မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ အကြောင်း
သဗ္ဗညုတဉာဏ်တော်၏ အစွမ်းသုံးပါး
၁။ သိရန်မှန်က, မကျန်ရအောင်, လုံးဝစုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။
၂။ သိသည့်တရား, များအပြား၌, ဟောထားစဖွယ်, နည်းသွယ်သွယ်ကို, ခြယ်လှယ်စုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ, များဝေနေ၏, ဣန္ဒြေစရိုက်, သူ့အကြိုက်ကို, နှိုက်ချွတ်စုံလင်, အကုန်မြင်, သဗ္ဗညုတဉာဏ်တော် အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား, ဤသုံးပါးကြောင့်, အများဝေနေ, ကျွတ်လွတ်စေဖို့, မနေမနား, သက်တော်အားဖြင့်, ကြီးမားလေဘိ, ရှစ်ဆယ်ပြည့်၍, ပရိနိဗ္ဗာန်, စံသည့်တိုင်အောင်, သယ်ယူဆောင်, ဘုန်းခေါင် ငါတို့ ဘုရားတည်း။
ဘုရားရှင် ပွင့်တော်မူရခြင်း၏ ရလာဘ်
ဘုရားရှင်တော်, မပွင့်ပေါ်လျှင်, လူတော်အများ, စိတ်ကောင်းထားလည်း, ဤကားကုသိုလ်, အကိုသိုလ်နှင့်, ထိုထိုဘုံဘဝ, မသိရ, များလှ အပြစ်တွေ။
ဘုရားရှင်တော်, ပွင့်ထွန်းပေါ်၍, ဟောဖော်ညွှန်ကြား, မြတ်တရားကြောင့်, ဤကားကုသိုလ်, အကုသိုလ်နှင့်, ထိုထိုဘုံဘဝ, သိကြရ, များလှ ကျေးဇူးတွေ။
ကျေးဇူးတော်ရင်, ဘုရားရှင်ကို, နေ့စဉ်မပြတ်, ကျေးဇူးဆပ်ဖို့, အမြတ်ရတနာ, သာသနာ၏, နှစ်ဖြာဝန်ထမ်း, လွန်ကြိုးပမ်း, လူစွမ်း ပြကြစေ။
ငရဲရှိတယ်, တိစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်, လူနုံ လူမွဲ လူဆင်းရဲ ရှိတယ်, သေရဦးမယ် သတိထား။
သံဝေဂဝတ္ထု ရှစ်ပါး
အမိဝမ်းခေါင်း, ဆယ်လညောင်းမျှ, အောင်းခဲ့ရချေ, တည်သန္ဓေနှင့်, လူ့ပြေလူ့ရွာ, ရောက်ပြန်ပါလည်း, အို နာ သေရေး, ဒုက္ခဘေးကြောင့်, စိတ်အေးကိုယ်ခိုင်, မနေနိုင်ခဲ့, ဆိုင်ဆိုင်ဒုက္ခ, ခံပြီးမှလည်း, များလှပါယ်ရွာ, ရောက်ကြရှာ၏။
အတီတာရှေး, ဤဝဋ်ဘေးနှင့်, နောင်ရေး နာဂါတ်, ဒုက္ခထပ်လိမ့်, မပြတ်ခုခါ, ဖြစ်တုံးမှာလည်း, အစာရှာရ, ထိုဒုက္ခကြောင့်, နေ့ညမဟူ, ကိုယ်စိတ်ပူ၍, သူသူငါငါ, မသက်သာသည်, ရှစ်ဖြာသံဝေ ရကြောင်းတည်း။
မီး (၁၁)ပါး
