သစ္စာ (၄)ပါး

သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် – ဒုက္ခသစ္စာ – ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ – သမုဒယသည် ‘ဒုက္ခ’ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ – ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ – နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။

ဓမ္မစကြာ နိဒါန်း

ဧဝံမေသုတံ – ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ –

အခါတပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားသမင်တို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ မြတ်စွာဘုရားသည် သဟမ္ပပတိအမည်ရှိ မဟာဗြဟ္မာ၏ လျောက်ထားတောင်းပန်ချက်အရ ပဉ္စဝဂ္ဂီရဟန်းတို့ကို ဓမ္မစကြာ ဟောမိန့်တော်မူ၏။

(၁) ဒုက္ခသစ္စာ (ဒုက္ခ အရိယသစ္စာ)

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် ‘မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်’ဟု မကြာခဏဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာအာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ (မွေးဖွားခြင်)၊ ဇရာ(အိုခြင်း)၊ မရဏ(သေခြင်း)၊ သောက(စိုးရိမ်ပူဆွေး)၊ ပရိဒေဝ(ငိုကြွေးခြင်း)၊ ဒုက္ခ(ကိုယ်ထဲမှာ ဖြစ်တဲ့ဆင်းရဲဟာ ဒုက္ခ)၊ ဒေါမနဿ(စိတ်ထဲမှာဖြစ်တဲ့ နှလုံးမသာယာခြင်းဆင်းရဲ)၊ ဥပါယာသ(ဆွေမျိုးတွေရဲ့ ပျက်စီးခြင်း) စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။

ဇာတိ

သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။

ဇာတိသည် ဘဝကိုးပါးကို အစွဲပြု၍ ကိုးပါးအပြား ရှိသည်။ ၎င်းကိုးပါးတို့မှာ ကာမဇာတိ, ရူပဇာတိ, အရူပဇာတိ, သညီဇာတိ, အသညီဇာတိ, နေဝသညီနာသညီဇာတိ, ဧကဗတါကာရဇာတိ, စတုဝေါကာရဇာတိ, ပဉ္စဝေါကာရဇာတိ တို့ဖြစ်ကြသည်။

ကာမဇတိ

ကာမဇတိသည် ဖြစ်ပေါ်ပုံယောနိအပြားအားဖြင့် (၁) အဏ္ဍဇဇာတိ၊ (၂) ဇလာဗုဇဇာတိ၊ (၃) သံသေဒဇဇာတိ၊ (၄) ဩပပါတိကဇာတိ စသည့်ဖြင့် လေးပါးအပြားရှိသည်။

ထိုလေးပါးတွင် ဥမှပေါက်ဖွားကြသော ကြက်, ငှက် စသော သတ္တဝါ၊ ငါး, လိပ် စသော သတ္တဝါများကို “အဏ္ဍဇ” ဟုဆိုသည်။ ထိုအဏ္ဍဇသတ္တဝါတို့၏ ပဋိသန္ဓေနေမှုသည် “အဏ္ဍဇဇာတိ” မည်သည်။

သားအိမ်၌ ပဋိသန္ဓေတည်နေ၍ ဖြစ်ကြကုန်သော လူစသော သတ္တဝါ၊ နွား,ကျွဲ, ဆင်, မြင်း စသော သတ္တဝါတို့ကို “ဇလာဗုဇ” ဟုခေါ်သည်။ ထိုဇလာဗုဇ သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် “ဇလာဗုဇဇာတိ” မည်သည်။

မစင်ဘင်ပုပ်, ကျင်ငယ်ပုပ်, ရွှံ့ညွန်ပုပ်, ရေပုပ်, အသေကောင်ပုပ်, ငါးပုပ်, ထမင်းဟင်းအသိုးအပုပ် စသည်များနှင့် ပဒုမ္မာကြာတိုက်၏ အညှိ, သစ်ပင်များ၏ အညှိများသည် “သံသေဒဇ” မည်သည်။ စိုစွတ်ကျိချွဲသော အရာမဝတ္ထုများ ဖြစ်ကြသည်။ အပုပ်အစပ် အကျိအချွဲ၌ ပဋိသန္ဓေတည်နေကြကုန်သော ပိုးရွသတ္တဝါတို့မှစ၍ ပဒုမ္မာကြာတိုက်၌ ပဋိသန္ဓေတည်နေကြကုန်သော ပဒုမဒေဝီစသော လူသတ္တဝါတို့ကို “သံသေဒဇ” ဆိုသည်။ ထိုသံသေဒဇသတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် “သံသေဒဇဇာတိ” မည်သည်။

ကောင်းကင်ထက်မှ လျောကျလာသကဲ့သို့ ပြည့်စုံသော ကိုယ်အင်္ဂါနှင့်တကွ ထင်ရှားစွာ ဖြစ်ပေါ်လာမှုသည် “ဥပပါတ်” မည်သည်။ အထက်နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာ့ပြည် ဘုံနှစ်ဆယ်တို့၌ ဖြစ်ကြကုန်သော နတ်ဗြဟ္မာတို့သည် “ဩပပါတိက” သာ ဖြစ်ကုန်သည်။ အလုံးစုံသော သတ္တဝါတို့သည်လည်း ဩပပါတိက တို့သာ ဖြစ်သည်။ ဩပပါတိက သတ္တဝါတို့၏ ပဋိသန္ဓေတည်နေမှုသည် “ဩပပါတိကဇာတိ” ဖြစ်သည်။

ကမ္ဘာဦးအခါ၌ လူတို့သည် ဥပပါတ်တို့သာ ဖြစ်ကုန်၏။ ထို့အတူပင် တိရစ္ဆာန် ပြိတ္တာ ဘုမ္မစိုးနတ်တို့သည်လည်း ကမ္ဘာဦးကာလ၌ ဥပပါတ်တို့သာ ဖြစ်ကုန်သည်။ နောက်ကာလ၌ လူတို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ တစ်ခါတရံ အဏ္ဍဇ ဖြစ်ကုန်သည်။ တစ်ခါတရံ သံသေဒဖ ဖြစ်ကုန်သည်။ တိရစ္ဆာန်သတ္တဝါတို့တွင် အချို့တို့သည် အဏ္ဍဇဖြစ်ကုန်သည်။ အချို့တို့သည် ဇလာဗုဇ ဖြစ်ကုန်သည်။ ဘုမ္မဇိုဝ်းတို့သည် ဥပပါတ်တို့သာ များကုန်သည်။

