ရုပ်ခန္ဓာ ၁-ပါးနှင့် နာမ်ခန္ဓာ ၄-ပါး ပေါင်းစပ်ဖွဲ့စည်းထားသည်။
(၁) ရူပက္ခန္ဓာ – ဖောက်ပြန်တတ်သော ရုပ်အစုအဝေး (ပြောင်းလဲပျက်စီးတတ်သည့် သဘောရှိသော ရုပ်အစုအဝေး။)
(၂) ဝေဒနာက္ခန္ဓာ – ခံစားတတ်သော နာမ်အစုအဝေး။
(၃) သညက္ခန္ဓာ – မှတ်သားတတ်သောသဘောကို သညက္ခန္ဓာဟုခေါ်ပါသည်။ (သင်ညက်ခန်ဒါ ဟု အသံထွက်ပါသည်။)
(၄) သင်္ခါရက္ခန္ဓာ – စေ့စော်၊တိုက်တွန်း၊ပြုပြင်တက်သောနာမ်အစုအဝေး။
(၅) ဝိဉာဏက္ခန္ဓာ – သိမှုနာမ်အစုအဝေး။
သရုပ်
(၁) ရူပက္ခန္ဓာ – ရုပ် ၂၈-ပါး။
(၂) ဝေဒနာက္ခန္ဓာ – ဝေဒနာစေတသိက်။
(၃) သညက္ခန္ဓာ – သညာစေတသိက်။
(၄) သင်္ခါရက္ခန္ဓာ – ဝေဒနာ, သညာ မှကြွင်းသော စေတသိက် ၅၀။
(၅) ဝိဉာဏက္ခန္ဓာ – စိတ် ၈၉-ပါး။
ကျမ်းညွှန်း
ခန္ဓာ ၅-ပါး အဓိပ္ပါယ်၊ ဟောစဉ်၊ ဟောရသောအကြောင်း
ကျမ်းညွှန်း။ ။ပါဠိဆရာကြီးဦးဆိုင်၊ အဘိဓမ္မဂုဠှတ္ထဒီပနီကျမ်း၊ တတိယအုပ်၊ ၁၉၆၀ ခု။ နှာ-၇၉-၈၇။
သဗ္ဗသင်္ဂဟ အဖွင့်
သဗ္ဗ သင်္ဂဟေ ပဉ္စက္ခန္ဓာ – ရူပက္ခန္ဓော, ဝေဒနာန္ဓော, သညာက္ခန္ဓော, သင်္ခါရက္ခန္ဓော, ဝိညာဏက္ခန္ဓော။
(သဂြိုဟ်ပါဌ်)။
သဗ္ဗသင်္ဂဟ၌ ခန္ဓာတို့သည် –
(၁) ရူပက္ခန္ဓာ (၂) ဝေဒနာက္ခန္ဓာ (၃) သညာက္ခန္ဓာ (၄) သင်္ခါရက္ခန္ဓာ (၅) ဝိညာဏက္ခန္ဓာ ဟူ၍ ၅ ပါး အပြားရှိကုန်၏။
ဟူလို။ ဤကား -ပိဏ္ဍတ္ထ။
ခန္ဓာ ၅ပါး သရုပ်
၁။ ရုပ်အဋ္ဌဝီသ (ရုပ် ၂၈-ပါး) သည် ရူပက္ခန္ဓာ မည်၏။
၂။ စေတသိက် ဒွေပညာသတို့တွင် ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
၃။ သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
၄။ ဝေဒနာ, သညာ မှကြွင်းသော စေတသိက် ၅၀ သည် သင်္ခါရက္ခန္ဓာ မည်၏။
၅။ စိတ်တခုယုတ် ၉၀ (စိတ် ၈၉-ပါး) သည် ဝိညာဏက္ခန္ဓာ မည်၏။
ခန္ဓာငါးပါး အဓိပ္ပါယ်
ဉ္စက္ခန္ဓာ၌၊ ခန္ဓ-သဒ္ဒါသည် အစု-ဟူသော အနက်ဟောရာ သတ္ထဝါစကအနိပ္ဖန္နပါဋိပဒိကပုဒ် ဖြစ်၍ ဝိဂြိုဟ် မပြုကောင်း။
