းကြည့်လေ၏။ အရှင်အဿဇိ က ဂေါတမ မြတ်စွာဘုရား၏ တပည့်ဖြစ်ကြောင်း၊ မြတ်စွာဘုရား၏ဝါဒမှာ ” လောကကြီးသည် ကြောင်းကျိုးဖြစ်စဉ်မျှသာ ဖြစ်သည် ” ဟူသော ဝါဒဖြစ်ကြောင်း ဟောပြရာ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၏။

ရဟန္တာဖြစ်

မကြာမီပင် မိတ်ဆွေဖြစ်သူ ကောလိတနှင့် တပည့်များကိုခေါ်ကာ ဝေဠုဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ရဟန်းပြုပေးပါရန် လျှောက်ထားသဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရလေ၏။ ရဟန်းဖြစ်ပြီးနောက် အထက်မဂ်ဖိုလ်များအတွက် သူကရခတ ခေါ်သည့် ဝက်တူးလိုဏ် ၌ တရားအားထုတ်ရာ တူဖြစ်သူ ဒီဃနခ ပရဗိုဇ်အား မြတ်စွာဘုရားဟောကြားသော ဝေဒနာပရိဂ္ဂဟိတ တရားကို ကြားနာရ၍ ( ရဟန်းဖြစ် အပြီး ၁၅ ရက် အကြာတွင် ) အထက်မဂ် ၃ ခု၊ ဖိုလ် ၃ ခုတို့ကို ရပြီးလျှင် ရဟန္တာ ဖြစ်လေ၏။

အရှင်မောဂ္ဂလ္လာန်

အဂ္ဂသာဝကဆုတောင်း

အရှင်မောဂ္ဂလ္လာန် အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သရဘ ရသေ့ (အရှင်သာရိပုတ္တရာ အလောင်း) ၏မိတ်ဆွေရင်း သိရီဝဍ္ဎန သူဌေးဖြစ်လာ၏။ သရဘ ရသေ့၏ တိုက်တွန်းချက်ကို နှစ်ခြိုက်သဘောကျ၍ အနောမဒဿီ မြတ်စွာဘုရားကို သံဃာတော်များနှင့်တကွ ခုနစ်ရက်ပတ်လုံး ဆွမ်းခဲဖွယ် ဘောဇဉ်များ၊ အဝတ်သင်္ကန်းများကို မြောက်များစွာ လှူဒါန်းပြီးလျှင် ဒုတိယ အဂ္ဂသာဝကဆုကို တောင်းခဲ့၏။

ကောလိတ

ထိုအချိန်မှစ၍ လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ပြီးနောက် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကောလိတ ရွာတွင် ကြွယ်ဝသော မောဂ္ဂလိပုဏ္ဏေးမကြီး၏ သား ကောလိတ ဖြစ်လာ၏။ ဥပတိဿ နှင့် အလွန်ခင်မင်သော မိတ်ဆွေရင်းများ ဖြစ်ကြ၍ သွားအတူ လာအတူ စားအတူ နေကြ၏။ ဥပတိဿ ကဲ့သို့ပင် ပွဲကြည့်ယင်း သံဝေဂဉာဏ် ဖြစ်ပေါ်၍ ဥပတိဿနှင့်အတူ သိဉ္စည်းဆရာကြီးထံ တပည့်ခံ၍ နေခဲ့၏။

တရားရ

ဥပတိဿ သည် ရာဇဂြိုဟ် မြို့တွင်း၌ အရှင်အဿဇိနှင့်တွေ့၍ တရားထူးရပြီးနောက် သိဉ္စည်း ကြီး၏ကျောင်းအရာမ်သို့ ပြန်လာပြီးလျှင် မိတ်ဆွေ ကောလိတအား မိမိသိခဲ့ရသော တရားထူးကို ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်သွား၏။

