ပဋိစ္စသမုပ္ပါဒ်လင်္ကာ

မဟာစည်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ်

အမှန်မသွား အမှားမြင်ကာ၊အဝိဇ္ဇာကြောင့်ချမ်းသာလိမ့်နိုး ရည်မျှော်ကိုးလျှက်၊သုံးမျိုးမှုကံ ပြုစီမံ၍ ဝိညာဏ်တွယ်စပ် နာမ်ရုပ်ကပ်လျှက်၊ ခြောက်ရပ်အာယတန ဖဿခြောက်ဖြာ ဝေဒနာကြောင့်၊ တဏှာခြောက်တန် ဥပါဒါန်နှင့်၊ ဖြစ်ရန်အကြောင်း ကံဆင့်လောင်း၍၊ ဆိုး,ကောင်းဘဝ ဖြစ်ရပြန်ရာ အိုကာသေရေး ပူအဆွေးနှင့်၊ ငိုကြွေးကိုယ်နွမ်း စိတ်မချမ်းမြ ပူပန်ရသည်၊ လုံးဝဆင်းရဲစုသာတည်း။

မူလနှစ်ဖြာ ဒွေးသစ္စာမှ အလွှာလေးထပ် ဝဋ်သုံးရပ်နှင့် အစပ်သုံးဖြာ အင်္ဂါဆယ့်နှစ်ဝ ကာလသုံးသွယ် နှစ်ဆယ်ခြင်းရာ ဤရှစ်ဖြာဝယ် အင်္ဂါငါးတန် ပစ္စုပ္ပန်တရား အကျိုးများကို ထင်ရှားမိမိ ရှုမိသူမှာ ဝေဒနာကြောင့် တဏှာဝဋ်မြစ် မဖြစ်လာဘဲ စက်ပြတ်စဲသည် ဆင်းရဲချုပ်ငြိမ်းလေသတည်း။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ်

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။

အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့်ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ-သိကြား စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု ဉာဏ်ဖြင့် ရှု၍မျှော်။

၁။ မူလနှစ်ဖြာအဝိဇ္ဇာ၊ တဏှာ
၂။ သစ္စာနှစ်ခုသမုဒယသစ္စာ၊ ဒုက္ခသစ္စာ
၃။ လေးခုအလွှာအတိတ် အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ၊ အနာဂတ် အကျိုးတစ်လွှာ။
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါးအဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ။
၅။ သုံးပါးအစပ်သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ ဝေဒနာနှင့် တဏှာတစ်စပ်၊ ကမ္မဘဝနှင့် ဇာတိတစ်စပ်။
(တစ်နည်း) အတိတ် အကြောင်းနှင့် ပစ္စုပ္ပန် အကျိုးတစ်စပ်၊ ပစ္စုပ္ပန် အကျိုးနှင့် ပစ္စုပ္ပန် အကြောင်း(သို့)
အနာဂတ် ဖြစ်ကြောင်း တစ်စပ်၊ ပစ္စုပ္ပန် အကြောင်း(သို့) အနာဂတ် ဖြစ်ကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်။
၆။ ဝဋ်သုံးဝနှင့်ကိလေသဝဋ်သုံးပါး … အဝိဇ္ဇာ တဏှာ ဥပါဒါန်
ကမ္မဝဋ်နှစ်ပါး … သင်္ခါရ ကမ္မဘဝ
ဝိပါကဝဋ်ရှစ်ပါး … ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ/ဥပပတ္တိဘဝ ဇရာမရဏ
မှတ်ချက် (ဖြစ်စဉ် – ဇာတိ၊ ဥပပတ္တိဘဝ၊ ဇရာမရဏ၊ ဟောစဉ် – ဇာတိ ဇရာမရဏ ဥပပတ္တိဘဝ)
၇။ ကာလသုံးဖြာလွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။
၈။ ခြင်းရာနှစ်ဆယ်အတိတ် အကြောင်းအခြင်းအရာ ငါးပါး … (အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ)
ပစ္စုပ္ပန် အကျိုး အခြင်းအရာ ငါးပါး … (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)
ပစ္စုပ္ပန် အကြောင်း အခြင်းအရာ ငါးပါး … (တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ)
အနာဂတ် အကျိုး အခြင်းအရာ ငါးပါး … (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒန)

References