ဘုရား ဂုဏ်တော် ၉ ပါး

ဣတိပိသောဘဂဝါ-
(၁) အရဟံ၊
(၂) သမ္မာသမ္ဗုဒ္ဓေါ၊
(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊
(၄) သုဂတော၊
(၅) လောကဝိဒူ၊
(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊
(၇) သတ္ထာဒေဝမနုဿာနံ၊
(၈) ဗုဒ္ဓေါ၊
(၉) ဘဂဝါ။

အဓိပ္ပာယ်များ

၁။ အရဟံ ဂုဏ်တော်

အရဟံ – ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။

(က) အရဟံ – ဒေါသ၊ မောဟအစရှိသော စိတ်အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရား။
(ခ) အရ+ဟံ – ကိလေသာရန်သူတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်သတ်တော်မူ ပြီးသော မြတ်စွာဘုရား။
(ဂ)​ အရ+ဟံ – ဘဝသံသရာစက်၏အကန့်တို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရား။
(ဃ) အ+ရဟံ – ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်

တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။

(က) သမ္မာသမ္ဗုဒ္ဓေါ – သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။ မဖေါက်မပြန် သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တိုင်သာ အလုံးစုံသောတရားတို့ကို သိတော်မူပြီးသော မြတ်စွာဘုရား။

(ခ) သမ္မာသမ္ဗုဒ္ဓေါ – ကိုယ်တော်တိုင်သာလျှင် ဝါသနာနှင့်တကွ မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတော်မူပြီးသော မြတ်စွာဘုရား။

(ဂ) သမ္မာသမ္ဗုဒ္ဓေါ – အရဟတ္တမဂ်ဉာဏ်နှင့်ပေါင်းဖော်ရခြင်းကြောင့် သဗ္ဗညုတဉာဏ်သို့ရောက်သဖြင့် အသင့်အားဖြင့် ကိုယ်တော်တိုင်သာ ပွင့်တော်မူပြီးသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်

ဝိဇ္ဇာဉာဏ် ၃ ပါး (၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။

(က)​ ဝိဇ္ဇာစရဏသမ္ပန္နော – ဝိဇ္ဇာဉာဏ်သုံးပါး၊ ဝိဇ္ဇာဉာဏ်ရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ခ) ဝိဇ္ဇာစရဏသမ္ပန္နော – (အသိ/အကျင့်ဘက်စုံမြင့်) အသိဉာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော ဂုဏ်တော်

အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။

(က)​ သုဂတော – တင့်တယ်သော အရိယာမဂ်တည်းဟူသော​ သွားခြင်းရှိတော် မူသော မြတ်စွာဘုရား။

(ခ) သုဂတော – ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူသော မြတ်စွာဘုရား။

(ဂ) သုဂတော – ပယ်ပြီးသောကိလေသာတို့ထံသို့ တစ်ဖန်ပြန်မလာဘဲ ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား။

(ဃ) သုဂတော – ဒီပင်္ကရာမြတ်စွာဘုရား၏ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင် ထိအောင် ပါရမီဖြည့်ကာ ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား။

(င) သုဂတော – စကားခြောက်ခွန်းအနက် နှစ်ခွန်းသော သင့်လျော်သည့် စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။ (အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။) ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။

၅။ လောကဝိဒူ ဂုဏ်တော်

သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။

(က) လောကဝိဒူ – (လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။) လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်

အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

(က) အနုတ္တရော – သီလ သမာဓိ ပညာ ဂုဏ်တော်အားဖြင့် မိမိထက် လွန်မြတ်သောသူ ရှိတော်မမူသော မြတ်စွာဘုရား။ (လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်) အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။

(ခ) ပုရိသဒမ္မသာရထိ – မယဉ်ကျေးသော လူယောကျာ်း၊ နတ်ယောကျာ်း၊ တိရစ္ဆာန်ယောကျာ်းတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။ (သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်၊ ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။) ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

၇။ သတ္တာ ဒေဝမနုဿာနံ ဂုဏ်တော်

လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။

(က) သတ္ထာ ဒေဝမနုဿာနံ – နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။) နတ်၊ လူ၊ သတ္တဝါအပေါင်းတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား။

(ခ) သတ္ထာ ဒေဝမနုဿာနံ – လူနတ်ဗြဟ္မာ သတ္တဝါတို့ကို သံသရာခရီးခဲမှ ကယ်တင်တော်မူတတ်သော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ ဂုဏ်တော်

သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။

(က) ဗုဒ္ဓေါ – (သစ္စာသိအောင်ညွှန်ပြတော်မူ) သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လည်းသိ သူတစ်ပါး တို့ကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား။

(ခ) ဗုဒ္ဓေါ – (သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်) – ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊ သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။

(ဂ) ဗုဒ္ဓေါ – သတ္တဝါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။

(ဃ) ဗုဒ္ဓေါ – (တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး၊ ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။) မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား။

(င)​ ဗုဒ္ဓေါ – (နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်)
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား။

(ဃ) ဗုဒ္ဓေါ – (မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ) အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ ဂုဏ်တော်

ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

(က) ဘဂဝါ – ဘုန်းကံပါရမီ ရှိတော်မူသော မြတ်စွာဘုရား။

(ခ) ဘဂဝါ – မာရ်ငါးပါးဟူသော ဘေးရန်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။

(ဂ) ဘဂဝါ – ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဃ) ဘဂဝါ – ကုသိုလ်အစရှိသော အလုံးစုံသောတရားတို့ကို ဝေဘန်၍ ဟောတော်မူတတ်သော မြတ်စွာဘုရား။

(င) ဘဂဝါ – လောကီ လောကုတ္တရာတရားတို့ကို မှီဝဲတော်မူတတ်သော မြတ်စွာဘုရား။

(စ) ဘဂဝါ – ဘဝသုံးပါးတို့၌ သွားကြောင်းတဏှာကို ထွေးအန်တော် မူပြီးသော မြတ်စွာဘုရား။

(ဆ) ဘဂဝါ – (မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဇ) ဘဂဝါ – (မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။

(ဈ)​ဘဂဝါ – (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။) များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ည) ဘဂဝါ – (လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ) အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(တ) ဘဂဝါ – (ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ မေတ္တာကရုဏာဆန္ဒတော်) လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။

(ထ) ဘဂဝါ – (လုံ့လဝီရိယကြီးမားမှ ဆန္ဒပြည့်ဝ) အတုမရှိသော လုံလဝီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဒ) ဘဂဝါ – (လုံ့လဝီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့) ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

(ဓ) ဘဂဝါ – အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။

(မ) ဘဂဝါ – သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။ ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရား။ ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။


အဓိပ္ပါယ်ရှင်းလင်းချက်

ဝိဇ္ဇာ ၃-ပါး

  1. ပုဗ္ဗေနိဝါသာနုဿတိဉာဏ် – ရှေးရှေးဘဝ၌ နေထိုင်တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့နိုင် သောဉာဏ်။
  2. ဒိဗ္ဗစက္ခုဉာဏ် – နတ်မျက်စိကဲ့သို့ ဝေးကွာသောအရာ၊ သေးငယ်သောအရာကို မြင်နိုင်သော ဉာဏ်။
  3. အာသဝက္ခယဉာဏ် – ကိလေသာအာသဝေါကို ကုန်စင်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာ ၈-ပါး