ရဟန္တာဖြစ်

ထို့နောက် မကြာမီပင် တပည့်တို့ကိုခေါ်ကာ သူငယ်ချင်း နှစ်ယောက် မြတ်စွာဘုရား အထံတော်သို့သွားရောက်၍ ရဟန်းပြုကြပြီးလျှင် အရှင်မောဂ္ဂလ္လာန်သည် မဂဓ တိုင်းအတွင်းရှိ ကလ္လဝါလပုတ္တရွာ အနီးတောထဲ၌ အထက်မဂ်ဉာဏ်များအတွက် အားထုတ်ရာ စင်္ကြံအလျှောက်များ၍ ခုနစ်ရက်မြောက်၌ ထိနမိဒ္ဓ ဖိစီးနှိပ်စက်သဖြင့် ငိုက်မျဉ်းလျက် နေ၏။ သူ၏ အခြေအနေကို မြတ်စွာဘုရား သိတော်မူ၍ ကြွရောက်ကာ အငိုက်ဖြေတရား ပစလာယမာနသုတ် ကိုဟောကြားမှပင် အငိုက်ပြေကာ တရား အဆင့်ဆင့် တက်၍ ရဟန္တာ ဖြစ်သွား၏။

ဧတဒဂ်ရ

နောင်သောအခါ အရှင် မောဂ္ဂလ္လာန် ဟူသောဘွဲ့တော်ဖြင့် အလွန်ထင်ရှားသော လက်ဝဲတော်ရံ အဂ္ဂသာဝက ဖြစ်လာပြီးလျှင် တန်ခိုးအရာ၌ ဧတဒဂ် ရတော်မူ၏။

အရှင်အာနန္ဒာ

အရှင် အာနန္ဒာ ၏ အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင် လက်ထက်တော်၌ နန္ဒ မင်းကြီး၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော သုမနထေရ် ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိ၏သစ်တပ်၌ ဆွမ်းဆက်ကပ် လှူဒါန်း၏။ ထိုမျှနှင့် အားမရသေးပဲ မိမိနေရာမြို့သို့ ပင့်ဆောင်၍ တသိန်းတန် ဥယျာဉ်တော်အတွင်း၌ တသိန်းတန် ကျောင်းကြီးကိုဆောက်လုပ် လှူဒါန်း၏။ မြတ်စွာဘုရားနှင့် သံဃာတော်များကို သူမတူသော အလှူကြီး ပေးလှူ၍ တဝါတွင်းလုံးလည်း ပစ္စည်းလေးပါးဖြင့် လုပ်ကျွေး ပြုစု လှူဒါန်း၏။

ဝါကျွတ်ခါနီး ခုနစ်ရက်ပတ်လုံးလည်း အကြီးအကျယ် အလှူကြီး ပေးလှူပြန်၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားနှင့် သံဃာတော်များအား တိစီဝရိက် သင်္ကန်းများကို လှူဒါန်းပြီးလျင် ” တပည့်တော် ပြုပြုသမျှ ကုသိုလ် အစုစုကြောင့် တဆူဆူသော ဘုရားရှင်၏ အထံ၌ အရှင် သုမနထေရ် ကဲ့သို့ ရင်းနှီးကျွမ်းဝင်သော အလုပ်အကျွေး မထေရ် ဖြစ်ရပါလို၏ ” ဟု ဆုတောင်းခဲ့၏။

ထိုအချိန်မှ စ၍ လူ့ရပ်နတ်ရွာ ကြိမ်ဖန်များစွာ ကျင်လည်ပြီးနောက် ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ကပ္ပိလဝက် ပြည်၌ အမိတ္တောဒန သာကီဝင်မင်း၏ သားဖြစ်လာ၍ အာနန္ဒာ ဟု အမည်တွင်၏။ မြတ်စွာဘုရား ပထမဆုံးအကြိမ် ကပ္ပိလဝက် သို့ ကြွတော်မူသောအခါ၌ မြတ်စွာဘုရားကို သာကီဝင်မင်းမျိုး ရဟန်းတော်များ ခြံရံနိုင်ရန် ရဟန်းပြုကြသော ဘဒ္ဒိယ၊ ဒေဝဒတ္တ၊ ကိမိလ၊ ဘဂု၊ အနုရုဒ္ဓ တို့နှင့်အတူ မြတ်စွာဘုရား အထံ၌ ရဟန်းပြုပြီးနောက် မန္တာဏီပုဏ္ဏေးမ၏ သား အရှင်ပုဏ္ဏ ထေရ်၏ တရားကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရတော်မူ၏။