သူသူငါငါ, ဖြစ်လေရာဝယ်, ဦးစွာကြိုဆီး, ဇာတိမီးက, အပြီးပုံသေ, လောင်မြိုက်လေ၏။ မသွေတစ်သီး, ဇရာမီးလည်း, အပြီးနောက်မှာ, ကပ်လျက်ပါ၏။ မကွာစေရ, မရဏဟု, တစ်ဘဝဖျက်ဆီး, လောင်သည့်မီးလည်း, ငြီးငြီးပြောင်ပြောင်, အမြဲလောင်၏။ လောင်ပုံလောင်အား, မထင်ရှားပဲ, နုထွားပြိုမြစ်, အရွယ်ဖြစ်သော်, အချစ်ရာဂ, မီးတွေထ၍, ဒေါသထန်ပြင်း, မောဟညှဉ်း၏။ မကင်းနိုင်အောင်, ထို့နောက်နောင်လည်း, တောက်လောင်ဖိစီး, သောကမီးကြောင့်, ဝမ်းနည်းဖွယ်တွေ, အထွေထွေနှင့်, ပရိဒေဝ, ငိုကြွေးကြဖို့, ဒုက္ခလည်းထပ်, ဒေါမနသ်နှင့်, ဆက်စပ်မကွာ, ဥပါယာသ, လွန်ပြင်းပြ၍, သက်မျှမရှူ, တက်အောင်ပူသည် …. ဆူဆူဆယ့်တစ် မီးတောက်တည်း။
၁။ သူသူငါငါ ဖြစ်လေရာဝယ်၊ ဦးစွာကြိုဆီး၊ ဇာတိမီးက အပြီးပုံသေ၊ လောင်မြိုက်လေ၏။
၂။ မသွေတသီး၊ ဇရာမီးလည်း၊ အပြီးနောက်မှာ ကပ်လျက်ပါ၏။
၃။ မကွာစေရ၊ မရဏဟု၊ တစ်ဘဝဖျက်ဆီး၊ လောင်သည့်မီးလည်း၊ ညီးညီးပြောင်ပြောင် ၊ အမြဲလောင်၏။
၄။ လောင်ပုံလောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမြစ်၊ အရွယ်ဖြစ်သော် အချစ်ရာဂ၊ မီးတွေထ၍။
၅။ ဒေါသထန်ပြင်း။
၆။ မောဟ ညှင်း၏။
၇။ မကင်းနိုင်အောင်၊ ထိုနောက်နောင်လည်း၊ တောက်လောင်ဖိစီး၊ သောကမီးကြောင့်။
၈။ ဝမ်းနည်းဖွယ်ထွေ၊ အထွေထွေနှင့်၊ ပရိဒေဝ၊ ငိုကြွေးရလျက်။
၉။ ဒုက္ခလည်းထပ်။
၁၀။ ဒေါမနဿနှင့်။
၁၁။ ဆက်စပ်မကွာ၊ ဥပါယာသ၊ လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တက်အာင်ပူသည် ….. ဆူဆူ ဆယ့်တစ်မီးတည်း။
၁။ ရာဂမီး = လိုချင်တပ်မက်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုး စိတ်ပျက်ခြင်း။
၃။ မောဟမီး = အမှန်အတိုင်း မသိခြင်း။
၄။ ဇာတိမီး = ပဋိသန္ဓေ နေရခြင်း။
၅။ ဇရာမီး = အိုရခြင်း။
၆။ မရဏမီး = သေရခြင်း။
၇။ သောကမီး = စိုးရိမ် ပူဆွေးရခြင်း။
၈။ ပရိဒေ၀မီး = ငိုကြွေးရခြင်း။
၉။ ဒုက္ခမီး = ကိုယ်ဆင်းရဲ ရခြင်း။
၁၀။ ဒေါမနဿမီး = စိတ်ဆင်းရဲ ရခြင်း။
၁၁။ ဥပါယာသမီး = ပြင်းစွာ ပူပင်ရခြင်းတို့ ဖြစ်ပါတယ်။ ။
အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေး ၃-ပါး
အိုအိုလူများ, သတိထားလော့, သွားဆဲကာလ, ခါသမယဝယ်, ပထမခြေလှမ်း, ရုပ်နာမ်တန်းတို့, လှမ်း ဒုတိယ, မရောက်ကြဘူး၊ ဒုတိယလှမ်း, ရုပ်နာမ်တန်းလည်း, လှမ်း တတိယ, မရောက်ကြပင်၊ တစ်လှမ်းတွင်လည်း, မြှောက်စဉ်တစ်မျိုး, ရှေ့တိုးတစ်ဖုံ, လွန်ပုံတစ်ဝ, အောက်ချတစ်ခင်း, ထိခြင်းတလွေ့, ဖိနင်းစေ့အောင်, တရွေ့ရွေ့မြန်း, အခန်းခန်း၌, ခြေလှမ်းပိုင်းခြား, စိတ်ခြောက်ပါးဝယ်, သွယ်သွယ်နာမ်တန်း, ရုပ်အတန်းတို့, နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ဖြစ်ပျက်နေရ, အနိစ္စသည် … ဒုက္ခ အနတ္တချည်းသာတည်း။
