ဒုစရိုက် (၁၀) ပါး၊ ကိလေသာ (၁၀) ပါး

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀ ပါးရှိ၏။ ထိုတရား ၁၀ ပါးကို အကုသလကမ္မပထဆယ်ပါးဟု ခေါ်ဆိုသည်။ ထိုတရား ၁၀ ပါးကို ကာယကံဖြစ် ကျူးလွန်မှုဖြစ်စေသော တရား ၃ ပါး၊ ဝစီကံဖြင့် ကျူးလွန်မှုဖြစ်စေတက်သော တရား ၄ ပါးနှင့် မနောကံဖြင့် လွန်ကျူးမှုကို ဖြစ်စေသော တရား ၃ ပါးဟူ၍ ခွဲခြားနိုင်သည်။

ကာယဒုစရိုက် ၃ ပါး

  1. ပါဏာတိပါတ – သူ့အသက်ကိုသတ်ခြင်း၊
  2. အဒိန္နာဒါနာ – သူ့ဥစ္စာကို ခိုးယူခြင်း၊
  3. ကာမေသု မိစ္ဆာစာရာ – သူ့သားမယားကို သွားလာလွန်ကျူးခြင်း၊

ဤသုံးပါးသောမကောင်းမှုကို ကိုယ်ကာယဖြင့် ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃ ပါးမည်၏။

ဝစီဒုစရိုက် ၄ ပါး

  1. မုသာဝါဒ – မဟုတ်မမှန်သောစကားကို အမှန်လုပ်အဟုတ်ပြောဆိုခြင်း၊
  2. ပိသုဏဝါစာ – သူနှစ်ယောက်တို့၏အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
  3. ဖရုသဝါစာ – အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်း (ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်း)၊
  4. သမ္ဖပ္ပလာပ – အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း (သိမ်ဖျင်းသော စကားပြောဆိုခြင်း)၊

ဤလေးပါးသောမကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် ၄ ပါးမည်၏။

မနောဒုစရိုက် ၃ ပါး

  1. အဘိဇ္ဈာ – “သူ၏ဥစ္စာကိုငါ့ဥစ္စာဖြစ်သော်ကောင်းလေစွ” ဟုစိတ်ကအောက်မေ့ခြင်း (အလိုကြီးခြင်း)၊
  2. ဗျာပါဒ – သူတစ်ပါးကို ငြိုးထားရန်မက်နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း (စောင်းမြောင်းငြူစူခြင်း)၊
  3. မိစ္ဆာဒိဋ္ဌိ – “ဘုရားဟောမှန် ကျမ်းဓမ္မခန်” ကိုပယ်လှန်စိတ်ထား အယူမှားခြင်း၊

ဤသုံးပါးသောမကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃ ပါးမည်၏။

ကိလေသာ (၁၀) ပါး

ကိလေသာဟူသည်မှာ သတ္တဝါတို့ကို ညှင်းဆဲနှိပ်စက် ညစ်နွမ်းပင်ပန်းအောင် ပြုလုပ်တတ်သည့် အကုသိုလ် တရားဆိုးများ (သို့) စိတ်အစဉ်ကို ညစ်နွမ်းစေတက်သော တရားများကို ကိလေသာဟု ခေါ်သည်။ ယင်းကိလေသာတရားတို့သည်-

၁) လောဘ = လိုချင်တပ်မက်မှု (ထိုထိုဘ၀ ထိုထိုအာရုံကို လိုလားတပ်မက်မှုသဘော)၊
၂) ဒေါသ = ကြမ်းတမ်းပြစ်မှားမှု (စိတ်ခက်ထန်ကြမ်းတမ်းမှုသဘော၊ ဖျက်ဆီးလိုမှုသဘော)၊
၃) မောဟ = အမှန်မသိမြင် မိုက်မဲမှု (အသိမှားမှု၊အမှန်ကို မသိမှုသဘော)၊
၄) မာန = ထောင်လွှားတတ်ကြွမှု  (စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော)၊
၅) ဒိဋ္ဌိ = အထင်အမြင် အယူအဆ လွဲမှားမှု (သင်္ခရတရားတို့ကို နိစ္စ အတ္တ သုခ သုဘဟု စွဲလမ်းယုံကြည်ခြင်း သဘော၊ အယူမှားခြင်းသဘော)၊
၆) ဝိစိကိစ္ဆာ = အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု (ရတနာ သုံးတန် ကံ-ကံ၏အကျိူးတရားစသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်းသဘော)၊
၇) ထိန = ပျင်းရိ ထိုင်းမှိုင်းလေးလံမှု (စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်းသဘော)၊
၈) ဥဒ္ဓစ္စ = မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု (စိတ်ပျံ့ လွင့်မှုသဘော)၊
၉) အဟိရိက = မကောင်းမှုပြုရန် မရှက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော)၊
၁၀) အနောတ္တပ္ပ = မကောင်းမှုဖြစ်မှာ မကြောက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်ခြင်းသဘော)၊
ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်။