  1. ဝိပဿနာဉာဏ် – အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရုပ်နာမ်တရားအားလုံးကို သိသောဉာဏ်။
  2. စေတောပရိယဉာဏ် – သူများစိတ်ကို သိနိုင်သောဉာဏ်။
  3. မနောမယိဒ္ဓိဉာဏ် – မိမိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိိုင် သောဉာဏ်။
  4. ဒိဗ္ဗသောတဉာဏ် – နတ်တို့နားကဲ့သို့ ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင် သောဉာဏ်။
  5. ဣဒဉာဏ် – မြေလျှိုး၊ မိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။

မှတ်ချက်။
ရှေ့ ဝိဇ္ဇာ ၃-ပါးတွင် ဤ ၅-ပါးကိုထည့်လျှင် ဝိဇ္ဇာ ၈-ပါးဖြစ်၏။

စရဏ ၁၅–ပါး

  1. သဒ္ဓါ – ကုသိုလ်၊ အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး၊ မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘဝရှိသည်ဟု ယုံကြည်မှု။
  2. သတိ – ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု။
  3. ဟိရီ – မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
  4. သြတ္တပ္ပ – မကောင်းမှု ဒုစရိမှ ကြောက်လန့်မှု။
  5. ဝီရိယ – ကုသိုလ်ကောင်းမှုကိစ္စများ၌ အားထုတ်မှု။
  6. သုတ – အကြားအမြင်များမှု။
  7. ပညာ – အရာရာ၌ တတ်သိလိမ္မာမှု။
  8. ဘောဇနေ မတ္တညုတာ – စားသောက်ရာ၌ ကိုယ်နှင့် သင့်၊ မသင့် နှိုင်းချင့်၍ အတိုင်းအရှည်ကို သိမှု။
  9. ဇာဂရိယာနုယောဂ – နိုးနိုးကြားကြားအိပ်မှု၊ အအိပ်အနေ နည်းမှု။
  10. သီလ – နေ့စဉ် ဆိုင်ရာသီလကို စောင့်ထိန်းမှု။
  11. ဣနြယသံဝရ – တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသမဖြစ်စေဘဲ မျက်စီ၊ နား၊ နှာစသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
  12. ပထမဈာန်
  13. ဒုတိယဈာန်
  14. တတိယဈာန်
  15. စတုတ္ထဈာန်

စကား ၆–ခွန်း

  1. မှန်လည်းမမှန်၊ သူများလည်း မနာကြားလို၊ အကျိုးမရှိသောစကား။
  2. မှန်ကားမှန်၊ သူများ မနာကြားလို၊ အကျိုးမရှိသောစကား။
  3. မှန်ကား မမှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
  4. မှန်ကား မှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
  5. မှန်လည်းမှန်၊ သူများ မနာကြားလို၊ အကျိုးရှိသောစကား
  6. မှန်လည်းမှန်၊ သူများ နာကြားလို၊ အကျိုးရှိသောစကား

ဘုရားရှင်တို့သည် ရှေ့ ၄-မျိုး လုံးဝ မပြောဘဲ၊ နောက် ၂-မျိုး (မှန်လည်းမှန်၊ မနာကြားလို/နာကြားလို၊ အကျိုးရှိသောစကား) ကိုသာ ပြောသည်။

လောက ၃–ပါး

  1. သတ္တလောက – အသက်ရှိသော သတ္တဝါအပေါင်းသည် သတ္တလောကမည်၏။
  2. သြကာသလောက – သတ္တဝါတို့၏တည်နေရာဘုံဌာနသည် သြကာသလောကမည်၏။
  3. သင်္ခါရလောက – လောကီရုပ်တရား၊ နာမ်တရားအပေါင်းသည် သင်္ခါရလောကမည်၏။

သစ္စာ ၄–ပါး

  1. ဒုက္ခသစ္စာ – (ဒုက္ခ-ဆင်းရဲခြင်း + သစ္စာ-အမှန်) မိမိ၏ ရုပ်ခန္ဓာနှင့် စိတ်,စေတသိက် ဟူသောနာမ်တရားများ ပေါင်းစပ်နေသည်ကို ခန္ဓာကိုယ်ဟုခေါ်၏၊ ဤခန္ခာကိုယ်သည် ဒုက္ခတုံး၊ ဒုက္ခခဲ၊ ဆင်းရဲခြင်းအမှန်ဖြစ်သည်။
  2. သမုဒယသစ္စာ – (သမုဒယ-ဒုက္ခဖြစ်ကြောင်း+သစ္စာ-အမှန်) ထိုဒုက္ခ၏အကြောင်းရင်းကား ”တဏှာ လောဘ”ဟု ခေါ်ဆိုအပ်သော နှစ်သက်ခင်မင်မှု၊ လိုချင်တပ်မက်မှု သည် ဒုက္ခဖြစ်ကြောင်းအမှန်ဖြစ်သည်။
  3. နိရောဓသစ္စာ – (နိရောဓ-ဒုက္ခ၏ ချုပ်ဆုံးရာ + သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန် ဖြစ်သည်။
  4. မဂ္ဂသစ္စာ – (မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်း + သစ္စာ-အမှန်) နိဗ္ဗာန်ရောက် ကြောင်း လမ်းကြောင်းအမှန်ကား မဂ္ဂင် ရှစ်ပါး ဖြစ်သည်။

မဂ္ဂင် ၈–ပါး

  1. သမ္မာဒိဋ္ဌိ – ကောင်းသောအလိမ္မာ ဉာဏ်ပညာ။
  2. သမ္မာသင်္ကပ္မ – ကောင်းသောအကြံအစည်။
  3. သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
  4. သမ္မာကမ္မန္တ – ကောင်းသောအမှုကို ပြုခြင်း။
  5. သမ္မာအာဇီဝ – ကောင်းသောအသက်မွေးခြင်း။
  6. သမ္မာဝါယာမ – ကောင်းသောအားထုတ်ခြင်း။
  7. သမ္မာသတိ – ကောင်းသော အမှတ်ရခြင်း။
  8. သမ္မာသမာဓိ – ကောင်းသော တည်ကြည်ခြင်း။

မာရ် ၅ –ပါး

  1. ဒေဝပုတ္တမာရ် – မာရ်နတ်
  2. ကိလေသာမာရ် – ကိလေသာ ၁ဝ-ပါး၊
  3. ခန္ခမာရ် – ခန္ခာ ၅-ပါး၊
  4. စ္စုမာရ် – သေခြင်းတရား၊
  5. အဘိသင်္ခါရမာရ် – ပြုပြင်စီရင်မှု။

