တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂဝတာ ဓမ္မော, သန္ဒိဋ္ဌိကော,
အကာလိကော, ဧဟိပဿိကော, သြပနေယိုကာ,
ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ။

၁။ သွာက္ခာတေ
မြတ်စွာဘုရားသည် ကောင်းစွာဟောကြားတော်မူအပ်သော
ပရိယတ်, မဂ်, ဖိုလ်, နိဗ္ဗာန်တရား(၁၀)ပါး ပါတကား။

၂။ ဘဂဝတာ ဓမ္မော, သန္ဒိဋ္ဌိကေ
အရိယာပုဂ္ဂိုလ်တို့သည် ကိုယ်တိုင်ရှုမြင်အပ်ပြီးသော
မဂ်, ဖိုလ်, နိဗ္ဗာန်တရား (၉)ပါး ပါတကား။

၃။ အကာလိကေ
အခါမလင့် အခြားမဲ့ကာလ၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်
သော မဂ်တရား(၄)ပါး ပါတကား။

၄။ ဧဟိပဿိကေ
လာလှည့် ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို
ခံထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရား (၉)ပါး ပါတကား။

၅။ သြပနေယိုကာ
ကပ်၍ ဆောင်ယူခြင်းငှာထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန်
တရား(၉)ပါး ပါတကား။

၆။ ပစ္စတ္တံ ဝေဒိတဗော ဝိညူဟိ
ဥဂ္ဃဋိတညူ စသော အရိယာပုဂ္ဂိုလ်တို့သည် မိမိတို့၏စိတ်၌
သိအပ်ခံစားအပ်ပြီးသော မဂ်, ဖိုလ်, နိဗ္ဗာန်တရား(၉)ပါး ပါတကား။

ဤ(၆)ပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော တရားတော်
မြတ်အပေါင်းအား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏။ မြတ်နိုးပါ၏။
ကိုးကွယ်ပါ၏၊ ဆည်းကပ်ပါ၏ အရှင်မြတ်ဘုရား။

ကိုးကား

ဆက်စပ် ဆောင်းပါးများ 

တရားဂုဏ်တော် ၆ ပါး

ဗုဒ္ဓမြတ်စွာဘုရားသည် ၄၅ ဝါကာလပတ်လုံး လူ,နတ်,ဗြဟ္မာများအား ဟောကြားတော်မူခဲ့သော တရားတော်များမှာလည်း အထက်မှချပေးသော တရားတော်မျိုး မဟုတ်ဘဲ၊ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ကျင့်ကြံ ကြိုးကုတ် အားထုတ်ရာမှရရှိလာသောသဗ္ဗညုတဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူသော တရားတော်များသာ ဖြစ်သည်။

တရား ဟူသည် ယင်းကိုကျင့်ကြံသူအား အပါယ်ဆင်းရဲသို့ မကျရောက်အောင် ရွက်ဆောင်တတ်သော သဘော ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များသည် အောက်ပါ ဂုဏ်တော် ၆ ပါးနှင့်လည်း ပြည့်စုံခဲ့ရသည်။

၁။ သွာက္ခာတ ဂုဏ်တော်

“မဂ် ၄ တန်, ဖိုလ် ၄-တန်မှ နိဗ္ဗာန်, ပရိယတ္တိ” ဟူသောတရား ၁၀ ပါး ကို ကြားနာရခြင်းဖြင့် အစ၏ ကောင်းခြင်း၊ ကြားနာရ၍ ကျင့်ကြံအားထုတ်ရ
သဖြင့် အလယ်၏ ကောင်းခြင်း၊ ကျင့်ကြံရ၍ သန္တိသုခ (ငြိမ်းအေးချမ်းသာမှု) နိဗ္ဗာနဓာတ်ကိုရ၍ ခံစားရသဖြင့် အဆုံး၏ ကောင်းခြင်းဖြင့် ကောင်းစွာဟော တော်မူခဲ့အပ်သော တရားတော်ဖြစ်ခြင်း။

၂။ သန္ဒိဋ္ဌိက ဂုဏ်တော်

ကျင့်ကြံသူအား “မဂ် ၄ တန်၊ ဖိုလ် ၄ တန်, နိဗ္ဗာန်” ဟူသော လောကုတ္တရ တရား ၉ ပါးကို မျက်ဝါးထင်ထင် ကိုယ်တိုင်သိမြင်နိုင်ခြင်းကို ပေးစွမ်းနိုင်
သော တရားတော်ဖြစ်ခြင်း။

၃။ အကာလိက ဂုဏ်တော်

လောကုတ္တရာတရား ၉ ပါးကို ကျင့်ကြံသူများအား (ဝါ) တရားအားထုတ်သူ များအား မဂ်ကုသိုလ်စိတ် ဖြစ်သည်နှင့် ဖိုလ်စိတ် ဟူသောအကျိုးတရားကို
လည်း တစ်ဆက်တည်းရရှိနိုင်ခြင်းကို ပေးစွမ်းနိုင်သော တရားတော်ဖြစ်ခြင်း။ (လောကီကုသိုလ်များကဲ့သို့ ရက်ခြားဘဝခြားပြီးမှ အကျိုးခံစားရမှုမျိုး မဟုတ် ဟုဆိုလိုသည်။)

၄၊။ ဧဟိပဿိက ဂုဏ်တော်

တကယ်လုပ်က အဟုတ်ပင် သန္တိသုခ (ငြိမ်းအေးချမ်းသာမှု) အကျိုးတရားကို ခံစားရသောတရားဖြစ်၍ “လာပြီးရှုကြပါ။ ကျင့်ကြံကြပါ” ဟုခေါ်ပြထိုက် သော တရားတော်ဖြစ်ခြင်း။

၅။ သြပနေယျက ဂုဏ်တော်

လောကုတ္တရာတရား ၉ ပါးသည် ပုထုဇဉ်တို့၏သန္တာန်၌ တစ်ကြိမ်မျှဖြစ်ပေါ် လာလျှင် (အနည်းဆုံး သောတာပန်ဖြစ်လျှင်) အပါယ်တံခါး ပိတ်မည်ဖြစ်၍ ကျင့်ကြံအားထုတ်လိုက်သော တရားတော်ဖြစ်ခြင်း။

၆။ ပစ္စတ္တံဝေဒိတဗ္ဗ ဂုဏ်တော်

လောကုတ္တရာတရား ၉ ပါးသည် ပုထုဇဉ်နှင့်မဆိုင်။ အရိယာ သူတော်ကောင်းတို့သာ ရရှိခံစားအပ်သော တရားတော်ဖြစ်ခြင်း (ဝါ) ပြောသံကြားဖြင့် မှန်းဆသိရသော တရားမဟုတ်။ ကိုယ်တိုင် ရရှိသိမြင်နိုင်သော တရားတော်ဖြစ်ခြင်း။

ကိုးကား