မချစ်သော်လည်း မမုန်းပါနဲ့
ကိုယ့်ကို ပတ်ဝန်းက မချစ်ပေမယ့် မမုန်းကြမှ ကောင်းတယ်။
ကောင်းကောင်းနေ သော်လည်း အသက်မတိုပါ။
ဖြစ်သလိုနေ သော်လည်း အသက်မပိုပါ။
လောကမှာ ဘယ်လောက်ပဲ ကြီးကျယ်ခန်းနားနေပါစေ သေခါနီးကျမှ မျက်ရည်လည်ရလျှင် မတော်ပေဘူး။
သံဝေဂကဗျာ
ငါတို့နေရာ ဤကမ္ဘာတဏှာအုပ်စိုးသည်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွာသွားရမည်။
တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ။
ခဏမစဲ အိုစမြဲ ကိုယ်လဲ သေဖက်နီးခဲ့ပြီ။
ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
မသေရခင် သွားလမ်းစဉ် ကြိုတင် ပြင်သင့်ပြီ။
ဒါန သီလာ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
ပွဲလမ်းသဘင်နှင့်ကစားပွဲ
တန်ခိုးကြီးဘုရားဟု ထင်ရှားသော ဘုရားပွဲတိုင်းလိုပင် ဇာတ်ပွဲသဘင်များနှင့် အလောင်းအစား ကစားပွဲများ တွဲဖက်ပါဝင်နေသည်မှာ ဗုဒ္ဓအလိုတော်နှင့် လုံးဝ ဆန့်ကျင်နေသော စနစ်သာတည်း။
အကယ်၍ ဗုဒ္ဓရှင်တော် သက်တော်ထင်ရှား ရှိနေပါမူ ဇေတ၀န် ကျောင်းတော်အတွင်း၌ ဤကဲ့သို့ ပွဲကျင်းပကာ ဗုဒ္ဓရှေ့တော်ဝယ် မင်းသား မင်းသမီး ဆိုသူတွေ သီဆိုကြ, လူပြက်တွေ ပြက်လုံးထုတ် ကြနှင့် ပူဇော်ခွင့် ရကြပါမည်လော၊ ဘုရားပွဲဟူသည်မှာ ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ရမည့်ပွဲတည်း၊ သို့ပါလျက် ဘုရားကို သတိ မရကြဘဲ ဘုရားကို အနားထား၍ ပျော်ရွှင်ကြခြင်း, ပွဲကြည့်ရာမှ ကစားဝိုင်းမှ ရန်ပွဲဖြစ်ကြသဖြင့် သေကျေကြ, ရုံရောက်၍ ငွေကုန် လူပန်း ဖြစ်ကြခြင်းကား ရိုင်းစိုင်းသော လူမျိုးဖြစ်ကြောင်းကို ၀န်ခံရာ ကျလှ၏။
အိန္ဒိယ ဟိန္ဒူလူမျိုးတို့၏ ၀တ်တက်ပွဲ ဘုရားပွဲများ၌ မဟတ္တမ ဂန္ဒီကြီးက ငြိမ်းချမ်းသာယာမှု တရားရေအေး တိုက်ကျွေးကြောင်းကို (သတင်းစာ၌) ဖတ်လိုက်ရသောအခါ ဘုန်းကြီးတို့ ဘုရားပွဲတွေကို ကြည့်၍ ၀မ်းနည်းမိပါတော့သည်၊ ထို့ကြောင့် အနာဂတ်ကာလ၌ ဘုရားပွဲကို အစိုးရနှင့်တကွ ရဟန်းတော် အရှင်မြတ်တို့ ပြုပြင်ပေးရန် လေးနက်စွာ တောင်းပန်ပါသည်။
နိဗ္ဗာန်သို့ ကိုင်းညွတ်နေသော စိတ်
အရှေ့ဖက်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်သည် လဲသည့်အခါ အရှေ့ဖက်သို့သာ လဲဖွယ်ရာ ရှိသကဲ့သို့ နိဗ္ဗာန်သို့ ကိုင်းညွတ်နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှု ပြု သမျှ၌ နိဗ္ဗာန်ဖက်သို့သာ ညွတ်လျက်ရှိနေသည်ဖြစ်၍ ထိုသူတော်စင်သည် အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရာ ရှိပါတော့အံ့နည်း။
