ရဟန်းတို့ ဤဥပမာကို နာကြားကြကုန်လော့။
ဆေးဆိုးသမားတစ်ယောက်သည် အ၀တ်အစ ကိုအရောင်ဆိုး၏။ အပြာ၊ အနီ၊ အစိမ်းစသည် ကို ဆိုး၏။ သို့သော် အပြာ၊ အနီ၊ အစိမ်း စသောအရောင်သည် ထိုအ၀တ်၌ ကြည်လင်ပီသစွာ မထင်ပေ။ ထိုအ၀တ်သည် ဖြူစင်ခြင်း မရှိသောကြောင့်တည်း။ ညစ်ထေးလျက်ရှိသောကြောင့်တည်း။
ထိုဆေးဆိုးသမားသည်ပင် အ၀တ်စကိုအရောင်ဆိုးပြန်၏။ အပြာ၊ အနီ၊ အစိမ်း စသည်တို့ကို ဆိုး၏။ ထိုအ၀တ်စ၌ အပြာ၊ အနီ၊ အစိမ်းစသော အရောင်သည် ကြည်လင်ပီသစွာ ထင်လေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအ၀တ်စသည်ကြည်လင်သောကြောင့်တည်း။
ရဟန်းတို့၊ စိတ်မဖြူစင်ခြင်း၊ ညစ်ထေးခြင်းသည်ညစ်ထေးသောအ၀တ်စနှင့်တူ၏။ စိတ်ဖြူစင်ခြင်း၊ မညစ်ထေးခြင်းသည် ဖြူဖွေး စင်ကြယ်သော အ၀တ်စနှင့်တူ၏။ စိတ်မဖြူစင်မညစ်ထေးခြင်းသည် မကောင်းသောလားရာဒုဂ္ဂတိအကြောင်းပေတည်း။
စိတ်ဖြူစင်သန့်ရှင်းခြင်းသည် ကောင်းသောလားရာ သုဂတိအကြောင်းပေတည်း။
စိတ်မဖြူစင် မညစ်ညူးစေတတ်သည့်တရားတို့ကား
၁။ သူတစ်ပါး၏စည်းစိမ်ကို ရှေးရှုကြံစည်အလိုရှိခြင်း ( အဘိဇ္ဈာ )
၂။ မသင့်လျော်ရာ၌ လိုချင်တက်မက်ခြင်း။ ( ၀ိသမလောဘ )
၃။ သူတစ်ပါးတို့အားပျက်စီးစေလိုခြင်း။ ( ဗျာပါဒ )
၄။ အမျက်ထွက်ခြင်း။ ( ကောဓ )
၅။ ရန်ငြိုးဖွဲခြင်း။ ( ဥပနာဟ )
၆။ ဂုဏ်ကျေးဇူးကိုခြေဖျက်ခြင်း။ ( မက္ခ )
၇။ ဂုဏ်ပြိုင်ခြင်း။ ( ပလာသ )
၈။ ငြူစူခြင်း။ ( ဣဿာ )
၉။ ၀န်တိုခြင်း။ ( မစ္ဆရိယ )
၁၀။ လှည့်ပတ်ခြင်း။ ( မာယာ )
၁၁။ စဉ်းလဲခြင်း။ ( သာဌေယျ )
၁၂။ စိတ်ခက်ထန်ခြင်း။ ( ထမ္ဘ )
၁၃။ ချုပ်ချယ်ခြင်း။ ( သာရမ္ဘ )
၁၄။ မောက်မာခြင်း။ ( မာန )
၁၅။ အလွန်မောက်မာခြင်း။ ( အတိမာန )
၁၆။ မာန်ယစ်ခြင်း။ ( မဒ )
၁၇။ သတိမေ့လျော့ခြင်း။ ( ပမာဒ ) တို့ပေတည်း။
ရဟန်းတို့ ဤတရားတို့ကိန်းအောင်းနေလျှင် ဤတရား တို့နှင့်ယှဉ်လျှင် စိတ်ညစ်ညူး၏။ စ်ိတ်မဖြူစင်ခြင်းဖြစ်၏။ ဤတရားတို့သည် စိတ်ညစ်ညူးကြောင်းပေတကား။
စိတ်မဖြူစင်စေကြောင်းပေတကားဟူ၍ သိမြင်၍ပယ်စွန့်သည်ရှိသော် စိတ်မညစ်ညူးပေ။ စိတ်ဖြူစင်ခြင်းဖြစ်၏။
မူလပဏ္ဏာသပါဠိတော်၊ မူလပရိယာယ၀ဂ်၊ ၀တ္ထသုတ်။
ဗုဒ္ဓ၏ဥပမာတစ်ထောင်၊ လေးမြိုင်၊ စာ ၅၅/၅၆
Reference
- https://rubyraysdm.blogspot.com/2014/07/