ဘုန်းတော် ၆-ပါး

  1. ဣဿရိယ ဘုန်းတော် – ကိုယ်တော်၏စိတ်နှင့် သတ္တဝါတို့ကို အစိုးရခြင်း၊ အုပ်စိုးတော် မူနိုင်ခြင်း။ အဏိမာ၊ လဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဣသိတာ၊ ဝသိတာ၊ ယတ္ထကာမာ ဝသာယိတာ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။
  2. ဓမ္မ ဘုန်းတော် – မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-ပါး။ ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။
  3. ယသ ဘုန်းတော် – ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။
  4. သိရီ ဘုန်းတော် – လွန်စွာသပ္ပါယ်သော ကိုယ်တော်၏ ကျက်သရေမင်္ဂလာ။ ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။
  5. ကာမ ဘုန်းတော် – ရှင်တော်မြတ်အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်း။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။
  6. ပယတ္တ ဘုန်းတော် – ကြီးမားလှစွာသော လုံ့လဝီရိယ။ တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။
ဣဿရိယ ဘုန်းတော်(၈)မျိုး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဣဿရိယ ဘုန်းတော် တစ်ခုတည်းမှာပင် အစွမ်းသတ္တိ အားဖြင့် ရှစ်မျိုး ခွဲပြထားလေသည်။

  • (၁) အာဏိမာ – ကိုယ်တော်ကို အလိုရှိသလောက် အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
  • (၂) မဟိမာ – ကိုယ်တော်ကို အလိုရှိသလောက် ကြီးအောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
  • (၃) လဃိမာ – ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
  • (၄) ပတ္တိ – ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
  • (၅) ပါကမ္မ – အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
  • (၆) ဣသိတာ – မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
  • (၇) ဝသိတာ– ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
  • (၈) ယတ္ထ ကာမာ ဝသာယိတာ – အလိုရှိသလောက် အဓိဋ္ဌာန်သောအတိုင်း ဆိုင်းငံ့တော်မမူဘဲ တစ်ပြိုင်တည်း ထိုကိစ္စကို ပြီးစေနိုင်သော ဘုန်းတော်။

ဘုရားဂုဏ်တော်ပွားရကျိုး

၁။ သံသရာဝဋ်ဆင်းရဲ၌ အမှန်စင်စစ်ငြီးငွေ့ခြင်း၊
၂။ သံသရာဝဋ်ဆင်းရဲ၌ တပ်မက်မှုကင်းခြင်း၊
၃။ ရာဂစသော ကိလေသာများ ကင်းခြင်း၊
၄။ ရာဂစသည်တို့၏ ချုပ်ငြိမ်းခြင်း၊ မဖြစ်ခြင်း၊
၅။ ဝဋ်ဆင်းရဲ၏ချုပ်ခြင်း၊
၆။ ကိလေသာတို့ ၏ငြိမ်းခြင်း၊
၇။ သင်္ခါရတရားတို့ကို အနိစ္စစသည်ဖြင့် လက္ခဏာယာဉ်တင်၍ အထူးသိခြင်း၊
၈။ သစ္စာလေးပါးတို့ ကို ကောင်းစွာသိခြင်း၊
၉။ မဂ်ဉာဏ်လေးပါးကို ထိုးထွင်း၍သိခြင်း၊
၁၀။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ၁၊ ၃၂။)

၁။ ရာဂထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၂။ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၃။ မောဟထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၄။ ဂုဏ်တော်များကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်ခြင်း၊
၅။ ဂုဏ်တော်များ၏အနက်ကို မှီ၍ဖြစ်သောဝမ်းမြောက်မှုဖြစ်ခြင်း၊
၆။ ဂုဏ်တော်များ၏ပါဠိကို မှီ၍ဖြစ်သော ဝမ်းမြောက်မှုဖြစ်ခြင်း၊
၇။ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်း၊
၈။ နှစ်သက်မှုဖြစ်ခြင်း၊
၉။ ကိုယ်ငြိမ်းချမ်းခြင်း၊
၁၀။ ချမ်းသာကို ခံစားရခြင်း၊
၁၁။ စိတ်တည်ကြည်ခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ၂။ ၂၅၂၊ ၂၅၃။)

References

ဘုရာဂုဏ်တော်ကိုးပါး ပါဠိနှင့် အနက်

သော ဘဂ၀ါ ဣတိပိ အရဟံ
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သော ဘဂ၀ါ ဣတိပိ ဝိဇ္ဇာစရဏသမ္ပန္နော
သော ဘဂ၀ါ ဣတိပိ သုဂတော
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ
သော ဘဂ၀ါ ဣတိပိ အနုတ္တရောပုရိသ ဒမ္မသာရထိ
သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ

(၁) အရဟံ ဂုဏ်တော်

သော ဘဂဝါ၊ သစ္စာလေးဆင့် ခိုင်လုံးတင့်ကာ ပွင့်လာခေါင်ဖျားထိုအောင်တော်မူ မြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ ကိလေသာတို့မှ ကင်းဝေးတော်မူခြင်း၊ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူခြင်း၊ သံသရာစက်၏ အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူခြင်း၊ ပူဇော်အထူးနှင့်တကွ ပစ္စည်းလေးပါးတို့ကို ခံယူတော်မူထိုက်ခြင်း၊ မကောင်းမှုကို ပြုလုပ်ဖွယ်ရာ ဆိတ်ကွယ်ရာမရှိခြင်းဟူသော အကြောင်းကြောင့်လည်း။ အရဟံ၊ “အရဟံ”ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော မြတ်စွာဘုရား၊
ကိလေသာ အညစ်အကြေးကင်းစင်တော်မူပါပေသော မြတ်စွာဘုရား၊
မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်၌ပင် ပြုတော်မမူပေထသော မြတ်စွာဘုရား။

(၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ သယမ္ဘူ ဉာဏ်တော်မြတ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ကြွင်းမဲ့ဥဿုံ အလုံးစုံသော ဉေ ယျဓံ တရားဟူသမျှတို့ကို ကောင်းစွာ မဖောက်မပြန် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ သမ္မာသမ္ဗုဒ္ဓေါ၊ “သမ္မာသမ္ဗုဒ”ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

သိစရာမှန်သမျှတို့ကို ဆရာမလို ကိုယ်တော်တိုင်သိတော်မူပါပေသော မြတ်စွာ ဘုရား။

(၃) ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသောအကြောင်း ကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော၊ “ဝိဇ္ဇာစရဏသမ္ပန္န”ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

သိတော်မူသည့်အတိုင်း ကျင့်တော်မူပါပေသော မြတ်စွာဘုရား။

(၄) သုဂတ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ ငြိကပ်မှု ကင်းသန့်ရှင်းလှစွာ ကြွသွားတော်မူခြင်း၊ ကောင်းသော နိဗ္ဗာန်သို့ ဦးတည်၍ ကြွချီတော် မူခြင်း၊ အစွန်းတရားနှစ်ပါးမှကင်းလျက် အမှန်လမ်းဖြင့် ကြွသွားတော်မူခြင်း၊ သင့်တင့် လျောက်ပတ်ကောင်းမြတ်သောစကားတော်ကိုသာမြွက်ဆိုတော်မူခြင်းဟူသောအကြောင်းကြောင့်လည်း။ သုဂတော၊ “သုဂတ”ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

မှန်ကန်ပြီး အကျိုးရှိတော်မူသော စကားကိုသာ ဆိုတော်မူတတ်ပါပေသော မြတ်စွာဘုရား။

(၅) လောကဝိဒူ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကသုံးပါးတို့ကို လည်းကောင်း၊ လောက၏ သဘာဝ၊ လောက၏ ဖြစ်ကြောင်းတရား၊ လောက၏ ချုပ်ငြိမ်းမှုနှင့် လောက၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းကိုလည်းကောင်း အကြွင်းမရှိ သိမြင်တော်မူသော အကြောင်းကြောင့်လည်း။ လောကဝိဒူ၊ “လောကဝိဒူ” ဟူသော ဂုဏ် တော်မြတ်နှင့် ပြည့်စုံတော်မူပါပေ၏။

