ဗြဟ္မဝိဟာရ (အပ္ပမညာ) (၄)ပါး

ဗြဟ္မဝိဟာရ လေးပါး တို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ဖြစ်သည်။

ဗြဟ္မာတို့၏ နေထိုင်ပုံနှင့် တူသဖြင့် ဗြဟ္မဝိဟာရဟု အမည်တွင်သည်။ ထို့ပြင် ဗြဟ္မစိုရ်တရား ဟုလည်း ခေါ်သည်။ တရားရှုပွားရာတွင် သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အကန့်အသတ်မရှိဘဲ ရှုပွားနိုင်သဖြင့် အပ္ပမညာ လေးပါး ဟုလည်း ခေါ်သည်။

မေတ္တာဘာဝနာ

သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ခန္ဓာ့ဝန်ကို ကျန်းမာချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။

မေတ္တာပွားနည်းများ

ကရုဏာဘာဝနာ

ဆင်းရဲသော သတ္တဝါတစ်ဦးကိုဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ပါစေဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။

မုဒိတာဘာဝနာ

ချမ်းသာသောသူ တစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြုကာ မိမိတို့ တရားသဖြင့် ရရှိထားသော ပစ္စည်းဥစ္စာများ မဆုတ်ယုတ်ကြပါစေနှင့်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။

ဥပေက္ခာဘာဝနာ

သတ္တဝါတစ်ဦးကို ဖြစ်စေ၊ အများကို ဖြစ်စေ အာရုံပြု၍ သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု အကြိမ်ကြိမ် နှလုံးသွင်းခြင်း ဖြစ်သည်။

ကိုးကား

ဆရာတော် ဦးဃောသိတာဘိဝံသ

ဗြဟ္မစိုရ်(အပ္ပမညာ) ၄-ပါး

မေတ္တာ(အဒေါသ)- အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြု၍ အမျှချစ်ခြင်း သဘောလက္ခဏ၊

ကရုဏာ- အတိုင်းမသိသော ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း သဘောလက္ခဏ၊
(ရောဂါရနေသောသားကို မြင်ရသောမိဘနှင့် တူသည်၊)

မုဒိတာ- အတိုင်းမသိသော သုခိတသတ္တဝါပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘောလက္ခဏ၊
(သား/သမီး၏ အောင်မြင်ပြည့်စုံမှုကို ဝမ်းမြောက်နေသော မိဘနှင့် တူသည်၊)

ဥပေက္ခာ(တတြမဇ္ဈတ္တတာ)- အတိုင်းမသိသော သတ္တဝါပညတ်ကို အာရုံပြု၍ လျစ်လျူရှုခြင်း သဘောလက္ခဏ။

မြင့်မြတ်သူတို့ ကျင့်သုံးသည့်တရားများကို ဗြဟ္မစိုရ်ဟု ခေါ်သည်၊
မည်သည့်သတ္တဝါဟု သတ်မှတ်ချက် မရှိလောက်အောင် ကျယ်ပြန့်သောကြောင့် အပ္ပမညာလည်း မည်သည်။

လင်္ကာ။ ။ မေတ္တာ, ကရု၊ မုဒိ, ဥ၊ လေးခု ဗြဟ္မစိုရ်၊ အပ္ပမညာလည်းဆို။

အရှင်တိလောကာဘိဝံသ
ရွာမပရိယတ္တိစာသင်တိုက်
အင်းစိန်၊ ရန်ကုန်။

ဗြဟ္မစိုရ် တရား (၄) ပါး

(အပ္ပမညာလည်းခေါ်၏။)
ဗြဟ္မဝိဟာရ တရား (၄) ပါး
၁။ မေတ္တာ – အတိုင်းမသိသော သတ္တဝါ ပညတ်ကို အာရုံပြု၍ ချစ်ခင်ခြင်း။
၂။ ကရုဏာ – ဒုက္ခိတ သတ္တဝါပညတ်ကို အာရုံပြု၍ သနားခြင်း။
၃။ မုဒိတာ – သုခိတာ သတ္တဝါ ပညတ်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ – ဒုက္ခိတ သုခိတ သတ္တဝါ ပညတ်ကို အမျှပြု၍ လျစ်လျှူရှုခြင်း။
(သင်္ဂြိုဟ်)