ဆရာတော် ဦးဃောသိတာဘိဝံသ၏ ထေရုပ္ပတ္တိ

မွေးဖွားခြင်း

ဆရာတော်ဦးဃောသိတာဘိဝံသသည် ၁၃၂ဝခုနှစ်၊ တပေါင်းလပြည့် (၁၅) ရက်၊ ၁၉၅၉ ခုနှစ်၊ မတ်လ (၂၃) ရက်၊ တနင်္လာနေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေနားဋောင်းကျကျေးရွာ၊ ခမည်းတော် ဦးထွန်းမြ + မယ်တော် ဒေါ်ခင်ပုတို့မှဖွားမြင်သော သားသမီးနှစ်ယောက်တို့တွင် ဒုတိယမြောက် သားရတနာဖြစ်သည်။

ရှင်, ရဟန်းပြုခြင်း

အသက်ကိုးနှစ်သားအရွယ်တွင် ရှင်သာမဏေပြုခဲ့ပြီး ၁၉၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကန့်ဘလူမြို့နယ်၊ ပိုးစာကုန်းရွာ သစ်ရွာ၊ လက်ထုတ်ကုန်းကျောင်း၌ အဘိုးဘုန်းတော်ကြီး ဦးတေဇဝန္တကို ဥပဇ္ဈာယ် ပြုပြီး ဦးဘိုးရေ + ဒေါ်မြခဲ တို့၏ ပစ္စယာနုဂ္ဂဟ ကိုခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပညာသင်ကြားခြင်း

အဘိုးဘုန်းတော်ကြီးဦးတေဇဝန္တ၊ နောင်တော် ဒေါက်တာ ဦးဓမ္မပိယ၊ ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက်ဆရာတော် ဦးအာစာရာဘိဝံသ အမှူးရှိသော နာယကဆရာတော်များ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးနာယကာဘိဝံသ၊ ဦးသိရိန္ဒာဘိဝံသ၊ ဦးရာဇဓမ္မာဘိဝံသ၊ မစိုးရိမ်ကျောင်းတိုက်(ဟောင်း)ဆရာတော် ဦးနာရဒါဘိဝံသ၊ ဦးကောဝိဒါဘိဝံသ၊ ဦးဇယဒိသာဘိဝံသ၊ ဦးသုမနာဘိဝံသ၊ ပေါက်မြိုင်ဆရာတော်ဦးအဂ္ဂဝံသာဘိဝံသ၊ဘုရားကြီးတိုက်ဆရာတော် ဦးသြဘာသာဘိဝံသအစရှိသော ပရိယတ္တိ အကျော်အမော်ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို လေ့လာ ဆည်းပူးခဲ့သည်။

အောင်မြင်ခဲ့သော စာမေးပွဲများ

သာသနဓဇ ဓမ္မာစရိယ (အစိုးရ)၊ စေတီယင်္ဂဏ ပရိယတ္တိ ဂဏဝါစက ဓမ္မာစရိယ၊ ဝိနယာနုဂ္ဂဟဓမ္မာစရိယ စာမေးပွဲတို့ကို အောင်မြင်ခဲ့ပါသည်။

ပရိယတ္တိစာပေများ ပို့ချခြင်း

ရေဦးမြို့၊ မင်္ဂလာရာမစာသင်တိုက်၌ သာမဏေဘဝဖြင့် စာချပေးခဲ့ခြင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မစိုးရိမ်တိုက်ဟောင်းတို့၌၎င်း၊ တောင်ကြီးမြို့ သဲကျင်းဂူ ပရိယတ္တိစာသင်တိုက်၌၎င်း၊ ရန်ကုန်မြို့၊ ရွှေတောင် ကုန်း သာသနာ့ရိပ်သာ၌၎င်း ပရိယတ္တိစာပေများကို ပို့ချပေးခဲ့သည်။

ပဋိပတ္တိတရားများကို ကျင့်ကြံအားထုတ်ခြင်း

ရဟန်းဖြစ်စမှာ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာတွင် မဟာစည်ဆရာတော်ဘုရားကြီးထံ၌၎င်း၊ ရဟန်းတစ်ဝါအရမှာ မန္တလေးမြို့၊ စိန်ပန်း ရတနာပုံမဟာစည်ရိပ်သာတွင် ဟံလင်းဆရာတော်အထံ၌၎င်း၊ ရဟန်း နှစ်ဝါအရမှာ မန္တလေးမြို့၊ မဟာဗောဓိရိပ်သာ ကမ္မဋ္ဌာန်းဆရာလုပ်ခဲ့ပြီး နောင်တွင် ရဟန်းပြုကာ မန္တလေးမြို့၊ မင်းကွန်းကျောင်းတိုက်၌ ကိုယ်တိုင် တရားအားထုတ်နေသော ဦးပဉ္ဇင်းကြီးထံ၌ လယ်တီနည်းကို၎င်း၊ ရန်ကုန်မြို့၊ ရွှေတောင်ကုန်းသာသနာ့ရိပ်သာတွင် ပဏ္ဍိတာရာမဆရာတော်ကြီးထံ၌၎င်း၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းလေး မဟာစည်ရိပ်သာတွင် ဆရာတော် ဦးအာဒိစ္စထံ၌၎င်း၊ ဘုတလင်မြို့နယ် မောင်းထောင်မြေဇင်းတောရတွင် မြေဇင်းတောရဆရာတော်ကြီးထံ၌၎င်း၊ ဖားအောက်တောရဆရာတော် ဦးအာစိဏ္ဏထံ၌၎င်း၊ အလိုတော်ပြည့် ဆရာတော်ဦးအရိယဓမ္မထံ၌၎င်း၊ နေပြည်တော်၊ ဧလာမြို့ ဂိုဏ်းထောက်ဆရာတော်ကြီးထံ၌၎င်း၊ သမထ ဝိပဿနာတရားများကို ရက်ရှည်လများစွာ ကျင့်ကြံအားထုတ် နည်းယူခဲ့သည်။

