နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အနက် အဓိပ္ပါယ်ရှင်းလင်းချက်

အရဟတော၊ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝါသနာနှင့်အတူ ဝေးတော်မူသောကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံယူခြင်းငှါ ထိုက်တော်မူထသော။

သမ္မာသမ္ဗုဒ္ဓဿ၊ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ် တည်းဟူသော ဉေယျဓံတရား ငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တိုင်သိတော်မူထသော။

ဘဂဝတော၊ ဣဿရိယ,ဓမ္မ,ယသ,သိရီ,ကာမ,ပယတ္တ,တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူထသော။

တဿ၊ (ဗုဒ္ဓဿ) ထိုမြတ်စွာဘုရားအား။

နမော၊ ရှိခိုးပါ၏ အရှင်ဘုရား။


အရဟံ ဂုဏ်တော်

အရဟံ – ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။

(က) အရဟံ – ဒေါသ၊ မောဟအစရှိသော စိတ်အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရား။
(ခ) အရ+ဟံ – ကိလေသာရန်သူတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်သတ်တော်မူ ပြီးသော မြတ်စွာဘုရား။
(ဂ)​ အရ+ဟံ – ဘဝသံသရာစက်၏အကန့်တို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရား။
(ဃ) အ+ရဟံ – ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။

  1. သင်္ခါရ (စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ)
  2. ဝိကာရ (လဟုတာ မုဒုတာ ကမ္မညတာ ကာယဝိညတ် ဝစီဝိညတ် ဟူသော ဝိကာရရုပ် ၅ပါး)
  3. လက္ခဏ (ဥပစယ သန္တတိ ဇရတာ အနိစ္စတာ ဟူသော လက္ခဏရုပ် ၄ပါး)
  4. ပညတ် (လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသောပညတ်များ)
  5. နိဗ္ဗာန် (ကိလေသာ အညစ်အကြေး ကင်းစင်ပြီး ရုပ် ၂၈ပါး နာမ်တေပညာသ ၅၃ပါးနှင့် ပညတ်မှ တစ်ပါးသော ငြိမ်းအေးချမ်းသာမှု ဓာတ်ကြီးတစ်မျိုး)

ဟူသော ဉေယျဓံတရား (၅)ပါးကို မဖောက်ပြန်တတ်သော သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူခြင်း။ ။

ဤ၌ အနိပ္ဖန္နရုပ်တစ်ပါးဖြစ်သော ပရိစ္ဆေဒရုပ်မှာ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကိုသာ ပရိစ္ဆေဒရုပ်ဟု ခေါ်သဖြင့် ပရမတ်အစစ် မဟုတ်ပါ။ ရုပ်ကလာပ်နှစ်ခု ဖြစ်ပေါ်သောအခါ အလိုလိုပေါ်လာသော ပညတ်မျှသာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းရုပ်ကို ‘ပညတ်’ဟူသော ဉေယျဓံတရား၌ ပါဝင်ပြီးဖြစ်၍ သီးခြားမဖော်ပြတော့ခြင်း ဖြစ်သည်။

ဉေယျဓံ တရား (၅) ပါး

ဉေယျဓမ္မခေါ် ဘုရားရှင်တို့သိအပ်သော တရားငါးပါး။

သိတဲ့မနော(စိတ်)နှင့် နိပ္ဖန္နရုပ် က သင်္ခါရ၊ ပြောပြုတဲ့ သဘောက ဝိကာရ၊ ဖြစ်သမျှ ပျက်ရတဲ့ သဘောက လက္ခဏ၊ စွဲယူမှားမဲ့သဘော ဖြစ်ခြင်းမရှိခြင်းကြောင့် နိဗ္ဗါန။ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗါန မြင်အောင်ဟောရသည့် ပိဋကတ်တော်က ပညတ်။ သင်္ခါရ ဝိကာရ လက္ခဏ နိဗ္ဗါန် ပညတ် ဤငါးပါးက ဉေယျဓံတရား။ ဉာဏ်ဖြင့် ပိုင်းခြားကာ အမြင်လင်းအောင် သိမြင်သင့် သိမြင်အပ်သော ဓမ္မသဘောတရားများ။

