
အရှင် ဂရုဓမ္မ သည် မြန်မာနှစ် ၁၃၃၃ခု ဝါခေါင် လဆန်း ၁၁ ရက် ၊ ခရစ်နှစ် ၁၉၇၁ တွင် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကုန်းကံရွာ တွင် ခမည်းတော် ဦးထွန်းကြွယ် ၊ မယ်တော် ဒေါ်အုန်းကြွယ် တို့မှ မွေးဖွားခဲ့သည်။ ၁၃၄၄ခုနှစ် တပေါင်းလဆုတ် ၁၀ ရက်တွင် မိတ္တီလာမြို့ မဏိဇောတိကာရုံကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေ ပြုခဲ့သည်။ မြန်မာနှစ် ၁၃၅၂ခု နတ္တော် လဆုတ် ၁၂ ရက်တွင် အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ဒေါ်သီတာမော်၏ ပစ္စယာ နုဂ္ဂဟ ခံယူကာ ရဟန်းပြုခဲ့သည်။
မိတ္တီလာမြို့ မဏိ ဇောတိကာရုံ ကျောင်းတိုက်၊ မန္တလေး မဟာမြိုင် ကျောင်းတိုက်၊ ပဲခူး ကြခတ်ဝိုင်း ကျောင်းတိုက်၊ အမရပူရ မဟာ ဂန္ဓာရုံ ကျောင်းတိုက်၊ မန္တလေး ပရိယတ္တိ သာသနာ တက္ကသိုလ် တို့၌ ဗုဒ္ဓစာပေများ သင်ကြားခဲ့သည်။ ခရစ်နှစ် ၁၉၉၈ ခုနှစ်တွင် တက္ကသီလ ဓမ္မစရိယ B.A (Buddhism) ဘွဲ့ ကို ရရှိခဲ့ပါသည်။ အရှင် ဂရုဓမ္မ သည် အမေရိကန်နိုင်ငံကို ၁၉၉၉ ခုနှစ် မတ်လတွင် ကုသလ္လကာရီကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ကာ San Francisco Bay Area နှင့် Central Valley နေရာ များတွင် တရားဓမ္မများ ဟောကြားခြင်း၊ အဘိဓမ္မာ ၊ ပဋ္ဌာန်း နှင့် ပါဌိစာပေများကို သင်ကြား ပို့ချလျက် ရှိပါသည်။