အလုပ်အကျွေး

မြတ်စွာဘုရား ဝါတော် နှစ်ဆယ်ကျော်တွင် အလုပ်အကျွေး ရဟန်းတော် ရွေးချယ်တော်မူသောအခါ အရှင် အာနန္ဒာ အရွေးခံရ၏။ အရှင် အာနန္ဒာသည် မြတ်စွာဘုရားကို နေ့ည မပြတ် ဝတ္တရား မချွတ်ယွင်းရအောင် သဒ္ဓါ မေတ္တာ စေတနာ အရင်းခံ၍ ပြုစုလုပ်ကျွေး၏။

ပထမ သံဂါယနာ

သို့သော်လည်း မြတ်စွာဘုရား ဝါတော် ၄၅ ဝါရ၍ ပရိနိဗ္ဗာန် စံတော်မူပြီးသည်အထိ အရှင် အာနန္ဒာ အထက် မဂ်ဖိုလ်များကို မရသေး။ ပရိနိဗ္ဗာန် စံတော်မူပြီး ၃ လ အကြာ အရှင် မဟာကဿပ ဦးဆောင်၍ ပထမ သံဂါယနာ တင်ဖို့ စီစဉ်ကြသည့် အခါ သံဂါယနာ အကြိုနေ့ညကျမှသာ အထက်မဂ် အားလုံးကို ရ၍ ရဟန္တာ ဖြစ်သွား၏။

ရဟန္တာဖြစ်ပုံထူးဆန်း

အရှင် အာနန္ဒာ အထက်မဂ်ဖိုလ်များကို ရပုံမှာလည်း အံ့ဘနန်း ဖြစ်၏။ အရှင်မြတ်သည် စင်္ကြံလျှောက်လျက် ညောင်စောင်းပေါ်၌ ထိုင်ရာမှရှုမှတ်မှုဖြင့်ပင် ခေါင်းအုံးပေါ်သို့ တဖြည်းဖြည်း လှဲချလိုက်ရာ မြေကြီး၌ ထိထားသောခြေ မြေမှ ကြွခါစ ခေါင်းအုံးသို့ဦးခေါင်းတော် မကျမီ အထက် မဂ်သုံးဆင့် ဖိုလ်သုံးဆင့်ကိုရတော် မူလေသည်။ ထို့ကြောင့် သွား ရပ် ထိုင် လျောင်း ဣရိယာပုထ် လေးပါးမှ လွတ်လျက် ရဟန္တာ ဖြစ်သည်မှာ အရှင် အာနန္ဒာ တပါးတည်းသာဖြစ်ကြောင်း သိမှတ်ကြရ၏။

ဧတဒဂ်ရ

နောင်သောအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား အလုပ်အကျွေးဧတဒဂ် ဘွဲ့ထူးအပြင် သတိမန္တ၊ ဂတိမန္တ၊ ဗဟုဿုတ ဧတဒဂ် ဘွဲ့ထူးများဖြင့်လည်း ချီးမြှင့်တော်မူ၏။

မြတ်စွာဘုရား လက်ထက်တော်၌ အရိယာသံဃာတော်ပေါင်း မြောက်မြားစွာ ရှိသော်လည်း ဤ အရှင်မြတ်ကြီး လေးပါး၏ အကြောင်းအရာ အကျဉ်းချုပ်ကိုသာ သံဃာတော်၏ သဘာဝကို သိသာရုံမျှ ဖော်ပြပါသည်။

ကိုးကား