  • ၁။ သင်္ခါရ
    • နာမ်တေပညာသ (စိတ် ၁ + စေတသိက် ၅၂) (၅၃) ပါးနှင့် ရုပ် ၂၈ မှ နိပ္ဖန္နရုပ် (၁၈)ပါး အပေါင်းကို သင်္ခါရ တရား (၇၁) ပါးဟု ခေါ်၏။
  • ၂။ ဝိကာရ
    • အနိပ္ဖန္နရုပ်-၁၀ မှ ကာယဝိညတ်ရုပ်၊ ဝစီဝိညတ်ရုပ်၊ လဟုတာရုပ်၊ မုဒုတာရုပ်၊ ကမ္မညတာရုပ်၊ ဤ (၅) ပါးကို ဝိကာရဟု ခေါ်၏။
  • ၃။ လက္ခဏာ
    • ဥပစာယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ ဤရုပ် (၄) ဖြာကို လက္ခဏာ ဟုခေါ်၏။
  • ၄။ နိဗ္ဗာန်
    • ကိလေသာချုပ်ငြိမ်းရာကို ခေါ်၏။
    • အသင်္ခတဓာတ် မြတ်သောတရား ကို ခေါ်၏။
  • ၅။ ပညတ်
    • လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ၊ ရေ၊ မြေ၊ တော၊ တောင် အမည်ပညတ်မှန်သမျှကို ခေါ်၏။
    • များပြားလှသော သဒ္ဒပညတ်၊ အတ္တပညတ်တွေကို ပညတ်ဟုခေါ်၏။

ဤကဲ့သို့ – သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ် ဉေယျဓံတရားငါးပါးတို့ကို အကုန်အစဉ် အကြွင်းမကျန်် သိမြင်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

နာမ် အကြောင်ကိုလည်းကြည့်ပါ။

ဘဂဝါ ဂုဏ်တော်

ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

ဘုန်းတော် ၆-ပါး

  1. ဣဿရိယ ဘုန်းတော် – ကိုယ်တော်၏စိတ်နှင့် သတ္တဝါတို့ကို အစိုးရခြင်း၊ အုပ်စိုးတော် မူနိုင်ခြင်း။ အဏိမာ၊ လဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဣသိတာ၊ ဝသိတာ၊ ယတ္ထကာမာ ဝသာယိတာ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။
  2. ဓမ္မ ဘုန်းတော် – မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-ပါး။ ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။
  3. ယသ ဘုန်းတော် – ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။
  4. သိရီ ဘုန်းတော် – လွန်စွာသပ္ပါယ်သော ကိုယ်တော်၏ ကျက်သရေမင်္ဂလာ။ ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။
  5. ကာမ ဘုန်းတော် – ရှင်တော်မြတ်အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်း။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။
  6. ပယတ္တ ဘုန်းတော် – ကြီးမားလှစွာသော လုံ့လဝီရိယ။ တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။
ဣဿရိယ ဘုန်းတော်(၈)မျိုး

စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဣဿရိယ ဘုန်းတော် တစ်ခုတည်းမှာပင် အစွမ်းသတ္တိ အားဖြင့် ရှစ်မျိုး ခွဲပြထားလေသည်။

  • (၁) အာဏိမာ – ကိုယ်တော်ကို အလိုရှိသလောက် အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
  • (၂) မဟိမာ – ကိုယ်တော်ကို အလိုရှိသလောက် ကြီးအောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
  • (၃) လဃိမာ – ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
  • (၄) ပတ္တိ – ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
  • (၅) ပါကမ္မ – အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
  • (၆) ဣသိတာ – မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
  • (၇) ဝသိတာ– ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
  • (၈) ယတ္ထ ကာမာ ဝသာယိတာ – အလိုရှိသလောက် အဓိဋ္ဌာန်သောအတိုင်း ဆိုင်းငံ့တော်မမူဘဲ တစ်ပြိုင်တည်း ထိုကိစ္စကို ပြီးစေနိုင်သော ဘုန်းတော်။

ဘုရား ဂုဏ်တော် ၉ ပါး ကိုလည်းကြည့်ပါ။

References