ဇာတိဖြစ်ပေါ်ခြင်း

ဥပပတ္တိဘဝကိုးပါးတို့ ရှေးဦးစွာ ဖြစ်ပေါ်မှုသည် ဇာတိ ဖြစ်သည်။ ထို့ကြောင့် ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝဖြစ်ပေါ်သည်ရှိသော် ပဋိသန္ဓေနေမှုဟု ဆိုအပ်သည့် ဇာတိ၏ ဖြစ်ခြင်းကိစ္စသည်လည်း တစ်လုံးတည်း ပြီးစီး၍ ပါရှိသည်။ သို့ဖြစ်၍ ကမ္မဘဝဟူသော အကြောင်းကြောင့် ဥပပတ္တိဘဝကိုးပါးတို့၌ ဇာတိဖြစ်ပေါ်လေသည်။ ဤသို့လျှင် ဘဝဟူသော အကြောင်းအကြောင့် ဇာတိ ဖြစ်ပေါ်သည်။

ဇရာ

သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။

မရဏ

သတ္တဝါများ သေကြေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။

မရဏ ဆိုသည်မှာ ဖြစ်ဖြစ်သမျှသော ခန္ဓာတို့၏ ပျောက်ကွယ်ပျက်ပြုန်း သေဆုံးကုန်ခမ်းမှုသည် မရဏ မည်၏။

ဘဝကိုးပါးနှင့် ယှဉ်စပ်၍ မရဏသည် အောက်ပါအတိုင်း ကိုးပါးအပြား ရှိသည်။ ၎င်းတို့မှာ – ကာမမရဏ၊ ရူပမရဏ၊ အရူပမရဏ၊ သညီမရဏ၊ အသညီမရဏ၊ နေဝသညီနာသညီမရဏ၊ ဧကဝေါကာရမရဏ၊ စတုဝေါကာရမရဏ၊ ပဉ္စဝေါကာရမရဏ စသည်တို့ ဖြစ်သည်။ ကာမအတ္တဘောတို့၏ သေမှုသည် ကာမမရဏ ဖြစ်သည်။ အခြားသောမရဏများလည်း ဤသို့ပင် ဖြစ်သည်။

လေးပါးအပြား

ထိုမှတစ်ပါးလည်း –

အာယုက္ခယမရဏ – အသက်တမ်းကုန်၍ သေခြင်း
ကမ္မက္ခယမရဏ – ကံအစွမ်းကုန်၍ သေခြင်း
ဥဘယက္ခယမရဏ – အသက်, ကံ နှစ်ပါးကုန်၍ သေခြင်း
ဥပစ္ဆေဒကမရဏ – ကံဆိုးဖြတ်ချွေ၍ သေခြင်းတို့ ဖြစ်သည်။

အာယုက္ခယမရဏ ဆိုသည်မှာ ဘုံဘဝတို့၌ အမျိုးမျိုးသော အာယုကပ်အပိုင်းအခြားတို့သည် ပဋိသန္ဓေတည်နေသောအခါ ရှေးဦးစွာဖြစ်ပေါ်သော နာမ်ရုပ်တို့၏ ချုပ်ခြင်းမှစ၍ အစဉ်အတိုင်း ကုန်ဆုံးချုပ်ကွယ်ခြင်းသို့ ရောက်ကြ၏။ ထိုအသက်တမ်းတို့၏ အားလုံးကုန်ဆုံးသဖြင့် သေလွန်ခြင်းသည် အာယုက္ခယမရဏ မည်သည်။

စေတနာတည်းဟူသော ကံ၏ ချုပ်ပုံနှစ်မျိုးတို့တွင် ဒုတိယဖြစ်သော ကံ၏အစွမ်းချုပ်ဆုံးမှုကြောင့် သေခြင်းသည် ကမ္မက္ခယမရဏ မည်သည်။

အသက်တမ်း၊ ကံစွမ်းနှစ်ပါးတို့၏ အညီအမျှ ကုန်ဆုံးသဖြင့် သေခြင်းသည် ဥဘယက္ခယမရဏ မည်သည်။

အသက်ကို ဖြတ်ချွေတတ်သည့် ဥပစ္ဆေဒကမရဏ ကံမျိုးသည် (၁) အတိတ်ကံ၊ (၂) ပစ္စုပ္ပန်ကံ ဟူ၍ နှစ်ပါးရှိသည်။

သောက

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။

သောက – ဆိုတာဘာလဲဆိုတော့ စိုးရိမ်ပူဆွေးတာကို သောကခေါ်ပါတယ်။ ဘာတွေကို စိုးရိမ်ပူဆွေးတာလဲဆိုရင် ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ပျက်စီးတဲ့အခါမှာ၊ ဥာတိဗျသန-ဆွေမျိုးတွေ ပျက်စီးတဲ့အခါမှာ၊ ရောဂဗျသန-ရောဂါဆိုး စွဲကပ်နှိပ်စက်တဲ့အခါမှာ၊ သီလဗျသန- မိမိရဲ့ကိုယ်ကျင့်သီလ ပျက်စီးတဲ့အခါမှာ၊ ဒိဋ္ဌိဗျသန- အယူဖောက်ပြန် ပျက်စီးတဲ့အခါမှာ၊ ဒုက္ခဓမ္မ- သတ်ခြင်းနှောင်ဖွဲ့ခြင်း အစရှိတဲ့ ဆင်းရဲကြောင်းအမှု့တွေနဲ့ တွေ့ကြုံနှိပ်စက်ခံရတဲ့အခါမှာ စိတ်ကိုပူပန်စေတတ်တဲ့သဘောဟာ သောကဖြစ်ပါတယ်။ အဲ့ဒီသောကဟာ သဘောတရားကိုယ်အားဖြင့်တော့ ဒေါမနဿပဲဖြစ်ပေမယ့် သောကဆိုတာက အတွင်းမှာ ကြံတွေးပြီး ပူဆွေးတဲ့ လက္ခဏာရှိပါတယ်။ စိတ်ကိုလဲ ထက်ဝန်းကျင်ကနေ ပူလောင်စေတတ်တယ်။ ပြန်လည်စဉ်းစားပြီးတော့လဲ အဖန်တလဲလဲ စိုးရိမ်ပူဆွေးနေတတ်တာဟာ သောကပဲဖြစ်ပါတယ်။

ကုက္ကစ္စနှင့်သောက အထူး – ပြုမိခဲ့တဲ့ အကုသိုလ်တွေ မပြုလိုက်ရတဲ့ ကုသိုလ်အာရုံတွေမှာ နှလုံးမသာယာခြင်း၊ ပြန်လည်စဉ်းစားပြီး စိုးရိမ်ပူပန်ခြင်းဟာ ကုက္ကစ္စပါပဲ။ ဆွေမျိုးတွေ ပျက်စီးခြင်းအစရှိတဲ့ အာရုံတွေမှာ စိတ်ရဲ့ပူပန်ခြင်းသက်သက် ပြန်လည်စဉ်းစားပြီး စိုးရိမ်ပူဆွေးခြင်းကတော့ သောကပဲဖြစ်ပါတယ်။