ဓုတင်ဆောက်တည်ခဲ့သော သုသာန်များ

မော်လမြိုင်မြို့၊ ဖားအောက်ရွာ(၁) တောရသုသာန်။
(၂) ခေမိကသုသာန်။
(၃) ကျောက်ပန်းတောင်းမြို့သုသာန်။
ကျိုင်းတုံမြို့(၄) တရုတ်သုသာန်။
(၅) တိုင်းရင်းသားသုသာန်။
မတ္တရာမြို့နယ်(၆) မြို့ထင်ရွာသုသာန်။
(၇) မြစ်ကမ်းရွာသုသာန်။
သီပေါမြို့(၈) တိုင်းရင်းသားသုသာန်။
(၉) မေမြို့သုသာန်။
နောင်ချိုမြို့နယ်(၁ဝ) ရွှေညောင်ပင်ရွာ သုသာန်။
(၁၁) ဘော်ထင်ရွာ သုသာန်။
ကန့်ဘလူမြို့နယ်(၁၂) ပိုးစာကုန်းရွာသုသာန်။
(၁၃) တောင်ရွက်ကျမ်းရွာသုသာန်။
တောင်ကြီးမြို့(၁၄) တိုင်းရင်းသားသုသာန်။
တောင်ကြီးမြို့နယ်(၁၅) ရွာသစ်ကုန်းရွာသုသာန်။
ထိုင်းနိုင်ငံ(၁၆) မယ်ဆိုင်မြို့သုသာန်။
အမေရိကန်နိုင်ငံ၊ ဖရီးမောင့်မြို့(၁၇) HolySpirit ခရစ်ယာန်သုသာန်။
ညောင်ရမ်းမြို့(၁၈) ဈေးရပ်သုသာန်။
ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်(၁၉) ကျောက်ဆင်ရွာသုသာန်။
(၂ဝ) သဘော့ဆိပ် + ပြင်ကြီးရွာသုသာန်။
(၂၁) ကရင်ကြီးရွာသုသာန်။
(၂၂) အောက်ကျောက်ဝတ်ရွာသုသာန်။
(၂၃) ညောပြင်ရွာသုသာန်။
ငပုတောမြို့နယ်(၂၄) သင်္ဃန်းကုန်းရွာ သုသာန်။
(၂၅) ပြည်မြို့၊ အေးငြိမ်းရာ ဘာသာပေါင်းစုံသုသာန်။
(၂၆) ကန့်ဘလူမြို့၊ ကန့်ဘလူသုသာန်။
တန့်ဆည်မြို့နယ်(၂၇) ရွှေနားဋောင်းကျသုသာန်။
(၂၈) ဗျက်ကြီးသုသာန်။
(၂၉) ကျောက်တံခါးမြို့၊ ဝေနေယျသုသာန်။
(၃ဝ) ပဲနွယ်ကုန်းမြို့၊ ငမော့တော့သုသာန်သစ်။
(၃၁) ခင်ဦးမြို့၊ အောင်သီရိသုသာန်။
ခင်ဦးမြို့နယ်(၃၂) သံဘိုသုသာန်
ကော့သောင်းမြို့(၃၃) ပုလုံးတုံတုံးသုဿန်
(၃၄) ချောင်းဝသုဿန်
(၃၅) (၇)မိုင် ရွှေပြည်စိုးသုဿန်
(၃၆) ရွှေပြည်သာသုဿန်
(၃၇) (၁၀)မိုင် သုဿန်
များ၌ သုသာန်ဓုတင် ဆောက်တည်ခဲ့သည်။

အခြားဓုတင်များဆောက်တည်ခြင်း

မော်လမြိုင်မြို့၊ ဖားအောက်တောရ၌လည်းကောင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်း၊ ဂျိတ်တောရွာအနီး ပင်လယ်ထဲတွင် ထိုးထွက်နေသော မဒေးတောင်၌လည်းကောင်း၊ မတ္တရာမြို့နယ်၊ မြို့ထင်ရွာ မနောသုခကျောင်း၌ လည်းကောင်း၊ အခြားဓုတင်များကို စွမ်းနိုင်သလောက် ဆောက်တည်ခဲ့သည်။