(၆) အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿနဂုဏ် တော်တို့ဖြင့် မိမိထက် သာလွန်သူ တစ်စုံတယောက်မျှ မရှိခြင်း၊ မယဉ်ကျေးသေးသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူနိုင်ခြင်း၊ ယင်းသို့ဆုံးမရာ၌ အတုမရှိ အောင်မြင်တော်မူခြင်းဟူသော အကြောင်းကြောင့်လည်း။ အနုတ္တရော ပုရိသဓမ္မ သာရထိ၊ “အနုတ္တရော ပုရိသဓမ္မ သာရထိ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ ပေ၏။

(၇) သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ ဗြဟ္မာနတ်လူ သုံးဘုံသူတို့အား ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုး ဖွံ့ဖြိုးစေခြင်းငှာ သင့်တင့် လျောက်ပတ် ကောင်းမြတ်သောအဆုံးအမကို ပေးတော်မူတတ်ခြင်း၊ ဘဝကန္တာရ ခရီးခဲမှ သတ္တဝါတို့ကို ထုတ်ဆောင် ကယ်တင်တော်မူတတ်ခြင်းဟူသော အကြောင်းကြောင့်လည်း သတ္တာဒေဝ မနုဿာနံ၊ “သတ္တာဒေဝ မနုဿာန” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော် မူပါပေ၏။

(၈) ဗုဒ္ဓ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ သစ္စာလေးပါး မြတ်တရားကို ထင်ရှားပိုင်ပိုင် ကိုယ်တော်တိုင်လည်း သိတော်မူခြင်း၊ သူတပါးတို့ကိုလည်း မိမိနည်းတူ သိမြင်စေခြင်းငှာ ဟောကြားပြသ ဆုံးမတော်မူခြင်းဟူသောအကြောင်းကြောင့် လည်း ဗုဒ္ဓေါ “ဗုဒ္ဓ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော် မူပါပေ၏။

(၉) ဘဂဝါ ဂုဏ်တော်

သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဣိတိပိ၊ ဤသို့ အလေး အမြတ်ပြုခြင်း၊ မာရ်ငါးပါးကို ဖျက်ဆီးအောင်မြင်ပြီး ဖြစ်ခြင်း၊ ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူခြင်း စသော အကြောင်းကြောင့်လည်း။ ဘဂဝါ “ဘဂဝါ” ဟူသော ဂုဏ်တော်မြတ်နှင့် ပြည့်စုံတော်မူပါ ပေ၏။

ညွှန်း– ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သာသနာ သက္ကရာဇ် ၂၅၅၁၊ စာ ၇၀-၇၂

ဘုရားဂုဏ်ပွားအကျိုးများ

မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် အကျဉ်းချုပ်အားဖြင့် ၉-ပါးဖြစ်ပါသည်။ အကျယ်အားဖြင့် မရေမတွက်လောက်အောင် များပြားလှပေသည်။ ဂုဏ်တော်များ၏ အစွမ်းသတ္တိတန်ခိုးအာနုဘော်တို့ သည်လည်းမရေမတွက်နိုင်လောက်အောင် များပြားလှပေသည်။ ထို့ကြောင့် ဂုဏ်တော်များကို ပွားများ ကြသော ပုဂ္ဂိုလ်တို့မှာလည်း မိမိတို့ အလိုရှိအပ်သော အကျိုးများစွာတို့ကို ရရှိနိုင်ကြပေသည်။

ဘုရားဂုဏ်တော်များကိုပွားများခြင်းဖြင့် ဘုရား၏ဂုဏ်တော်များကို မိမိ၏ကိုယ်စိတ်နှလုံးတွင်ထုံမွှမ်းထားသကဲ့သို့ကူးစက်ပြန့်နှံလျှက်ရှိပြီး ဂုဏ်တော်၏အကျိုးထူးများကို ရရှိခံစားနိုင်ပါသည်။ ဂုဏ်တော် ၉-ပါလုံးကို ပွားများရန် အချိန်မရသူများအနေဖြင့် မိမိနှစ်သက်ရာ ဂုဏ်တော်တစ်ပါးပါးကိုပွားများခြင်းဖြင့် ဂုဏ်တော်၏အဓိပ္ပာယ်အလိုက် အကျိုးထူးများကို ရရှိနိုင်ပါသည်။ ဥပမာ- သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်ကို ပွားများခြင်းဖြင့် အသိဉာဏ်ပညာများကိုပွင့်လင်းစေပြီး စာမေးပွဲများဖြေဆိုရာတွင် ကောင်းမွန် စွာဖြေဆိုနိုင်ပါသည်။ ရန်အတိုက်အခံများရှိပါက အနုတ္တရောပုရိသဓမ္မသာရထိဂုဏ်တော်ကိုပွားများ သင့်ပါသည်။ ရာထူးဌာနန္တရများတိုးတက်လိုပါက အရဟံဂုဏ်တော်ကိုပွားများသင့်ပါသည်။ ဂုဏ်တော်များကို ပွားများရာတွင် ပါဠိကိုသာမက အနက်အဓိပ္ပာယ်ကိုပါ စိတ်ဖြင့်အားရုဏ်ပြုပြီးပွားများပါက ပိုမိုထိ ရောက်အကျိုး ရှိနိုင်ပေသည်။ ဘုရားဂုဏ်တော်များကို စားရင်း သွားရင်း နေရင်း ထိုင်ရင်း အလျဉ်းသင့် သလိုပွားများခြင်းဖြင့် မိမိကိုယ်ကို စေတီတည်ရာလည်းရောက်ပေသည်။

ညွှန်း– ဓမ္မဒါနအလှူရှင် – သုံးခွဆရာတော် (သဒ္ဓမ္မရံသီရိပ်သာ)

ဘုရားဂုဏ်တော်(၉)ပါး

၁။ အရဟံ ဂုဏ်တော်

အရဟံ – လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း။
အ-ရဟံ – မကောင်းမှုပြုရန် ဆိတ်ကွယ်ရာ ရှိတော်မမူခြင်း။
အရ-ဟံ – သံသရာစက် အကန့်ကို ဖျက်ဆီးတော်မူတတ်ခြင်း။ (သံသရာ၌ နောက်ထပ်တစ်ဖန် ပြန်မဖြစ်တော့ခြင်း)

ဝိသုဒ္ဓိမဂ်လာ ၂ ချက်နှင့်ပေါင်းက အရဟံအနက် ၅ ချက်ဖြစ်သည်။

  • အရဟံ – ကိလေသာတို့မှ ဝေးကွာတော်မူခြင်း။
  • အရဟံ – ကိလေသာရန်သူတို့ကို သတ်တော်မူခြင်း။