ပရိဒေဝ

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။

ပရိဒေဝ – ငိုကြွေးခြင်းဆိုတာက ဥာတိဗျသန ဆွေမျိုးတွေ ပျက်စီးခြင်း အစရှိတာတွေနဲ့ ကြုံတွေ့နှိပ်စက်ခံရတဲ့သူတွေဟာ ပါးစပ်ကနေ ရောက်တတ်ရာရာတွေ မြည်တမ်းပြောဆိုနေကြတယ်။ အထပ်ထပ် မြည်တမ်းပြောဆိုခြင်း လက္ခဏာရှိပါတယ်။ သေသွားတဲ့သူ အစရှိသည်တို့ရဲ့ ဂုဏ်ကျေးဇူးနဲ့အပြစ်တွေကို ကြွေးကြော်ပြောကြားနေတတ်တယ်။ ချာချာလည်နေတဲ့စကားတွေကို ပြောဆိုတယ်။ စိတ်မှာလဲ ဝေနှောက်မူးလည်နေတယ်။ အဲ့ဒါဟာ ပရိဒေ၀ပါပဲ။ 

ဒုက္ခ

သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။

ဒုက္ခ – ဆိုတာဘာလဲဆိုတော့ ကိုယ်ထဲမှာ ဖြစ်တဲ့ဆင်းရဲဟာ ဒုက္ခပါပဲ။ အဲ့ဒီဒုက္ခဟာ ကိုယ်ကိုနှိပ်စက်တတ်တဲ့ လက္ခဏာရှိတယ်။ ပညာမဲ့တဲ့သူတွေကို နှလုံးမသာယာခြင်းကိုလဲ ပြုတတ်တယ်။ ကိုယ်ထဲမှာဖြစ်တဲ့ နာကျင်ခံခက် နှိပ်စက်တတ်တဲ့အနာလို့ စိတ်မှာထင်မြင်တယ်။ ဒုက္ခခေါ် ဆင်းရဲအစစ်ဖြစ်တဲ့အတွက်ကြောင့်၊   စိတ်ဆင်း၇ဲကိုလဲ ဆောင်တတ်ဖြစ်စေတတ်တဲ့အတွက်ကြောင့်   ဒုက္ခလို့ခေါ်ပါတယ်။ 

ဒေါမနဿ

သတ္တဝါများသည် စိတ်အလိုမကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။

ဒေါမနဿ – ဆိုတာဘာလဲဆိုတော့ စိတ်ထဲမှာဖြစ်တဲ့ နှလုံးမသာယာခြင်းဆင်းရဲဟာ ဒေါမနဿပါပဲ။ ဒေါမနဿဟာ စိတ်ကိုနှိပ်စက်ခြင်း လက္ခဏာရှိပါတယ်။ စိတ်ကိုလဲ ပင်ပန်းစေတတ်တယ်။ စိတ်ထဲမှာဖြစ်တဲ့ နာကျင်ခံခက်နှပ်စက်တတ်တဲ့အနာလို့ စိတ်မှာထင်မြင်တယ်။ ဆင်းရဲအစစ်လဲဖြစ်၊ ကိုယ်ဆင်းရဲကိုလဲ ဆောင်တတ်ဖြစ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –  စိတ်ဆင်းရဲရောက်နေတဲ့သူတွေဟာ ဆံပင်တွေကို ဖြန့်ကျဲပြီး မြည်တမ်းငိုကျွေးကြတယ်။ ရင်ဘတ်ကို ထုကြိတ်ပြီးတော့လဲ ငိုကျွေးကြတယ်။ ရှေု့ကိုလူးလိမ့်ပြီးတော့လဲ ငိုကျွေးကြတယ်။ ပြန်ထပြီးတော့လဲ လူးလိမ့်ငိုကျွေးကြတယ်။ ဓားလက်နက်နဲ့ ကိုယ့်ကိုကိုယ် ထိုးခုတ်ကြတယ်။ အဆိပ်စားပြီးတော့လဲ သတ်သေကြတယ်။ ကြိုးဆွဲချပြီးတော့လဲ သတ်သေကြတယ်။ မိမိကိုယ်ကို မီးရှို့ပြီးတော့လဲ သတ်သေကြတယ်။ အဲ့လိုမျိုးမျိုးသော ကိုယ်ဆင်းရဲကို ခံစားကြရတယ်။ 

ဥပါယာသ

သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။

ဥပါယာသ – ဆိုတာက ဥာတိဗျသန ဆွေမျိုးတွေရဲ့ ပျက်စီးခြင်းစသည်တို့နဲ့ ကြုံတွေ့နှိပ်စက်ခံရတဲ့သူတွေမှာ အလွန်အမင်း စိတ်ဆင်းရဲခြင်းကြောင့်ဖြစ်တဲ့ ဒေါသပါပဲ။ အဲ့ဒီဥပါယာသဟာ စိတ်ကို ထက်ဝန်းကျင်ကနေ ပူလောင်စေတတ်တဲ့ လက္ခဏာရှိပါတယ်။ ညည်တွားစေတတ်ပြီး ကိုယ်အားစိတ်အားကို လျော့ကျစေတတ်ပါတယ်။

ဒုက္ခသစ္စာ

ဒုက္ခက ဆင်းရဲတာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲတာအမှန်ကို ဒုက္ခသစ္စာ။
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ

  • ဘဝအသစ်ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ (ဇာတိ)
  • အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်ရဲ၊ သေရခြင်းဆင်းရဲတို့အပြင် (ဇရာ၊ မရဏ)
  • စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းစသော (သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ)

ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

ဒုက္ခ ဆင်းရဲခြင်းသဘော၊ ဝေဒနာ၊ ဝမ်းနည်းမှု၊ သောကဖြစ်စေသောအကြောင်းဖြစ်သည်။

ဒုက္ခ(၈)ပါးရှိသည်ဟုအကြမ်းဖျင်းမှတ်သားနိုင်ပါသည်။ ၎င်းတို့မှာ-

(၁)ဇာတိဒုက္ခ = ပဋိသန္ဓေနေရခြင်းဆင်းရဲ။
(၂)ဇရာဒုက္ခ = အိုမင်းရင့်ရော်ရခြင်းဆင်းရဲ။
(၃)ဗျာဓိဒုက္ခ = နာမကျန်းဖြစ်ရခြင်းဆင်းရဲ။
(၄)မရဏဒုက္ခ = စုတေလွန်ရခြင်းဆင်းရဲ။
(၅)အပိယေဟိသမ္ပယောဂဒုက္ခ = မချစ်မနှစ်သက်သောသတ္တဝါနှင့်အတူကြုံရခြင်းဆင်းရဲ။
(၆)ပိယေဟိဝိပ္ပယောဂဒုက္ခ = ချစ်အပ်သူနှင့်ကွဲနေရခြင်းဆင်းရဲ။
(၇)ယံပိစ္ဆံနလဘတိဒုက္ခ = လိုသည့်အရာကိုမရသောဆင်းရဲ။
(၈)ပဉ္စုပါဒါနက္ခန္ဓဒုက္ခ = ခန္ဓာငါးပါးဖြစ်ပေါ်နေရခြင်းဆင်းရဲစသည်တို့ဖြစ်ပါသည်။