တသ္မာ ရာသိလက္ခဏာ ခန္ဓာတိ ဝေဒိတဗ္ဗာ။
ခန္ဓဝိဘင်း-အဋ္ဌကထာ
အဓိပ္ပါယ်ကား – အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက ဟုဆိုအပ်သော ၁၁ ပါးအားဖြင့် ပြားကုန်သော တရားတို့ကို မိမိတို့၏လက္ခဏာ၌ တပေါင်းတရုံး တလုံးတစုတည်း ပြု၍ သိမ်းဆည်းအပ်သောကြောင့် ခန္ဓာ မည်၏။
ထို့ကြောင့် ရူပက္ခန္ဓာ ဟူသည် ရုပ်အစု၊ ဝေဒနာက္ခန္ဓာ ဟူသည် ဝေဒနာအစု ဟုဆိုလိုသည်။ အတိတ်ဖြစ်သော ရုပ်၊ အနာဂတ်ဖြစ်သော ရုပ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်၊ အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ်၊ ဩဠာရိကရုပ်၊ သုခုမရုပ်၊ ဟီနရုပ်၊ ပဏီတရုပ်၊ ဒူရရုပ်၊ သန္တိကရုပ် ဟုဆိုအပ်သော ၁၁ ပါးအားဖြင့် ပြားကုန်သော အပေါင်းအစုဖြစ်သော အလုံးစုံသော ရုပ်တို့ကို တပေါင်းတည်း ပြု၍ ရုပ် ဟုသိမ်းဆည်းအပ်သောကြောင့် ရူပက္ခန္ဓာ မည်၏။ အတိတ်စသော ၁၁ ပါးအပြားအားဖြင့် ပြားကုန်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကိုလည်း တပေါင်းတည်းပြု၍ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟု ရေတွက်သိမ်းဆည်းအပ်သောကြောင့် ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ မည်ကုန်၏။ ဟူလို။
အတီတာနာဂတပစ္စုပ္ပန္နာဒိဘေဒဘိန္နကာ။
ဧကဇ္ဈံ ရာသိအတ္ထေန၊ ပဉ္စက္ခန္ဓာတိ ဘာသိတာ။
အတီတာနာဂတ။ ပ ။ ဘိန္နကာ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် စသော ၁၁ ပါး အပြားအားဖြင့် ပြားကုန်သော တရားတို့ကို။ ဧကဇ္ဈံ၊ တပေါင်းတရုံး တလုံးတစုတည်း။ ရာသိအတ္ထေန၊ အပေါင်းအစုဟူသော အနက်ကြောင့်။ ပဉ္စက္ခန္ဓာတိ၊ ခန္ဓာ ၅ ပါးတို့ဟူ၍။ ဘာသိတာ၊ ဆိုအပ်ကုန်၏။
တနည်း။ ။ခန္ဓပုဒ်ကို ဝိဂြိုဟ် ၀စနက် ဖွင့်မှတ်လှစ်ဆိုအပ်သော နိပ္ဖန္နပါဋိပဒိကပုဒ် ဟုလည်း ကြံတော်မူကြသေး၏။
ဇာတိဇရာမရဏာဒီဟိ သံသာရဒုက္ခေဟိ ခါဒိတဗ္ဗောတိ ခန္ဓော။