၂။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

  1. သင်္ခါရ (စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ)
  2. ဝိကာရ (လဟုတာ မုဒုတာ ကမ္မညတာ ကာယဝိညတ် ဝစီဝိညတ် ဟူသော ဝိကာရရုပ် ၅ပါး)
  3. လက္ခဏ (ဥပစယ သန္တတိ ဇရတာ အနိစ္စတာ ဟူသော လက္ခဏရုပ် ၄ပါး)
  4. ပညတ် (လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသောပညတ်များ)
  5. နိဗ္ဗာန် (ကိလေသာ အညစ်အကြေး ကင်းစင်ပြီး ရုပ် ၂၈ပါး နာမ်တေပညာသ ၅၃ပါးနှင့် ပညတ်မှ တစ်ပါးသော ငြိမ်းအေးချမ်းသာမှု ဓာတ်ကြီးတစ်မျိုး)

ဟူသော ဉေယျဓံတရား (၅)ပါးကို မဖောက်ပြန်တတ်သော သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူခြင်း။ ။

ဤ၌ အနိပ္ဖန္နရုပ်တစ်ပါးဖြစ်သော ပရိစ္ဆေဒရုပ်မှာ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကိုသာ ပရိစ္ဆေဒရုပ်ဟု ခေါ်သဖြင့် ပရမတ်အစစ် မဟုတ်ပါ။ ရုပ်ကလာပ်နှစ်ခု ဖြစ်ပေါ်သောအခါ အလိုလိုပေါ်လာသော ပညတ်မျှသာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းရုပ်ကို ‘ပညတ်’ဟူသော ဉေယျဓံတရား၌ ပါဝင်ပြီးဖြစ်၍ သီးခြားမဖော်ပြတော့ခြင်း ဖြစ်သည်။

၃။ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် ဟူသော ဝိဇ္ဇာ(၃)ပါး
ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု အာသဝက္ခယ ဝိပဿနာ စေတောပရိယ မနောမယိဒ္ဓိ ဒိဗ္ဗသောတ ဣဒ္ဓိဝိဓဉာဏ် ဟူသော ဝိဇ္ဇာ(၈)ပါး
သဒ္ဓါ သတိ ဟိရိ သြတ္တပ္ပ ဝီရိယ သုတ ပညာ ဘောဇနေ မတ္တညုတာ ဇာဂရိယာနုယောဂ သီလ ဣန္ဒြိယသံဝရ ပထမဈာန်ုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဟူသော စရဏတရား(၁၅)ပါးနှင့် ပြည့်စုံတော်မူခြင်း။

၄။ သုဂတ ဂုဏ်တော်

ရှေးရှေးကဘုရားများကဲ့သို့ ကောင်းသောအလာဖြင့် လာတော်မူခြင်း။ ကောင်းသောစကား (မှန်,အကျိုးရှိ) သူတစ်ပါးနှစ်သက်စကား (မှန်,အကျိုးရှိ) စကားနှစ်ခွန်းကိုသာ ဆိုတော်မူတတ်ခြင်း။

၅။ လောကဝိဒူ ဂုဏ်တော်

သက်ရှိ(သတ္တလောက) သတ္တဝါများတည်ရာ သက်မဲ့ (သြကာသလောက) နှင့် ယင်း သတ္တလောက သြကာသလောကတို့ ဖြစ်ခြင်း ပျက်ခြင်း (သင်္ခါရလောက)တည်းဟူသော လောက(၃)ပါးကို သိတော်မူခြင်း။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်

သတ္တလောက သတ္တဝါဟူသမျှ၏ လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာစသော ဣန္ဒြေတို့၏ အနုအရင့်ကို နှိုင်းချင့်ခွဲခြမ်း သိနိုင်စွမ်းတော်မူကာ ထိုသတ္တဝါများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော်မူနိုင်ခြင်း (ဝါ) မယဉ်ကျေးသောသူတို့အား ယဉ်ကျေးအောင် ဆုံးမတော်မူတတ်ခြင်း။

၇။ သတ္ထာ ဒေဝမနုဿန ဂုဏ်တော်

မကောင်းမြစ်တာ ကောင်းရာညွန်ကြားတော်မူသဖြင့် တစ်နည်းအားဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အဇ္ဈာသယကိုလိုက်၍ ကောင်းကျိုးဆိုက်အောင် ဟောပြောတော်မူတတ်သဖြင့် သတ္တဝါတို့၏ ဆရာဖြစ်တော်မူခြင်း။

၈။ ဗုဒ္ဓ ဂုဏ်တော်

သုမေဓာရသေ့ဘဝက ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒာဓိပတိ ပြင်းပြမှုရှိသဖြင့် “တရားကို ကိုယ်တိုင်သိသောအခါဝယ် သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သော (၄)သစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်ပြီး သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မကွေအတူ သိစေတော်မူခြင်း။

၉။ ဘဂဝါ ဂုဏ်တော်

(က) ဣဿရိယ ဘုန်းတော်

  • သိမ်မွေ့သောရုပ်အဆင်းကို ဖန်ဆင်းနိုင်သော အဏိမာဘုန်း။
  • ကောင်းကင်၌ ဈာန်ပျံကြွသွားနိုင်သော လဃိမာဘုန်း။
  • ကိုယ်တော်ပုံကို ကြီးမားစွာဖန်ဆင်းနိုင်သော မဟိမာဘုန်း။
  • လိုရာခရီးကို တစ်ခဏဖြင့် ကြွရောက်နိုင်သော ပတ္တိဘုန်း။
  • အဆင်းပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဖန်ဆင်းနိုင်သော ပါကမ္မဘုန်း။
  • လူမင်း နတ်မင်း တို့၏ စိတ်ဓာတ်ကို အုပ်စိုးလွှမ်းမိုးနိုင်သော ဣသိတာဘုန်း။
  • အဘိညာဉ် ဈာန်သမာပတ် ဖလသမာပတ်ကို တစ်ခဏဖြင့် ဝင်စားလိုက ဝင်စားနိုင်သော ဝသိတာဘုန်း။
  • ကိစ္စတစ်ခုကို ပြီးစေလိုလျှင် တစ်ခဏဖြင့် ပြီးစေနိုင်သော ယတ္ထကာမာဝသာယိတာဘုန်း။ ။

ဤ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။

(ခ) ဓမ္မ ဘုန်းတော်

ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။

(ဂ) ယသ ဘုန်းတော်

ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။

(ဃ) သီရိ ဘုန်းတော်

ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။

(င) ကာမ ဘုန်းတော်

အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။

(စ) ပယတ္တ ဘုန်းတော်

တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။ ။

ယင်း ဘုန်းတော် ၆ပါးနှင့် ပြည့်စုံတော်မူခြင်း။

ကိုးကား

ဘုရားဂုဏ်တော်ဖွင့်များ

ရတနာ့ဂုဏ်ရည် – မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ

ဂုဏ်တော် ၉ ပါး ပါဠိတော်

(ကျက်မှတ်ရန်)

ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ,
ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ,
အနုတ္တရောပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ,
ဗုဒ္ဓေါ ဘဂဝါ။

ကြည့်ရူရန် အဓိပ္ပာယ်

ဣတိပိ သော ဘဂဝါ” ၌ “ဣတိပိ” သည် မိမိ၏ ဉာဏ်ထဲမှာ ထင်လာသော အကြောင်းတစ်ခုခုကို ညွှန်ပြအပ်သော ပါဠိ၊ “သော ဘဂဝါ” ကား မြတ်စွာဘုရားကို ညွှန်ပြသော ပါဠိတည်း။ ထို့ကြောင့် ထိုပါဠိ ၂ ရပ်ကို ဂုဏ်တော် ၉ ပါးလုံးနှင့် တွဲစပ်ပါ။