ခန္ဓာ

ရုပ်အစု နမ်အစုကို ‘ခန္ဓာ’ ဟုခေါ်၏။

နာမ် (နာမ) ဟူသည် သိတတ်သော သဘောတည်း။
ထို့ကြောင့်….. “အတ္ထေ နမတီတိ နာမံ” ……. ဟု ဝစနပြု။
အတ္ထေ (အနက်ကို) နမတိ (ကိုင်းတတ်, ရှိုင်းတတ်, ညွတ်တတ်, သိတတ်၏) ဣတိ (ထို့ကြောင့်) နာမံ (နာမ်မည်၏)။

ယင်းခန္ဓာ (ရုပ်အစု နမ်အစု) သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲခြင်း အမှန်တရားဖြစ်။ ဤခန္ဓာအစုအဝေးကြီး ရှိခြင်းကြောင့် စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့ နေဖို့ ရှာဖွေ လှုပ်ရှားကြရ၏။ အိုရ၊ နာရ၊ သေရ၊ ကျေရ၏။ အရှာအဖွေအနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခဆင်းရဲခံရ၏။ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏။ ထောင်တန်းကျ၍ အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏။ အလွန့်အလွန် စီးပွားတွေစုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏။ မခွဲချင်ဘဲနှင့် တကွဲတပြားစီ ကွဲကြရ၏။ ချမ်းသာမှာတခဏ၊ ဆင်းရဲသာ ထာ၀ရ ဖြစ်ရ၏။ လူ့ပြည်ချမ်းသာနှင့်နှိုင်းယှဉ်က –အလွန်ချမ်းသာသည်—ဟု ဆိုရသော နတ်ပြည် ဗြဟ္မာ့ပြည်များ ရှိ၏။ ယင်းနတ်ပြည် ဗြဟ္မာ့ပြည်များသို့ ရောက်ဖို့ရန် အားထုတ်ရသော ဒုက္ခ, ရောက်ပြီးနောက် မပျက်စီးချင်ဘဲ ပျက်စီးရသော ဒုက္ခတို့မှာ ချမ်းသာကြီးသလောက် ဆင်းရဲကြီးလှ၏။ ချမ်းသာနှင့် မမျှအောင် ဆင်းရဲခြင်းကပင် ပိုကြသည်။ ယင်းသို့ ဆင်းရဲဧကန် စင်စစ်ဖြစ်သောကြောင့် သတ္တဝါအားလုံး၏ ခန္ဓာအစုအဝေးသည် ဒုက္ခတုံး၊ ဒုက္ခခဲ ဆင်းရဲခြင်းအမှန် ”ဒုက္ခသစ္စာ”ချည်းသာ ဖြစ်သည်။ ဤဒုက္ခသစ္စာကို ပိုင်းခြား၍ သိမြင်အောင် ကြိုးစားသင့်ပါသည်။ ဘုရားရှင်သည် ပိုင်းခြား၍ သိတော်မူပြီးခဲ့ပြီး ဖြစ်သည်။

ဥပါဒါနက္ခန္ဓာ
  • တဏှာနဲ့ တွဲနေတဲ့ ခန္ဓာဖြစ်သောကြောင့် ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။
  • လောကီခန္ဓာ ငါးပါးကို ဥပါဒါန်တရားတို့၏ အာရုံပြုရာ၊ စွဲလမ်းရာ ဖြစ်သောကြောင့်ဥပါဒါနက္ခန္ဓာဟု ခေါ်သည်။
  • ဥပါဒါနက္ခန္ဓာ က နိဗ္ဗာန်တားမြစ်တဲ့ခန္ဓာ၊ အနုပါဒါ နက္ခန္ဓာက နိဗ္ဗာန်ကျေးဇူးပြုတဲ့ ခန္ဓာ (ရဟန္တာ)။
  • တဏှာဖြင့်ဒိဋ္ဌိဖြင့် စွဲလန်းနိုင်သောကြောင့် ဥပါဒါနက္ခန္ဓာ ခေါ်ဆိုရခြင်းဖြစ်သည်။
  • မြင်ဆဲ၊ ကြားဆဲ စသည်၌ ထင်ရှားသော ရုပ်နာမ် အပေါင်းကို ဥပါဒါနက္ခန္ဓာ ဟုခေါ်သည်။
  • ဥပါဒါနက္ခာဟု ခေါ်သော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဉ်တို့ကို သက္ကာယ ဟုခေါ်သည်။
  • သက္ကာယ ဟူသည်မှာ ထင်ရှားရှိသော ရုပ်နာမ် အပေါင်းပင်ဖြစ်သည်။

သက္ကာယ ဆိုတဲ့ ရုပ်နာမ် အပေါင်းကို ဒုက္ခသစ္စာ- ဆင်းရဲ အစစ်အမှန်ဟူ၍ ခေါ်သည်။

လိုရင်းကား ရုပ် နာမ် အပေါင်းသည်ပင် ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဖြစ်ပေသည်။

သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း

ပညတ် (အမည်နာမ) – လူ ဆိုတဲ့ ပညတ်

လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။

တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။  

ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။

ဦးခေါင်းမှာ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ဆံပင်၊ ဦးနှောက် စသည်ဖြင့် အင်္ဂါတွေအများကြီး စုစည်းပြီးမှ ဦးခေါင်းဆိုတဲ့ ခေါ်ဝေါ်သတ်မှတ်စရာ အမည်ပညတ်တစ်ခု ဖြစ်လာတာပါ။  

ကဲ ဒါဆိုရင် မျက်လုံးကတော့ အမှန်ပဲလား။ ဒါလည်း အမှန်တရားမဟုတ်တဲ့ ပညတ်တရားပါပဲ။

မျက်လုံးထဲမှာ မျက်ကြည်လွှာ၊ သူငယ်အိမ်၊ မှန်ဘီလူး၊ ဂျယ်လီရည်၊ အကြောအမျှင်စတဲ့အရာတွေ စုပေါင်းထားတဲ့ အမည်ခေါ်စရာ ပညတ်တစ်ခုပါ။  

ဒါဖြင့် သူငယ်အိမ် မျက်ဆံနက်ကရော ပညတ်ပဲလား။ ဟုတ်ပါတယ်။ သူလဲ ခေါ်စရာ ပညတ်တစ်ခုပါပဲ။

မျက်ဆံနက်ထဲမှာ ရောင်ခြယ်ဆဲလ်တွေ၊ တစ်ရှုးဆဲလ်တွေ၊ သွေးကြောမျှင်လေးတွေ စတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားတာပါ။ သူလည်း အမှန်တရားအဖြစ် မသေချာသေးပါဘူး။  