အကောင်းဆုံးလူ
သတ္တဝါ တစ်ယောက်မှာ –
၁။ ကိုယ်ကျိုးသက်သက်သာ ကြည့်သူ။
၂။ သူတစ်ပါးအကျိုး သက်သက်သာ ကြည့်သူ။
၃။ သူကျိုး ကိုယ်ကျိုး မကြည့်သူ။
၄။ သူကျိုး ကိုယ်ကျိုး နှစ်ပါးစုံ ကြည့်သူ။
လို့ ရှိတဲ့ အနက်က နှစ်ပါးစုံ ကြည့်သူဟာ အကောင်းဆုံးပါပဲ။
သာသနာတော်
သာသနာတော်ဟာ အမြဲတမ်း တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူး။ နော်ကဆုံးကာလ ကွယ်ပျောက်မှာ မလွယ်ဘူး။ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တဖက်တလမ်းကနေ စောင့်ထိန်းရမယ်။ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်။ မတည်မြဲဘူး။ တကယ့်ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဟောကြားဆုံးမတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။ အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး။ နီးဖို့ရန်သာ အကြောင်းရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာ တရားတော်ကို အထင်သေးရာရောက်နေပါတယ်။ ဒါကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
အောင်မြင်မှုဆိုတာ မဝေးပါ
အလုပ်ကိစ္စတစ်ခုကို အချိန်ပြည့် လုပ်နေသူအဖို့ ကြောင့်ကြပူပန်မှုဆိုတာ မရှိပါ။ ပေးလာတဲ့ အခွင့်အရေး၊ ရလာတဲ့အခွင့်အရေး၊ ရလာတဲ့ အချိန်ကို တန်ဘိုးထား၍ ကြိုးစားလုပ်ဆောင်နေသူအတွက် အောင်မြင်မှုဆိုတာမဝေးပါ။
ဆရာကောင်းအဆုံးအမ
ကျောက်ဆစ်ဆရာ အဖြတ်မခံရတဲ့ ကျောက်တုံးဟာ အရုပ်အဖြစ်သို့ မရောက်နိုင်သလို ဆရာကောင်းအဆုံးအမ မခံရတဲ့တပည့်တွေဟာ သူတော်ကောင်းမဖြစ်နိုင်ဘူ။
တန်ဖိုးအရှိဆုံး
သာသနာပြုလုပ်ငန်းဆိုတာ ယခုဘဝပင်ပန်းပေမယ့် သံသရာမှာ တန်ဖိုးအရှိဆုံးပဲ။ ပရဟိတစိတ် အများအကျိုးပြုတဲ့စိတ် မဟုတ်လား။ သာသနာထဲ ဝင်လာသူတိုင်း ပရဟိတစိတ် ထားကြမယ်ဆိုရင် နိုင်ငံနဲ့ သာသနာဟာ ကမ္ဘာမှာ ဟည်းသွားနိုင်တယ်။
ဆရာတော့် အဓိဋ္ဌာန်
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက, နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့, အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ ဘာသာအတွက်မို့, ငါပါအသက် ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့, ကုသိုလ်ရေးမို့ ကြိုးစားမည်။
( ဒို့လဲ ကြိုးစားမည် )