တရားဟော တရားပြခြင်းနှင့် ဓမ္မသင်တန်းများ

  • ရန်ကုန်မြို့၊ ငါးကျမ်းပြန်သာသနာ့ရိပ်သာ၊
  • ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ၊
  • ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့၊ တထာဂတ တရား ရိပ်သာ၊
  • ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ၊
  • ကစရိုဘယ်ရီမြို့ မေတ္တာနန္ဒဝိဟာရ ဓမ္မရိပ်သာ၊
  • စင်္ကာပူနိုင်ငံ သတိပဋ္ဌာန်တရားရိပ်သာများ၌ သမထဝိပဿနာတရားများကို ဟောပြောသင်ပြပေးခြင်း၊
  • လူငယ်များကို ဗုဒ္ဓယဉ်ကျေးမှု သင်တန်းများ သင်ပြပေးခြင်း၊
  • ဆန်ဖရန်စစ္စကို ဗေးဧရိယာ တွင်ရှိသော ဒေလီစီးတီးမြို့ ထေရဝါဒဓမ္မအသင်း၌ သြဝါဒါစရိယ ဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး တစ်နေ့တာ တရားစခန်းများ ပြုလုပ်ပေးခြင်း၊ တရားသင်တန်းများ၌ အလုပ်ပေးတရားများကို အဓိကထားပြီး သင်ကြားပေးခြင်း၊
  • ကနေဒါနိုင်ငံနှင့် အမေရိကန် အချို့ပြည်နယ်များ၌ အခါအားလျော်စွာ တရားစခန်းများ ပြုလုပ်ပေးခြင်း၊
  • အာရီဇိုးနားပြည်နယ်၊ အလိုတော်ပြည့်ရိပ်သာ၌၎င်း၊ ဂျမေကာနိုင်ငံ ကင်စတန်မြို့တော်၊ ဓမ္မဒီပကျောင်းနှင့် အခြားမြို့များ၌၎င်း၊ တရားစခန်းများကို နှစ်စဉ်တရား သင်ပြပေးခြင်း၊
  • မြန်မာနိုင်ငံတွင် သုသာန် ဓုတင်ဆောက်တည်ခဲ့သော နေရာများ၌ တရားသင်ပြပေးခြင်း၊
  • ထိုင်းနိုင်ငံ ဖိနပ်နိခုံမြို့၊ ပတ္တယာမြို့၊ မယ်ဆိုင်မြို့စသော နေရာများ၌၎င်း
  • (၁) ထိုင်ဝမ်နိုင်ငံ၊ ထိုင်ပေမြို့၊ နန္ဒာရာမကျောင်းတိုက်၊
  • (၂)စမ်းရှာမြို့၊ မဟာထေရကဿပ တရားရိပ်သာ၊
  • (၃) ရှန်ခမ်းမြို့၊ Power of Wisdom Meditation Center မှ ဦးစီးကျင်းပသောတရားစခန်း၊
  • (၄)မြောင်လိခရိုင်၊ စမ်ဝမ်းမြို့၊ မိတောကျောင်းတိုက်တို့၌၎င်း တရားစခန်းများကို နှစ်စဉ်ပြုလုပ်ပေးခြင်း
  • (၅) ထိုင်ပေမြို့၊ အဘိဓမ္မာသင်တန်းခန်းမနှင့် အခြားနေရာများ၌ မဟာသတိပဋ္ဌာနသုတ်ကို သင်ပြပေးခြင်း၊
  • တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ၊
  • ကွာလာလမ်ပူမြို့အနီး၊ KKB ဗောဓိယာရာမတရားရိပ်သာတို့၌ အခါအားလျော်စွာ တရားပြခြင်းများကို ပြုလုပ်သည်။

ထုတ်ဝေပြီးသော စာအုပ်များ

၁။ ငြိမ်းချမ်းစွာ နေကြည့်စမ်းပါ
၂။ မေတ္တာရောင်ခြည် ဘုရားရှိခိုး
၃။ ဘဝမှတ်တိုင်များ။
၄။ မေတ္တာရောင်ခြည် ဝတ်ရွတ်စဉ်။
၅။ သဘောထားပြည့်သူတို့နှလုံးသား။
၆။ ပါရမီကုသိုလ်။
၇။ အသက်ကလေးရယ်တဲ့ရှည်စေလို
၈။ တရားအလုပ်မဝင်ခင် ကြိုတင်ပြင်
၉။ တရားကျင့်ရာ ရိုးသားပါ

ယခုအခါ ဆရာတော်သည် နောင်တော်ဒေါက်တာ ဦးဓမ္မပိယနှင့် အတူ ပရိယတ္တိပဋိပတ္တိကိစ္စများ၊ အများအကျိုးပြုကိစ္စများကို ပြုလုပ်ဆောင် ရွက်နေပြီး မေတ္တာနန္ဒဝိဟာရဓမ္မရိပ်သာ (California, USA) ၌ သီတင်းသုံး နေထိုင်လျက်ရှိပါသည်။