ဒီလိုဆိုရင် ဆံခြည်မျှင်လောက်တောင်မရှိတဲ့ သွေးကြောမျှင်လေးတွေကတော့ သိပ်သေးငယ်လို့ ထပ်ပြီး မခွဲစိတ်နိုင်တော့ဘူး ထင်ပါရဲ့။ မဟုတ်သေးပါဘူး။ သွေးကြောမျှင်လေးတွေဟာလည်း ပညတ်ပါပဲ။ သွေးကြောမျှင်လေးတွေထဲမှာ သွေးကြောနံရံတွေ၊ သွေးရည်ဆဲလ်တွေ ပါရှိနေပါသေးတယ်။  

မမေးခင် ဆက်ပြီးရှင်းပြရရင် သွေးထဲမှာလည်း အောက်ဆီဂျင်တွေ၊ အာဟာရဓာတ်တွေ၊ အရည်တွေ၊ သွေးဖြူဥတွေ၊ သွေးနီဥတွေ၊ အရောင်အဆင်းတွေ ပါဝင်နေပါတယ်။

အရည်ထဲမှာလည်း ဩော်ဂဲနစ်ဒြပ်ပေါင်းတွေ၊ ဆဲလ်မော်လီကျူးတွေ ပါဝင်နေပါတယ်။  

အဲဒါတွေကို အဆင့်ဆင့်ထပ်မံခွဲစိတ်လိုက်ရင်တော့ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန်တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အက်တမ်အမှုန်အထိ သိပ္ပံနည်းအရ ခွဲစိတ်နိုင်ပါတယ်။  

ပရိုတွန်ဓာတ်ဖိုပါရှိနေတဲ့ နျူကလိယဝတ်ဆံကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ဓာတ်မဟာ သူ့လမ်းကြောင်းပေါ်မှာပဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတဲ့ (ဖြစ်-ပျက်)သဘောကို သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ နောက်ဆုံးတွေ့ရှိချက်အဖြစ် ဖော်ထုတ်နိုင်ခဲ့ကြတာပါ။  

ဗုဒ္ဓနည်းအရကတော့ အဲဒီအက်တမ်အမှုန်ကိုတောင်မှ (၃၆)ပုံထပ်မံခွဲစိတ်ပြီး တစ်ပုံကို ပရမာနုမြူလို့ ခေါ်ပါတယ်။

အဲဒီရုပ်အမှုန်တွေဟာလည်း ပထဝီဓာတ်၊ တေဇောဓာတ်၊ အာပေါဓာတ်၊ ဝါယောဓာတ် ဆိုတဲ့ စွမ်းအင်ဓာတ်ကြီး(၄)ပါးရဲ့ ပေါင်းစပ်ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေါ်ပြောင်းလဲနေ ကြရပါတယ်။  

ဗုဒ္ဓကတော့ အဲဒီရုပ်ကလပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။  

ကဲ— လူဆိုတဲ့ ပညတ် အမည်နာမ တစ်ခုရဲ့မူလကို လိုက်ရှာရင်းနဲ့ “သဘာဝအမှန်တရား” ရဲ့ အဖြေဟာ အကောင်အထည်မပြနိုင်တဲ့ ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားပါပြီ။  

ဒါကြောင့် “ငါ”ဆိုတဲ့ ရုပ်ကောင်ကြီးဟာ တကယ်ဟုတ်ဟုတ်ငြားငြား မရှိတော့ပါဘူး။ တကယ်ရှိနေတာကတော့ ခေါ်ဝေါ်သတ်မှတ်စရာ ပညတ် အမည်နာမတစ်ခုမျှသာပါပဲ။

အဲဒီပညတ်တွေကိုပဲ သမုတိသစ္စာအဖြစ် လူ့လောကပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေအောင် အမည်ခေါ်ဝေါ်သုံးစွဲနေကြတာပါ။ အချိန်ကာလတစ်ခု အတွင်းမှာပေါ့။  

အဲဒီလို အခြေခံသဘောတရားတွေကို သိမြင်နားလည်လိုက်တာနဲ့ “ငါ”ဆိုတဲ့အစွဲနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မာနစိတ်၊ မနာလိုစိတ် စတာတွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုတာ သိလာပါလိမ့်မယ်။ “အမှန်မှာ ငါဆိုတာ တကယ်မှ မရှိပဲကိုး”   “ငါ”ဆိုတာမရှိမှတော့ “သူတပါး” “ယောကျ်ား” “မိန်းမ” “ပုဂ္ဂိုလ်” “သတ္တဝါ” ဆိုတာတွေလည်း ဘာအနှစ်သာရမှမရှိတဲ့ ပညတ်သဘာဝ အမည်သတ်မှတ်ချက်မျှသာ ပါပဲ။ အဏုမြူရုပ်အမှုန်တွေ စုစည်းပြီးဖြစ်ပေါ်နေတဲ့ ဟန်ပြအကောင်အထည်တွေပါပဲ။

ကိုး – ပညတ်လူသား (၁၅ မိနစ်တရားရှုမှတ်နည်း – ဓမ္မစက္ကဦးမောင်မောင်)

နေ၊ ကမ္ဘာ၊ လ၊ လူ (ငါ)

လူတို့နေရာ ဒီကမ္ဘာရဲ့ အနေအထားကို ကြည့်ရအောင်။ နေလုံးမှာ အချင်းမိုင် (၈၆၄,၀၀၀)၊ ကမ္ဘာလုံးမှာ အချင်းမိုင် (၈,၀၀၀)၊ လ မှာ အချင်းမိုင် (၂,၁၇၂) ရှိတယ်။ နေ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၉၃)သန်း၊ လ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၂၄၀,၀၀၀) ရှိတယ်။ အချိုးကျ တွက်ချက်ပြီး နေ၊ လ၊ ကမ္ဘာ တို့ တည်နေပုံကို ကြည့်ရအောင်။ နေကို အချင်း (၁၀၈)ပေ ရှိအလုံးကြီး(၉ ထပ်တိုက်တစ်လုံးခန့်)၊ နေမှ (၂)မိုင်အကွာမှာ ကမ္ဘာကို အချင်း(၁)ပေရှိအလုံး(ဖရဲသီးကြီးတစ်လုံးခန့်)၊ ကမ္ဘာမှ (၃၀)ပေခန့် အကွာအဝေးမှာ လကို အချင်း(၃)လက်မခန့် အလုံးငယ်တစ်လုံး(ရှောက်သီးလုံးခန့်) အဖြစ် ထားကြည့်ရင် နေ၊ လ၊ ကမ္ဘာ တို့ အရွယ်အစားနဲ့ အနီးအဝေးကို ခန့်မှန်း ကြည့်နိုင်ပါတယ်။ ဒီကမ္ဘာဂြိုဟ်ဟာ မဟာလောကဓာတ်ကြီးမှာ အလွန်သေးငယ်တဲ့အလုံးလေးတစ်လုံးအဖြစ် အမြဲတမ်းလှုပ်ရှားပြေးလွှားနေရတယ်။ လူနဲ့အခြားသတ္တဝါတွေကလည်း ဘောလုံးပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ တစ်မျိုးပြောရရင် “ငါ”ဆိုတာ ရေအိုးပေါ်က ရေညှိလောက်တောင် မရှိပါလားလို့ စဉ်းစားမိလာတယ်။ စိန္တာမယဉာဏ်ရရှိလာနိုင်တယ်။