၁။ ဣတိပိ သော ဘဂဝါ အရဟံ,
၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဓုဒ္ဓေါ,
၃။ ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော,
၄။ ဣတိပိ သော ဘဂဝါ သုဂတော,
၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ,
၆။ ဣတိပိ သော ဘဂဝါ အနုတ္တရောပုရိသဒမ္မသာရထိ,
ရ။ ဣတိပိ သော ဘဂဝါ သတ္ထာဒေဝမနုဿာနံ,
၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ,
၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ။

၁။ အရဟံ ဂုဏ်တော်ဖွင့်

(ကျက်မှတ်ရန်)

သော ဘဂဝါ– ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန– တစ်ထောင့်ငါးရာ, ကိလေသာတို့, ဝါသနာဓလေ့, အထုံငွေ့မျှ , မငွေ့မရိပ်, ဝင်းဝင်းဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူ ကော်ရော်, အလှူ တော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ– အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ကြည့်ရူရန် အဓိပ္ပာယ်

အရဟံ ဂုဏ်တော်သည်
၁။ “ကိလေသာတို့မှ ဝေးကွာတော်မူ၏” ဟူသော အနက်၊
၂။ “လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏” ဟူသော အနက်ကို ပြသည်။

တစ်ထောင့်ငါးရာ, ကိလေသာတို့။ ။ပုထုဇဉ်တို့၏ သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။ [ထို ၁၅၀၀ တွက်ပုံကို အလိုရှိက သဂြိုဟ်သင်ဖူးသူများကို မေးပါ။ အခြေပြုသဂြိုဟ် သမုစ္စည်းပိုင်းမှာလည်း တင်ပြထားသည်။]

ဝါသနာဓလေ့ အထုံငွေ့မျှ။ ။သတ္တဝါတို့၏ သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏ သတ္တိကို “ဝါသနာ = အထုံ” ဟု ခေါ်သည်။ ရဟန္တာများ သန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ။ ဥပမာ – စူးရှသော အရက်ထည့်ရာ ပုလင်းမှ အရက်ကုန်သွားသော်လည်း အရက်အနံ့ အထုံ မပျောက်သကဲ့သို့တည်း။ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာပါ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် တဝင်းဝင်း တဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်း တော်မူပေသည်။

ပူဇော်ခံထိုက်ပုံ။ ။ထို့ကြောင့် အမှိုက်သရိုက်ကင်း၍ သန့်ရှင်းသော ဥယျာဉ်လယ်ယာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် သန်မာကြီးမား ထွားကျိုင်း ဖွံ့ဖြိုး အကျိုးများသောကြောင့် ထိုမြေမျိုး၌သာ စိုက်ပျိုး ကြဲချသင့်သကဲ့သို့ ထို့အတူ ကိလေသာ အနောက်အကျူ မရှိသဖြင့် စိတ်တော်အစဉ် ကြည်လင်နေသော ဘုရားရှင်၌ လှူ ဒါန်းပူဇော်ခြင်း ဟူသော မျိုးစေ့များကို ကြဲချစိုက်ပျိုးလိုက်လျှင် ရည်ရွယ်သလောက် အကျိုးရနိုင်သောကြောင့် ရှင်တော်ဘုရားသည် လှူ ဒါန်းပူဇော်သမျှကို ကောင်းစွာ ခံယူတော်မူထိုက်ပါပေသည်။

ဤသို့ အမင်းမင်းတို့၏ ပူဇော်ခြင်းကို ခံယူတော်မူထိုက်သော “အရဟံ” ဂုဏ်တော်ကြောင့် ဘုရားရှင် လက်ထက်တော်အခါ၌ “သဟမ္ပတိ” ဗြဟ္မာမင်းကြီးသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် ပူဇော်ဖူးလေပြီ။ “ဗိမ္မိသာရ” မင်းလည်း ဝေဠုဝန် ကျောင်းတိုက်တော်ကြီးဖြင့် ပူဇော်ဖူးလေပြီ။ ပရိနိဗ္ဗာန်စံတော်မူပြီးမှလည်း “ဓမ္မသောက” မင်းသည် ၉၆ ကုဋေသော ဥစ္စာတို့ကို (စုတေခါနီးမှ ၄ ကုဋေ ထပ်ဖြည့်၍ ကုဋေတစ်ရာ) ဥစ္စတို့ကို အကုန်အကျခံလျက် ရှစ်သောင်းလေးထောင်သော ကျောင်းတို့ဖြင့် ရှင်တော်မြတ်ဘုရားကို ရည်မှန်း၍ ပူဇော်ဖူးလေပြီ။

ယခုအခါ ဗုဒ္ဓဘာသာဝင်တို့၏ အလှူ ဒါနပြုမှုတို့၌လည်း ဘုရားရှင်ကို ကြည်ညိုမှုက အရင်းခံလျက်ရှိ၏။ ယခုတိုင်အောင် အပူဇော်ခံနေရပါသည် ဟူလို။ ဤသို့လျှင် ဘုရားရှင်၏ “အရဟံ” ဂုဏ်တော် ရနံ့သည် လူအဆင့်ဆင့် နတ်အဆင့်ဆင့် သင်းပျံ့လျက် ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့မွှေးကြူ ပါသည်။

တိုက်တွန်းချက်။ ။ဘုရားရှင်၏ “အရဟံ” ဂုဏ်တော်ကို အောက်မေ့ကြည်ညိုသူသည် ပြအပ်ခဲ့သော ဘုရားရှင်၏ စိတ်တော်၏ ကိလေသာ အနောက်အကျူ တို့မှ ကင်းသဖြင့် သန့်ရှင်း ကြည်လင်တော်မူပုံကို ထင်မြင်အောင် အာရုံပြုပါ။ ထိုကြည်လင်သော စိတ်တော်ကို အတုယူကာ မိမိစိတ်၌လည်း လောဘ, ဒေါသ, မာန်မာနနှင့် ဣဿာ, မစ္ဆရိယ စသော ကိလေသာ အနောက်အကျူ ကင်းစင်၍ အမြဲ ကြည်လင်သန့်ရှင်းအောင် သတိထားကြပါလေ။ ဤသို့ ဘုရားရှင်၏ ကိလေသာကင်း၍ စိတ်တော်သန့်ရှင်းပုံကို အာရုံပြုဖန်များလာလျှင် ထိုသန့်ရှင်းမှုသည် မိမိစိတ်၌ ဓာတ်သဘောကူးစက်၍ မိမိမှာလည်း သန့်ရှင်းသောစိတ်များ ဖြစ်လာပါပေလိမ့်မည်။ ဥပမာ – သူတော်ကောင်းနှင့် ပေါင်းသူသည် သူတော်ကောင်း ဖြစ်သကဲ့သို့တည်း။

၂။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖွင့်

(ကျက်မှတ်ရန်)

သော ဘဂဝါ– ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ, ဝိကာရနှင့် လက္ခဏပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရပ်သိရန်, ဉေ ယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တော်တိုင် သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ– သမ္မာသမ္ဗုဒ္ဓ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ကြည့်ရှုရန်အဓိပ္ပာယ်

