အရှင်ကောဝိဒ (ဆိပ်ဖြူ)(ဖားအောက်) ထေရုပ္ပတ္တိအကျဉ်း

မွေးရပ်ဇာတိ

အရှင်ကောဝိဒကို ၁၃၃၈-ခုနှစ်၊ ဝါဆိုလဆန်း ၁ဝ-ရက် (၅ – ၇ – ၁၉၇၆) တနင်္လာနေ့တွင် ခမည်းတော် ဦးညွန့်မောင် မယ်တော် ဒေါ်ခင်လှတို့မှ မီးရှူးသန့်စင် ဖွားမြင်ခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သက်ကယ်ကျင်းရွာ ဇာတိဖြစ်သည်။

ပညာရေး

ခုနစ်နှစ်သားအရွယ်တွင် ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒမာလာ အထံတော်တွင် သင်ပုန်းကြီး ဗုဒ္ဓဘာသာ အခြေခံဖြစ်သည် ပရိတ်ကြီးနှင့် ဘုရားရှိခိုးစာများကို စတင်လေ့လာသင်ယူခဲ့သည်။ ထိုနှစ်တွင်ပင် အစိုးရမူလတန်းကျောင်းတွင် စတင်တက်ရောက် သင်ယူခဲ့သည်။

၁၉၉ဝ ပြည့်နှစ်တွင် ဆင်ဖြူကျွန်းမြို့၊ မဟာဝိသုတာရာမတိုက်၊ ဆရာတော် ဘဒ္ဒန္တပညာဇောတ နှင့် ဘဒ္ဒန္တ ပဏ္ဍိစ္စ အထံတော်တွင် ပရိယတ္တိ အခြေခံကျမ်းစာများကို စတင်သင်ယူခဲ့သည်။ ထိုနှစ်တွင်ပင် (၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁၃-ရက် – ၃၀-၁၀-၁၉၉၀) ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် သာမဏေပြု၍ အခြေပြုမူလတန်း စာမေးပွဲကို စတင်ဖြေဆိုခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၅၇-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈-ရက်၊ ခရစ်နှစ် ၁၉၉၆-ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းနေ ဦးအောင်မြတ်မိုး၊ ဒေါ်နန်းခင်စုလှိုင်၊ သား – စိုင်းဗိုလ်ဗိုလ်ခွန်အောင်၊ သမီး – နန်းနန္ဒာစုစုအောင်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့သည်။

ငယ်-လတ်-ကြီး စာမေးပွဲများကို နှစ်ခြားဖြင့် အောင်မြင်၍ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဆရာတော် ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ အမှူးရှိသော စာချဆရာတော်များ အထံတော်တွင် စာချတန်းဆိုင်ရာ စာပေများကို လေ့လာခဲ့သည်။

၂ဝဝ၃-ခုနှစ်တွင် ဓမ္မာစရိယအောင်မြင်၍ ၂ဝဝ၄-ခုနှစ်တွင် သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ ထိုနှစ်ဝါတွင်းတွင်ပင် မန္တလေးမြို့၊ ဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်း၊ ဆရာတော် ဘဒ္ဒန္တ ဥဂ္ဂသေန (ချင်းတွင်း) အထံတော်တွင် အင်္ဂလိပ်စာ စတင်လေ့လာခဲ့သည်။ ထို့နောက် ၃၅-လမ်းနှင့် လမ်း ၉ဝ ထောင့်ရှိ Intensity Speaking Centre ဆရာဦးအောင်သန်းထွဋ် ထံတွင် အင်္ဂလိပ်စကားပြော လေ့ကျင့်ခဲ့သည်။

အင်္ဂလိပ်စာလေ့လာရင်း မစိုးရိမ်တိုက်သစ်တွင် စာတစ်ဝါချခဲ့သည်။ ပဋိသမ္ဘိဒါမဂ် မြန်မာဂုဏ်ထူးကျမ်းကို လေ့လာဖြေဆိုခဲ့သော်လည်း အင်္ဂလိပ်စာဘက်တွင် အချိန်ပေးလွန်း၍ မအောင်မြင်ခဲ့။

၂ဝဝ၅ ခုနှစ် သက်တော် ၂၉-နှစ်ပြည့် မွေးနေ့မှ စတင်၍ ရန်ကုန်မြို့ မဟာစည်ဌာနချုပ်တွင် ဝါတွင်းသုံးလ ကမ္မဌာန်းအားထုတ်ခဲ့သည်။ ကမ္မဌာန်းနည်းပြ ဆရာတော်များမှာ ဘဒ္ဒန္တ ဇဋိလ (ပျဉ်းမနား) နှင့် ဘဒ္ဒန္တ ထေရဝံသ (မြန်အောင်) တို့ဖြစ်ကြသည်။ ဝါကျွတ်သောအခါ ရွှေမင်းဝန်ကျောင်းတိုက် ဘဒ္ဒန္တ သောဘန အထံတော်တွင် ၂၅-ရက်ခန့် ဆက်လက်အားထုတ်ခဲ့သည်။

၂ဝဝ၆ – ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ ထိုစာမေးပွဲအပြီးတွင် သန်လျင်မြို့ ဖားအောက်တောရ ရိပ်သာခွဲတွင် စတင်ကမ္မဌာန်း အားထုတ်ခဲ့သည်။ ကမ္မဌာန်းနည်းပြ ဆရာတော်မှာ ဘဒ္ဒန္တ ဓမ္မပတိ ဖြစ်သည်။

ထိုနှစ်မတ်လပထမပတ်တွင်ပင် သန်လျင် ဖားအောက်တောရ ရိပ်သာ၏ အစီအစဉ်ဖြင့် မော်လမြိုင် ဖားအောက်တောရ (ပင်မ)သို့ရောက်ရှိခဲ့သည်။ ဖားအောက်ဆရာတော်ဘုရားကြီး အထံတော်တွင် တစ်ဝါတွင်း နည်းယူအားထုတ်ပြီးနောက် ဆရာတော်ဘုရားကြီး ဟိမဝန္တာကြွတော်မူသဖြင့် ဆရတော် ဘဒ္ဒန္တ ကောဝိဒ (ပခုက္ကူ) ဘဒ္ဒန္တ ကဉ္စန (ရေဦး) ဘဒ္ဒန္တ ရေဝတ (မော်လမြိုင်) တို့ထံတွင် ဆက်လက်နည်းယူ အားထုတ်ခဲ့သည်။

၂ဝဝ၈-ခုနှစ်မှ စတင်ကာ ဖားအောက်တောရ (ပင်မ) တွင် ပြည်တွင်း ပြည်ပယောဂီများအား ကမ္မဌာန်းပြသခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် အရှင်ရေဝတ (မော်လမြိုင်) နှင့် တွဲဖက်ကာ လပ်ဗီးယားနိုင်ငံ (ဥရောပ) သို့ ပထမဆုံးအကြိမ် ကြွရောက် တရားပြသခဲ့သည်။ ထိုနှစ်တွင်ပင် တောင်ကိုးရီးယားနိုင်ငံတွင် ဝါကပ်၍ တရားစခန်းဆက်လက် ဖွင့်လှစ်ခဲ့သည်။