ကိုး – သဘာဝတရား ဓမ္မစကား (အောင်ကိုး) 

သညာ(၇)မျိုးပွား

အကျိုးကြီးသော သညာ(၇)မျိုး ရဟန်းတို့ ဤမှတ်သားမှု သညာခုနှစ်မျိုးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏။ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏။ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

  • အဘယ်(၇)မျိုးတို့နည်းဟူမူ –
    • (၁) မတင့်တယ်ဟု မှတ်သားမှု အသုဘသညာ
    • (၂) သေခြင်း၌မှတ်သားမှု မရဏသညာ
    • (၃) စားဖွယ်၌ ရွံစရာဟု မှတ်သားမှု အာဟာရေပဋိကူလသညာ
    • (၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိသညာ
    • (၅) မမြဲဟုမှတ်သားမှု အနိစ္စသညာ
    • (၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ
    • (၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု
  • မှတ်သားမှု ဒုက္ခေ အနတ္တသညာ တို့တည်း။ (သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ပထမသညာ သုတ်)

ကိုး – ဗုဒ္ဓ ၏ ဗုဒ္ဓဝါဒ (အရှင်ကောဝိဒ(ယော))

ဒုက္ခသစ္စာ၏အနက် (၁) ပီဠနဋ္ဌော

အနုဗောဓဉာဏ်နှင့် ပဋိဝေဓဉာဏ် ဤဉာဏ်နှစ်ပါးကို ဒုက္ခသစ္စာ တစ်ခု တည်းမှာ ဤဉာဏ်နှစ်ပါးရှိတယ်လို့ မှတ်ပါ။

အနုဗောဓဉာဏ်သည် တရားနာလို့ စာအုပ်ကြည့်လို့ရတဲ့ဉာဏ်၊ ပဋိဝေဓဉာဏ်သည် ခန္ဓာထဲမှာ မဂ်ဉာဏ်နဲ့ သေသေချာချာကြည့်လို့ တကယ်တန်း ဒုက္ခသစ္စာအစစ်ကို မြင်တာလို့မှတ်ပါ။

ဒါဖြင့် စာတတ်လို့ ကိစ္စမပြီးသေးဘူး၊ စာကြည့်တတ်လို့ ကိစ္စမပြီးသေး ဘူး၊ ဝိပဿနာ၊ ဉာဏ်ပွားတတ်ရုံနဲ့ ကိစ္စမပြီးသေးဘူး။

ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ ပိုင်းခြားသိတဲ့ ပဋိဝေဓဉာဏ်ရောက်မှ ကိစ္စ ပြီးမယ်လို့ ဒကာ ဒကာမတွေက မှတ်ထားကြပါ။

ကိုး – မိုးကုတ် ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ၏အနက် (၁)ပီဠနဋ္ဌော

မိုးကုတ် ဆရာတော်ဘုရားကြီး၏ သစ္စာအနက်(၁၆)ချက် တရားကို ဆက်ဖတ် လေ့လာ နားထောင်ပါ။

(၂)​ သမုဒယသစ္စာ (ဒုက္ခသမုဒယ အရိယသစ္စာ)

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ – ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ – ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

ဘဝတွင် အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း(တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း)

ကာမတဏှာ

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

ဘဝတဏှာ

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

ဝိဘဝတဏှာ

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။

သမုဒယသစ္စာ

သမုဒယက ဖြစ်ကြောင်း၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲဖြစ်ကြောင်းအမှန်ကို သမုဒယသစ္စာ။
သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တရား) ဆိုသည်မှာ

  • (၁) ကာမတဏှာ ကာမဂုဏ်၌တပ်မက်ခြင်း
    • ဖြစ်ရိုးဖြစ်စဉ် ကာမဂုဏ်အာရုံများကို (သားသမီးနှင့် ပစ္စည်းဥစ္စာ စသည်ကို) တွယ်တာသော တဏှာ
  • (၂) ဘဝတဏှာ ဘဝ၌တပ်မက်ခြင်း
    • ဘဝ ခန္ဓာကိုယ်ကို မြဲ၏ဟု ယူဆနေသော သဿတဒိဋ္ဌိ နှင့်အတူဖြစ်သော တဏှာ
  • (၃) ဝိဘဝတဏှာ ဘဝပြတ်ခြင်း၌တပ်မက်ခြင်း
    • ဤဘဝခန္ဓာကိုယ်ကိုပင် သေလျှင်ပြတ်၏ဟု ယူဆသော ဥစ္ဆေဒဒိဋ္ဌိ နှင့်အတူဖြစ်သော တဏှာ

ဟူသော တဏှာသုံးပါး ဖြစ်၏။

လိုရင်းကား တဏှာသည် သမုဒ္ဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တရား) ပင်တည်း။

(၃) နိရောဓသစ္စာ (ဒုက္ခနိရောဓ အရိယသစ္စာ )

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ – ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

နိရောဓက ချုပ်ရာ၊ သစ္စာက အမှန်၊ ပေါင်းလိုက်တော့ ဆင်းရဲချုပ်ရာအမှန်ကို နိရောဓသစ္စာ (နိဗ္ဗာန်)။

နိရောဓသစ္စာ(ဆင်ရဲမှုချုပ်ငြိမ်းခြင်းအမှန်တရား) ဆိုသည်မှာ

  • တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ် ငြိမ်းခြင်း၊
  • တဏှာ ကို
    • စွန့်ခြင်း၊
    • ဝေးစွာစွန့်ခြင်း၊
    • ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်း၊
    • တွယ်တာမှု ကင်းခြင်းပင်ဖြစ်သည်။
  • ထိုတဏှာ၏ ချုပ်ခြင်းကို နိရောဓနိဗ္ဗာန်ဟု ခေါ်ဆိုပါသည်။

ဓမ္မစကြာသုတ်တွင် နိရောဓသစ္စာ ၌ သစ္စဉာဏ်၊ ကိစ္စဉာဏ် ၊ ကတဉာဏ် ဟူ၍ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူပါသည်။

တဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

Also see:

(၄) မဂ္ဂသစ္စာ (ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စာ)

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ – အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။

  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။

ဆင်းရဲချုပ်ရာရောက်ကြောင်း အကျင့်ကောင်းအမှန်ကို မဂ္ဂသစ္စာ။

မဂ္ဂသစ္စာ (ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်စေတတ်သည့် လမ်းမှန်) ဆိုသည်မှာ-

ပညာမဂ္ဂင် ၂-ပါး
၁။ သမ္မာဒိဋ္ဌိ = မှန်စွာ မြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ = မှန်စွာ ကြံခြင်း၊