ဇာတိ ဇရာ မရဏာဒီဟိ၊ ဇာတိ ဇရာ မရဏ အစရှိကုန်သော။ သံသရဒုက္ခေဟိ၊ သံသရာဝဋ်ဒုက္ခတို့သည်။ ခါဒိတဗ္ဗော၊ ခဲအပ်၏။ ဣတိ၊ ကြောင့်။ ခန္ဓော၊ ခန္ဓာ မည်၏။ (ဤအလို ခါဒ-ဓာတ်၊ အ-ပစ္စည်း)။
ဉာဏေန ခညတေတိ ဝါ ခန္ဓော။
ဝါ၊ တနည်းကား။ ဉာဏေန၊ ဝိပဿနာဉာဏ်ဖြင့်။ ခညတေ၊ တူးဖြိုဖောက်ထွင်းအပ်၏။ ဣတိ၊ ကြောင့်။ ခန္ဓော၊ ခန္ဓာ မည်၏။ (ဤအလို ခနု-ဓာတ်၊ ဓ-ပစ္စည်း)။
ခံ-အတ္တနိစ္စာဒိသုညံ ဓာရေတီတိ ဝါ ခန္ဓော။
ဝါ၊ တနည်းကား။ ခံ-အတ္တနိစ္စာဒိသုညံ၊ အတ္တ-နိစ္စ စသော အနှစ်သာရမရှိ၊ အချည်းနှီးသော သဘောကို။ ဓာရေတိ၊ ဆောင်တတ်၏။ ဣတိ၊ ကြောင့်။ ခန္ဓော၊ ခန္ဓာ မည်၏။ (ဤအလိုသော် ခံ-သဒ္ဒူပပဒ-ဓာ-ဓာတ်၊ ဓာရဏတ္ထဝါစီ)။
အဓိပ္ပါယ်ကား – ဤခန္ဓာ ၅ ပါး ရုပ်နာမ်တရားတို့သည် မြဲသောနိစ္စသဘော၊ ချမ်းသာသော သုခသဘော၊ အစိုးရသော အတ္တသဘော၊ လှပတင့်တယ်ရှုချင်စဖွယ်သော သုဘသဘောတို့မှ ကင်းဆိတ်၍ အနှစ်သာရ ဘာတခုမျှ မရှိ။ အကာအတိသာ ဖြစ်သော သဘောကို ဆောင်တတ်သောကြောင့် ခန္ဓာ မည်၏။ ဟူလို။
ခဇ္ဇန္တိ နေကဒုက္ခေဟိ၊ ဉာဏေန စ ခညန္တိဝါ။
သုညာကာရံဝါ ဓာရေန္တိ၊ ဣတိ ခန္ဓာတိ ၀ုစ္စရေ။
အနေကဒုက္ခေဟိ၊ ဇာတိ ဇရာ စသော များစွာသော ဒုက္ခတို့သည်။ ခဇ္ဇန္တိ၊ ခဲအပ်ကုန်၏။ ဣတိဝါ၊ ထို့ကြောင့်လည်းကောင်း။ ဉာဏေန၊ ဝိပဿနာဉာဏ်ဖြင့်။ ခညန္တိ၊ တူးဖြိုအပ်ကုန်၏။ ဣတိဝါ၊ ထို့ကြောင့်လည်းကောင်း။ သုညာကာရံ၊ အတ္တနိစ္စ စသည်မှ ဆိတ်သော သဘောကို။ ဓာရေန္တိ၊ ဆောင်တတ်ကုန်၏။ ဣတိဝါ၊ ထို့ကြောင့်လည်းကောင်း။ ခန္ဓာတိ၊ ခန္ဓာ ဟူ၍။ ၀ုစ္စရေ၊ မိန့်ဆိုအပ်ကုန်၏။
ခန္ဓာငါးပါး ဟောစဉ်
ဤခန္ဓာ ၅ ပါးတို့ကို ဖြစ်သော အစဉ်အားလျော်စွာ ဟောတော်မူသည် မဟုတ်။ ဒေသနာက္ကမ အားလျော်စွာသာ ဟောတော်မူအပ်ကုန်၏။ ဒေသနာက္ကမ ဖြစ်ဟန်ကား – ခန္ဓာ ၅ ပါးတို့၌ တလုံးတခဲတည်း၊ မကွဲမပြားကြ၊ ကိုယ်ကာယ ဟူ၍ ယူမှားကြ ကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့အား၊ အပေါင်းအခဲကို ခွဲခြား၍ ပြသဖြင့် အတ္တအယူမှ လွတ်စေရန် လွယ်ကူစွာ ဉာဏ် သက်ဝင်နိုင်စိမ့်သောငှာ စက္ခု စသည်တို့၏အာရုံ ဖြစ်သော ကြမ်းတမ်းသော ရူပက္ခန္ဓာကို ရှေးဦးစွာ ဟောတော်မူအပ်၏။ ထိုနောင်မှ ဣဋ္ဌာရုံ အနိဋ္ဌာရုံ ဖြစ်သော ရုပ်တို့ကို ခံစားတတ်သော ဝေဒနာက္ခန္ဓာကို ဟောတော်မူအပ်၏။ ခံစားပြီးသော ဝေဒနာ၏ အာရုံအခြင်းအရာကို မှတ်တတ်သောကြောင့် ဝေဒနာက္ခန္ဓာ၏နောက်၌ သညာက္ခန္ဓာကို ဟောတော်မူအပ်၏။ သညာမှတ်ပေးသောအတိုင်း ပြုပြင်စီရင်တတ်သောကြောင့် သညာက္ခန္ဓာ၏နောက်၌ သင်္ခါရက္ခန္ဓာကို ဟောတော်မူအပ်၏။ ထိုဝေဒနာ သညာ သင်္ခါရတို့၏မှီရာလည်း ဖြစ်၊ အကြီးအကဲလည်း ဖြစ်သောကြောင့် ထို ၃ ပါးတို့၏နောက်၌ ဝိညာဏက္ခန္ဓာကို ဟောတော်မူအပ် ၏ဟုမှတ်။
ဒေသနာက္ကမော ပန ယုဇ္ဇတိ။ အဘေဒေန ဟိ။ ပ ။ ယံပဉ္စသု ခန္ဓေသု အတ္တဂ္ဂါဟပတိတံ ဝေဏေယျဇနံ သမူဟဃနဝိနိဗ္ဘောဂ ဒဿနေန။ ပ ။တေသံ ဝေဒနာဒီနံ နိဿယံ အဓိပတိ ဘူတဉ္စ ဝိညာဏန္တိ။
(ခန္ဓဝိဘင်း-အဋ္ဌကထာ-၂၆)။
ခန္ဓာအပြား ၅-ပါးသာ ဟောရသောအကြောင်း
အဘယ့်ကြောင့် ခန္ဓာကို အယုတ်အလွန် မထားပါဘဲ ၅ ပါးဟူ၍သာ ပိုင်းခြားကန့်သတ် ဟောကြားတော်မူပါသနည်းဟူမူ – အလုံးစုံသော သင်္ခတတရားစုတို့ကို သဘောတူသော အဖို့အားဖြင့် သိမ်းကြုံးမိသောကြောင့်လည်းကောင်း၊ ငါ၏ကိုယ်-ငါ၏ ဥစ္စာဟူ၍ စွဲလမ်းခြင်းသည်လည်း ထိုခန္ဓာ ၅ ပါးသာလျှင် အတိုင်းအရှည် ရှိသောကြောင့်လည်းကောင်း၊ အခြားသော သီလက္ခန္ဓာ စသောတရားတို့သည်လည်း ထိုခန္ဓာ ၅ ပါး၌ အကြုံးဝင်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ ခန္ဓာ ၅ ပါးဟူ၍သာ ပိုင်းခြားကန့်သတ် ဟောကြားတော်မူအပ်ပါသတည်း။
ကသ္မာ ပန ဘဂဝတာ ပဉ္စေဝ ခန္ဓာ ဝုတ္တာ အနုနာ အနဓိကာတိ။ သဗ္ဗသင်္ခတ သဘာဂေသင်္ဂဟတော၊ သတ္တတ္တနိယဂ္ဂါဟဝတ္ထုဿ ဧတပ္ပရမတော၊ အညေ သဉ္စ တဒဝရောဓတော။
(ခန္ဓဝိဘင်းအဋ္ဌကထာ(၂၇)။)
ဆောင်ပုဒ်။ ။တရားအားလုံး၊ သိမ်းကြုံးမိပါ၊ ငါးပါးသာ၊ မိန့်မှာ ခန္ဓာများ။