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်သည် “အလုံးစုံသော တရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏” ဟူသော အနက်ကို ပြသည်။
[သမ္မာ+သံ+ဗုဒ္ဓ, သမ္မာ=မဖောက်မပြန်(အမှားမရှိအောင်) + သံ=ကိုယ်တော်တိုင် + ဗုဒ္ဓ=သိတော်မူနိုင်သည်။]

သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်။ ။ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရဖို့ရန် လေးအသချေင်္နှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ကောင်းမှု ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့် အားလျော်စွာ ဘဝအဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဉာဏ်တော် အဖြစ်သို့ ရောက်၍ လွန်စွာ အစွမ်းသတ္တိ ထက်မြက်ပါပေသည်။

ယခုလောက၌ သေးငယ်သော မြူ မှုန်ကို လူအပေါင်းတို့ ဝိုင်း၍ ကြည့်သောအခါ မျက်စိကောင်းသူများသာ မြင်၍ မျက်စိမှုန်သူတို့ကား ဘယ်လိုပင် ကြည့်သော်လည်း မမြင်ရတော့ဘဲ မျက်စိကွယ်နေသူတို့မှာ ဆိုဖွယ်ရာ မရှိတော့သကဲ့သို့ ထို့အတူ သိဖွယ်အာရုံများကို သတ္တဝါဟူသမျှတို့ သိရှိဖို့ရန် အားထုတ်ကြပါသော်လည်း ပင်ကိုဉာဏ်မျက်စိ ရှိသလောက်သာ သိမြင်နိုင်ကြသည်။ လုံးလုံးဉာဏ်မျက်စိ မရှိသူတို့မှာ အရှေ့, အနောက်, တောင်, မြောက် နှင့် တင်းတောင်း ပမာဏကို မျှ မသိနိုင်ကြပေ။

ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့် သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်။ ထိုသိဖွယ်တရားများကို “ဉေ ယျဓမ်” ဟုခေါ်၏။ [ဉေ ယျ = သိသင့် သိထိုက်သော + ဓမ် = ဓမ္မ – တရား။]

ဉေ ယျဓမ်တရား ၅ ပါးကား

၁။ သင်္ခါရ= စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ပန္နရုပ်များ။

၂။​ ဝိကာရ= ဝိကာရရုပ် ငါးပါး။

၃။​ လက္ခဏ= လက္ခဏရုပ် လေးပါး။

၄။ ပညတ်= လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသော ပညတ်များ။

၅။​ နိဗ္ဗာန်= ရုပ် နာမ် ပညတ်မှတပါး ငြိမ်းအေးသော ဓာတ်ကြီးတစ်မျိုး။

[ဤငါးမျိုး မှတပါး သိဖွယ်ရာ မရှိပြီ။ ဝိကာရ နှင့် လက္ခဏကို ရုပ်ချင်းတူပါလျက် ခွဲထားသည်မှာ ပရမတ်အစစ် မဟုတ်သောကြောင့်တည်း။ ဤဉေ ယျဓမ် ငါးပါးသည် ဇိနာလင်္ကာရဋီကာ အသာဓာရဏ ကထာ၌ ပါသည်။]

ဖောက်ပြန်မရှိ, ကိုယ်တော်တိုင်သိ။ ။ဤဉေ ယျဓမ်တရား ငါးပါးကို ဘုရားရှင် သိတော်မူရာ၌ ဖောက်ပြန်မှားယွင်းသွားသည်ဟူ၍မရှိ၊ နည်းပေးလမ်းပြမည့် ဆရာလည်းမရှိ၊ ကိုယ်တော်တိုင် သိတော်မူပေသည်။ ဤနေရာဝယ် ရပ်တန့်၍ စာဖတ်သူသည် ဗုဒ္ဓရှင်တော်မြတ်၏ သပ္ပာယ်သော ရုပ်အဆင်းတော်အတွင်း၌ “အရဟံဂုဏ်တော်” အရ စိတ်တော်၏ ကြည်လင်သန့်ရှင်းနေပုံ၊ ထိုကြည်လင်နေသော စိတ်တော်အစဉ်ဝယ် အလွန်ထက်မြက်သော ဉာဏ်တော်တည်နေပုံကို အာရုံယူကာ ဗုဒ္ဓါနုဿ တိကမ္မဋ္ဌာန်း ပွားများကြပါလေ။

တိုက်တွန်းချက်။ ။​အသိ အလိမ္မာ ဉာဏ် ပညာ ဟူသည် အလွန်အရေးကြီး၏။ ပညာသင်ရာဝယ် ဆရာတစ်ဦးထံမှာ အတူတူ သင်ယူပါလျက် အတတ်ချင်းကွာခြားနေပုံကို လည်းကောင်း၊ စီးပွား ဥစ္စာ ရှာဖွေရာဝယ် အရင်းအနှီးချင်း တူပါလျက် ဉာဏ်ရှိသူမှာ ကြီးပွား၍ ဉာဏ်နည်းသူမှာ မကြီးပွားနိုင်ဘဲ ဉာဏ်မရှိသူမှာ ဆုံးရှုံးရပုံကိုလည်းကောင်း၊ မိဖချင်း တူပါလျက် အချို့သားသမီးများ လိမ္မာ၍ အချို့ယုတ်မာပုံကိုလည်းကောင်း၊ ထိုကဲ့သို့ ကွာခြားသည့် အားလျော်စွာ လောကီဆိုင်ရာနှင့် သံသရာရေးတို့၌ ဉာဏ်ရှိသူက ကြီးကျယ်ထွန်းကား၊ ဉာဏ်မရှိသူက ပျက်ပြားနစ်မွန်း ရပုံကိုလည်းကောင်း စဉ်းစား၍ ဤ “သမ္မာသမ္ဗုဒ္ဓ” ဂုဏ်တော်ကို ကြည်ညိုကာ မိမိ၏ ပါရမီကို အမြဲတိုးပွားအောင် ကြိုးစားကြပါလေ။

“မရှိတာထက် မသိတာခက်”

၃။ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖွင့်

(ကျက်မှတ်ရန်)

သော ဘဂဝါ– ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန– သုံးပါး ရှစ်ပါး, ၂ မျိုးအားဖြင့်, ဟောထားပညာ, ဉာဏ်ဝိဇ္ဇာတည်း, နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွ ဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော– ဝိဇ္ဇာစရဏသမ္ပန္န ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ကြည့်ရှုရန်အဓိပ္ပာယ်

ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်သည် “ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏” ဟူသော အနက်ကို ပြ၏။ [ဝိဇ္ဇာ=အသိဉာဏ် + စရဏ=အကျင့် + သမ္ပန္န=ပြည့်စုံ၏။]

သုံးပါး, ရှစ်ပါး – ဉာဏ်ဝိဇ္ဇာတည်း။ ။အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့ သုတ္တန် ဒေသနာတော်၌ ၃ ပါး၊ အချို့ သုတ္တန် ဒေသနာတော်၌ ၈ ပါးဟု ၂ မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် “ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး” ဟုကွဲနေသည်။

[ဆောင်ပုဒ်] သုံးပါး ဝိဇ္ဇာ, ပု – ဒိ – အာ နှင့်, ဝိဇ္ဇာရှစ်ရပ်, ဝိပသ်စေတော, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။