သီလမဂ္ဂင် ၃-ပါး
၃။ သမ္မာဝါစာ = မှန်စွာ ပြောခြင်း၊
၄။ သမ္မာကမ္မန္တ = မှန်စွာ ပြုခြင်း၊
၅။ သမ္မာအာဇီဝ = မှန်စွာ အသက်မွေးခြင်း၊

သမာဓိမဂ္ဂင် ၃-ပါး
၆။ သမ္မာဝါယာမ = မှန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ = မှန်စွာ အမှတ်ရခြင်း၊
၈။ သမ္မာသမာဓိ = မှန်စွာ စူစိုက်တည်ကြည်ခြင်း

ဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသည့် အရိယမဂ်ပင်ဖြစ်သည်။

ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ညွှန်ပြ သောလမ်းကို မဂ္ဂင်လမ်းဟုခေါ်သည်၊ အစွန်းနှစ်ဘက်ကို ဖယ်ရှားသောလမ်းလည်းဖြစ်သည်။

သိကောင်းတာ မသိ၊ မသိကောင်းတာ သိတာကို အဝိဇ္ဇာ၊ မသိခြင်း လက္ခဏာ၊ တွေဝေခြင်းကိစ္စရှိတာ အဝိဇ္ဇာ၊ အမှန်ကို မသိ၊ အမှားကိုသိတတ်တဲ့ သဘောရှိလို့ မိစ္ဆာဉာဏ်။

သမ္မာဒိဋ္ဌိ

ဒုက္ခကို သိမြင်ခြင်း၊ ဒုက္ခကိုဖြစ်စေသည့်အကြောင်းကို သိမြင်ခြင်း၊ ဒုက္ခချုပ်ငြိမ်းရာကို သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းစေသည့် အကျင့်တို့ကို သိမြင်ခြင်း စသည်တို့ကို မှန်စွာသိမြင်ခြင်း(သမ္မာဒိဋ္ဌိ) ဟူ၍ဆိုနိုင်သည်။

သမ္မာသင်္ကပ္ပ

ကာမအာရုံမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းစွာ ကြံစည်ခြင်း စသည်တို့ကို မှန်စွာကြံခြင်း(သမ္မာသင်္ကပ္ပ) ဟူ၍ဆိုနိုင်သည်။

သမ္မာဝါစာ

မဟုတ်မမှန် ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းတမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ သိမ်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်ကန်သော စကား(သမ္မာဝါစာ) ဟူ၍ဆိုနိုင်သည်။

သမ္မာဝါစာ သည် “မှန်ကန်သော စကားကို ပြောဆိုခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာဝါစာ (၄) ပါးရှိ၏။

သမ္မာဝါစာ (၄) ပါးမှာ မုသာဝါဒဝရတိ၊ ပိသုဏဝါစာဝိရတိ၊ ဖရုသဝါစာဝိရတိ၊ သမ္ဖပ္ပလာပဝိရတိ တို့ဖြစ်ကြသည်။

(၁) မုသာဝါဒဝရတိ

မုသာဝါဒ ဝိရတိ ဆိုသည်မှာ မဟုတ်သည်ကို အဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်း, ဟုတ်သည်ကို မဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်းသည် မုသာဝါ၏ မည်၏။ ထိုမုသာဝါဒမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “မုသာဝါဒဝိရတိ” မည်၏။

(၂) ပိသုဏဝါစာဝိရတိ

ပိသုဏဝါစာ ဝိရတိ ဆိုသည်မှာ အချင်းချင်း ယုံကြည်လေးမြတ်၍ နေကုန်ကြသော နှစ်ဦးသောသူတို့ကို အယုံအကြည်အလေးအမြတ်ပျက်အောင် ပြောဆိုခြင်း, စိတ်ဝမ်းကွဲပြားအောင် ပြောဆိုခြင်း, နှစ်ဦးသောသူတို့အကြား၌ ကုန်းတိုက်ခြင်းသည် ပိသုဏဝါစာ မည်၏။ ထိုပိသုဏဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ပိသုဏဝါစာဝိရတိ” မည်၏။

(၃) ဖရုသဝါစာဝိရတိ

ဖရုသဝါစာဝိရတိ ဆိုသည်မှာ ဆဲရေးလိုသော ဒေါသစိတ်ဖြင့် သူတစ်ပါးအား အမျိုးကို ထိခိုက်အောင် ဆိုခြင်း, အနွယ်ကို ထိခိုက်အောင်ဆိုခြင်း, သဏ္ဌာန်ကို ထိခိုက်အောင် ဆိုခြင်း, အလုပ်အကိုင်ကို ထိခိုက်အောင်ဆိုခြင်း အစရှိသည်တို့သည် ဖရုသဝါစာ မည်၏။ ထိုဖရုသဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ဖရုသဝါစာဝိရတိ” မည်၏။

(၄) သမ္ဖပ္ပလာပဝိရတိ

သမ္ဖပ္ပလာပဝိရတိ ဆိုသည်မှာ လောက၌ ဆန်းကြယ်စွာ လုပ်ကိုင်၍ ထားကြကုန်သော ရာမဇာတ်ဝတ္ထု, အီနောင်ဇာတ်ဝတ္ထု, ငွေတောင်ဇာတ်ဝတ္ထု, ဘာရတဇာတ်ဝတ္ထု အစရှိကုန်သော ဒဏ္ဍာရီဝတ္ထုဇာတ်တို့သည် ရှိကုန်၏၊ ထိုဇာတ်ဝတ္ထုတို့၌ ကြားနာသောသူတို့အား အလိမ္မာတိုးပွားရန် အတ္ထနှင့် စပ်ယှဉ်သောစကား, ဓမ္မနှင့် စပ်ယှဉ်သောစကား, ဝိနယနှင့် စပ်ယှဉ်သောစကားဟူ၍ မပါမရှိ၊ သက်သက်အားဖြင့် စိတ်ပျော်မွေ့ဖွယ်တို့ကို လုပ်ကြံထားသော စကားမျိုးသာ ပါရှိ၏။

အတ္ထ, ဓမ္မ, ဝိနယ

“အတ္ထနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ အသက်ရှည်ခြင်း, အနာကင်းခြင်း, ဓမ္မိယလဒ္ဓဖြစ်သော စည်းစိမ်ချမ်းသာတို့ကို ရနိုင်ခြင်း အစရှိသော ပစ္စုပ္ပန်အကျိုး, နောက်ဘဝတို့၌ လူ့ချမ်းသာကို ရခြင်း အစရှိသော ကောင်းကျိုးချမ်းသာကို ပြဆိုသော စကားမျိုး ဖြစ်သည်။

“ဓမ္မနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ ထိုအကျိုးတို့ကို ရရာရကြောင်း ဖြစ်သော နည်းလမ်း ဥပဒေသစကားမျိုး ဖြစ်သည်။

“ဝိနယနှင့် စပ်ယှဉ်သောစကား” ဆိုသည်မှာ လူ့ကျင့်ဝတ်တရား, ရှင့်ကျင့်ဝတ်တရားတို့နှင့် စပ်ယှဉ်သော စကားမျိုး, လောဘကို ဖြေဖျောက်ရန် တရားမျိုး, ဒေါသကို ဖြေဖျောက်ရန် တရားမျိုး စသည်ဖြစ်သည်။

ဤ “အတ္ထ, ဓမ္မ, ဝိနယ” တို့နှင့် စပ်ယှဉ်သော စကားမျိုးတို့သည် ထိုဇာတ်ဝတ္ထုတို့၌ မပါရှိကုန်၊ ထိုသို့သော ဒဏ္ဍာရီဇာတ်ဝတ္ထုများကို သူတစ်ပါးတို့အား ပြောဟောခြင်းသည် သမ္ဇပ္ပလာပမည်၏။ ထိုသမ္ဖပ္ပလာစကားမျိုးမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “သမ္ဖပလ္လာပဝိရတိ” မည်၏။

၂၃ ပါးသော တိရစ္ဆာနကထာ စကားမျိုးသည်လည်း သမ္ဖပ္ပလာပ သာမညမျိုး မည်၏။

အတ္ထ, ဓမ္မ, ဝိနယတို့၌ အလိမ္မာပွားစီးခြင်းကို အလိုရှိကုန်သော သူတို့သည် ထို ၃၂ ပါးသော တိရစ္ဆာနကထာ စကားမျိုးတို့နှင့် အချိန်နာရီကုန်ခြင်းကို ဝေးစွာကြဉ်ရှောင်ကြကုန်ရာ၏။ သမထဘာဝနာ, ဝိပဿနာဘာဝနာ အလုပ်များကို တည်ထောင်ကြကုန်သော သူတို့သည်မူကား အတ္ထ, ဓမ္မ, ဝိနယနှင့် စပ်ယှဉ်သော စကားမျိုးတို့ကိုသော်လည်း အတိုင်းအရှည်သိ၍ ပြောဆိုကြကုန်ရာ၏။

သမ္မာကမ္မန္တ

သူတပါး၏ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့ကို မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်း စသည်တို့ကို မှန်စွာပြုလုပ်ခြင်း(သမ္မာကမ္မန္တ)ဟူ၍ဆိုသည်။

သမ္မာအာဇီဝ

ဒုစရိုက်အမျိုးမျိုးကိုရှောင်ကျဉ်ပီး စစ်မှန်သန့်ရှင်းသောကိုယ်ကာယစွမ်းအား ညာဏစွမ်းအားဖြင့်အသက်မွေးဝမ်းကြောင်းပြုသည်။

သမ္မာဝါယာမ

မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်အောင် အားထုတ်ခြင်း၊ အကုသိုလ်တို့ကို ပယ်သတ်နိုင်အောင် အားထုတ်ခြင်း၊ မရရှိသေးသော ကုသိုလ်တို့ကို ရရှိအောင် အားထုတ်ခြင်း၊ ရရှိပြီးသော ကုသိုလ်တို့ကို တည်မြဲကာ တိုးပွားအောင် အားထုတ်ခြင်း တို့သည် သမ္မာဝါယာမ ဖြစ်သည်။

သမ္မာသတိ

ကိုယ်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ပျက်နေမှုများ၊ ထိတွေ့ခံစားရမှုများ၊ စိတ်အတွင်း ဖြစ်ပေါ်နေသည်များကို တရားရှုမှတ်ကာ အဖြစ်အပျက်တို့အား သတိဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းသည် သမ္မာသတိ ဖြစ်သည်။

သမ္မာသမာဓိ

မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှတ်သားမှု၊ မှန်ကန်သော တည်ငြိမ်မှု စသည့် သုံးပါးသော စိတ်ကိုဆုံးမသည့် သိက္ခာရပ်များသည် သမ္မာသမာဓိ ဖြစ်သည်။

သမ္မာသမာဓိ  “မှန်ကန်သော တည်ကြည်ခြင်း” ဟု အဓိပ္ပါယ်ရသည်။ သမ္မာသမာဓိ(၄) ပါးရှိ၏။

လောက၌ စာပေသင်ကျမ်းဂန်သင်ကြားမှုတွင် သင်ပုန်းကြီးသည် အစအဦး ဖြစ်၏၊ သင်ပုန်းကြီး ကြေလည်မှ အထက်စာကို သင်ကြား၍ ဖြစ်သည်။ ထို့အတူ ဘာဝနာအလုပ်မှာလည်း သတိပဋ္ဌာန်သည် အစအဦး ဖြစ်သည်။ သတိပဋ္ဌာန်အလုပ် နေရာကျ၍ စိတ်ရူးစိတ်နောက်ပျောက်ငြိမ်းမှ အထက်အထက်သော ကမ္မဋ္ဌာန်းဘာဝနာအမှုများကို တည်ကြည်စွာ အားထုတ်နိုင်သည်။

ထို့ကြောင့် သတိပဋ္ဌာန်အလုပ် နေရာကျ၍ မိမိကိုယ်ခန္ဓာအစုတို့၌ တစ်နေ့လျှင် ၁နာရီ, ၂နာရီ, ၃ နာရီ စသည်ဖြင့် မိမိစိတ်ကို တည်ငြိမ်စွာထားနိုင်ကြသောအခါ၌ သင်ပုန်းကြီး ကြေလည်ပြီးသောအခါ မင်္ဂလသုတ်, နမက္ကာရ, ပရိတ်ကြီး, သဒ္ဒါ, သင်္ဂြိုဟ် စသည်များကို တက်၍ သင်ကြားရသကဲ့သို့ စိတ္တဝိသုဒ္ဓိဘာဝနာဟု ဆိုအပ်သော သမထဈာန်၄ပါးကိုကို အားထုတ်ရသည်။

ထိုလေးပါးတွင် –

၁။ ပထမဈာန်သမာဓိ ဆိုသည်မှာ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကေသာ လောမ စသောဒွတ္တိံသာကာရတစ်ပါး၊ အာနာပါနတစ်ပါး၊ မေတ္တာ,ကရုဏာ, မုဒိတာဟူသော ဗြဟ္မဝိဟာရ ၃ပါး, ဤ ၂၅ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်း၌ ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာ ဘာဝနာတည်းဟူသော ဘာဝနာအစဉ်အားဖြင့် လွန်မင်းစွာ အားထုတ်၍ ရှေးဦးစွာ ရအပ်သော ပဌမဈာန်သမာဓိကို ဆိုသည်။ ယခုကာလ၌ စိတ်ရူးစိတ်နောက် ပျောက်ငြိမ်းရုံမျှ အားထုတ်သော အာနာပါနအလုပ်သည် ပဌမဈာန် သမာဓိအလုပ်၍ အတွင်းဝင်၏။

မိုးကုတ် ဆရာတော်ဘုရားကြီး၏ သစ္စာအနက်(၁၆)ချက် တရားကို ဆက်ဖတ် လေ့လာ နားထောင်ပါ။

References