ဝိဇ္ဇာသုံးပါး

၁။ ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ ။ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို ပြန်၍ အောက်မေ့နိုင်သော ဉာဏ်။

၂။​ ဒိဗ္ဗစက္ခု ဉာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသော အဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော ဉာဏ်။

၃။​ အာသဝက္ခယဉာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာရှစ်ပါး

၄။​ ဝိပဿနာဉာဏ်။ ။”အနိစ္စ ဒုက္ခ အနတ္တ” ဟု ရုပ် နာမ် တရားအားလုံးကို သိမြင်နိုင်သော ဉာဏ်။

၅။​ စေတောပရိယဉာဏ်။ ။သူတပါး၏ စိတ်ကို သိနိုင်သော ဉာဏ်။

၆။​ မနောမယိဒ္ဓိဉာဏ်။ ။မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သော ဉာဏ်။

၇။ ဒိဗ္ဗသောတဉာဏ်။ ။နတ်တို့၏ နားကဲ့သို့ ဝေးသော အသံ၊ သေးငယ်သော အသံကို ကြားနိုင်သော ဉာဏ်။

၈။ ဣဒ္ဓိဝိဓဉာဏ် -မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်သော ဉာဏ်။

ရှေ့ သုံးပါးတွင် ဤငါးပါးကို ထည့်လျှင် ဝိဇ္ဇာရှစ်ပါး ဖြစ်၏။

နိဗ္ဗာနဓာတ် အကျင့်စရဏ။​ ။မပျက်စီးနိုင်သော အရာကို “အမြိုက်” ဟုခေါ်၏။ ထိုအမြိုက်နှင့် တူသော နိဗ္ဗာန်ဓာတ်သို့ ရောက်ဖို့ရန် ကျင့်သော အကျင့်ကို “စရဏ” ဟုခေါ်သည်။

စရဏ ၁၅ ပါး

[ဆောင်ပုဒ်] သဒ္ဓါ သတိ, ဟိရီသြတပ္ပ, ဝီရိယနှင့်, သုတပညာ, ခုနှစ်ဖြာ, သဒ္ဓမ္မာဟု ပြ။
ထို သဒ္ဓမ္မာ, ခုနှစ်ဖြာနှင့်, ဘော ဇာ သီ ဣန်, ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။

၁။ သဒ္ဒါ – “ကုသိုလ် ၊ အကုသိုလ်ကံ ရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါး ရှိသည်၊ နောင်ဘဝ ရှိသည်” ဟု ယုံကြည်မှု။
၂။ သတိ – ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု။
၃။​ဟိရီ – မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
၄။​ သြတ္တပ္ပ – မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။
၅။​ ဝီရိယ – ကုသိုလ်ကောင်းမှု ကိစ္စ၌ အားထုတ်မှု။
၆။ သုတ – အကြားအမြင်များမှု။
၇။ ပညာ – အရာရာ၌ တတ်သိ လိမ္မာမှု။

ဤကား “သဒ္ဓမ္မ” ဟု ခေါ်အပ်သော သူတော်ကောင်း တရား ၇ ပါးတည်း။ [သူတော် ဥစ္စာ၌ကား သတိ နှင့် ဝီရိယကို နုတ်ပြီးလျှင် သီလ (သီလစောင့်မှု)၊ စာဂ (စွန့်ကြဲလှူ ဒါန်းမှု) ထည့်၍ ရေတွက်ရသည်။

၈။ ဘောဇနေမတ္တညုတာ – စားသောက်ရာ၌ မိမိနှင့် သင့် မသင့် နှိုင်းချင့်၍ အတိုင်းအရှည် သိမှု။
၉။ ဇာဂရိယာနုယောဂ – နိုးနိုးကြားကြား အိပ်မှု ၊ အအိပ်အနေ နည်းမှု။
၁၀။ သီလ – ဆိုင်ရာသီလကို နေ့စဉ် စောင့်ထိန်းမှု။
၁၁။​ ဣန္ဒြိယသံဝရ – တွေ့ မြင် ကြား သိ သမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ စသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
၁၂။ ပဌမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။​ စတုတ္ထဈာန်

ပေါင်း စရဏ ၁၅ ပါးဖြစ်၏။

“ဝိဇ္ဇာ” ဟူသော အသိဉာဏ် ရှိသော်လည်း “စရဏ” ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်။ “စရဏ” အကျင့်သာ ရှိ၍ “ဝိဇ္ဇာ” ဟူသော အသိဉာဏ် မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကို ကျင့်နေသဖြင့် ခရီးမတွင်ဘဲရှိမည်။ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ဝိဇ္ဇာ=ဉာဏ်, စရဏ=အကျင့် နှင့် ပြည့်စုံတော် မူပါပေသည်။

တိုက်တွန်းချက်။ ။အရာရာ၌ အသိဉာဏ်ဖြင့် အမှန်ကို ကျင့်ကြံအားထုတ်မှသာ ထမြောက်နိုင်သည်။ ယခုအခါ၌ကား အသိဉာဏ် ရှိပါလျက် သိသလောက် ကျင့်ကြံအားထုတ်မှု “စရဏ” မရှိသောကြောင့် အောက်ကျ နောက်ကျ ဖြစ်နေသူတွေ များလှ၏။ ထို့ကြောင့် ဘုရားရှင်၏ “ဝိဇ္ဇာစရဏသမ္ပန္န” ဂုဏ်တော်ကို အာရုံပြုလျက် ကြည်ညို ကြီ့းလျှင် မိမိသန္တာန်၌ အသိရော အကျင့်ပါ ၂ ဖြာလုံး ပြည့်စုံအောင် ကြိုးစားသင့်ကြသတည်း။

၄။​ သုဂတ ဂုဏ်တော်ဖွင့်

၅။ လောကဝိဒူ ဂုဏ်တော်ဖွင့်

၆။ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖွင့်

၇။ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖွင့်

၈။ ဗုဒ္ဓ ဂုဏ်တော်ဖွင့်

၉။​ ဘဂဝါ ဂုဏ်တော်ဖွင့်

ကိုးကား

ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ ဘုရားရှိခိုး

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊ ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ။

ယော နာထော – ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွား လိုလားတောင့်တ
ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်
ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ အရေတွက်သင်္ချာတို့ဖြင့်သော်လည်း
အပ္ပမေယျံ – ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော
ကာလံ – လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး
လောကဟိတာယ – သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ
အတိဒုက္ကရာနိ – ဥစ္စာအသက် ခြေလက်အင်္ဂါ မေတ္တာကြီးမားသမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို
ကရောန္တော – ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည် ဖြစ်၍
ခေဒံ – လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့
ဂတော – ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ
မဟာကာရုဏိကဿ – သတ္တဝါအများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော
တဿ နာထဿ – ဝေနေယျများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထို ရှင်တော်မြတ်ဘုရားအား
နမော – ရိုသေ ပျောင်းပျော့ မာန်ကို လျှော့၍ ကန်တော့ ရိုကျိုးရှိခိုးခြင်းသည်
အတ္ထု ဘဝတု – စင်စစ်မသွေ ဖြစ်ပါစေသတည်း။

“သာဓု .. သာဓု .. သာဓု”