ကိလေသာ ၁၅၀၀

အကျယ်အားဖြင့်မူ ယင်းကိလေသာဆယ်ပါးကိုမူတည်၍ ကိလေသာ၏ အာရုံဖြစ်သော ရုပ် နာမ်တရား ၇၅-ပါးနှင့် မြှောက်ရသည်။ ၁၀X၇၅ = ၇၅၀။

ဤ၌ –

(က) ရုပ်တရားဟူသည်မှာ နပ္ဖန္နရုပ် ၁၈-ပါးနှင့် လက္ခဏာရုပ် ၄-ပါး ပေါင်း ၂၂-ပါး။
(ခ) နာမ်တရားဟူသည်မှာ စိတ်-၁၊ စေတသိက်-၅၂၊ ပေါင်း ၅၃-ပါး။
(ဂ) ယင်းရုပ်တရား ၂၂-နှင့် နာမ်တရား-၅၃ ပေါင်း ရုပ် နာမ်တရား ၇၅ ဖြစ်သည်။

ဖော်ပြခဲ့သည့် ၇၅၀ ကို (အတွင်း အဇ္ဈတ္တနှင့် အပ ဗဟိဒ္ဓ) သန္တာန် ၂-ပါးဖြင့် မြှောက်လျှင် ၇၅၀X၂= ၁၅၀၀ ဖြစ်သည်။

ဤသဘောတရား (၁၀) မျိုး ဦးဆောင်နေသည့် အကုသိုလ်တရားတို့သည် စိတ်အစဉ်ကို ညစ်နွမ်းစေတက်သောကြောင့်ကိလေသာဟု ခေါ်ဆို၏။ ယင်းကိလေသာအညစ်အကြေးတို့ကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ဖို့ရန် မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတို့ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသော သူတော်ကောင်းတို့ကို ပဗ္ဗဇိတ = ကိလေသာ တို့ကို နှင်ထုတ်နေသူများဟု ခေါ်ဆိုပေသည်။

ဒုစရိုက် (၁၀) ပါးအကြောင်းရှင်းလင်းချက်

လောကတွင် မကောင်းမှု အကုသိုလ်ကို ပြန်လည်ခြုံငုံ သုံးသပ်ကြည့်ရာတွင် ဒုစရိုက် ၁၀ ပါးသာ ရှိကြောင်း မြတ်စွာဘုရားက ဟောကြားခဲ့သည်။ ယင်း ၁၀ ပါးကိုမှ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ အစရှိသဖြင့် မြောက် ပွား ခြင်းမှသည် အတွင် သဏ္ဍာန်၊ အပြင် သဏ္ဍာန် ထပ်မံ ကွဲပြားသွားမှု များကြောင့်အကုသိုလ်ပေါင်း မြောက်များစွာ ဖြစ်ရသည်။ ထို့ကြောင့် အကုသိုလ် အားလုံး၏ အခြေခံ ဒုစရိုက် ၁၀ပါး အကြောင်းကို ယခုလို ရှင်းလင်း ရေးသား ပူဇော်အပ်ပါသည်။

ကာယကံ၊ ဝစီကံ၊ မနောကံ စသည့်ကံသုံးပါးပေါ်အခြေခံပြီး ဒုစရိုက် ၁၀ ပါးဖြစ်တည်လာရသည်။ ၄င်းတို့မှာ-

၁။ ပါဏာတိပါတ = သူ့အသတ်သတ်မှု။
၂။ အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးဝှက်၊ တိုက်ခိုက်၊လှည့်ပတ်ယူမှု။
၃။ ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်၌ ဖောက်ပြန်ကျူးလွန်မှု။

စသည့်ကံ ၃ ပါးမှာ ကာယကံ ၃ ပါးဖြစ်သည်။

၄။ မုသာဝါဒ = လိမ်ညာလှည့်ပတ်ေပြာဆိုမှု။
၅။ ပိသုဏဝါစာ = ချောပစ်ကုန်းတိုက်ပြောဆိုမှု။
၆။ ဖရုသဝါစာ = မကြားဝံ့မနာသာ ကြမ်းတမ်းစွာ ပြောဆိုမှု။
၇။ သမ္ဖပ္ပလာပ = အနှစ်ကင်းသော၊ သိမ်ဖျင်းသော စကားကို ပြောဆိုမှု။

စသည့် ကံ ၄ ပါးမှာ ဝစီကံ ၄ပါးဖြစ်သည်။

၈။ အဘိဇ္ဈာ = သူတစ်ပါး၏ စည်းစိမ်ကို မတရားရယူလိုမှု။
၉။ ဗျာပါဒ = သူတစ်ပါး ပျက်စီးသေကြေရန် ကြံစည်မှု။
၁၀။ မိစ္ဆာဒိဋ္ဌိ = အယူမှားမှု။

စသည့်ကံ ၃ ပါးမှာ မနောကံ ၃ ပါးဖြစ်သည်။

ဒုစရိုက် ၁၀ပါးစလုံးသည် လောဘ၊ဒေါသကြောင့်ဖြစ်ပြီး မူလတရား (မောဟ) လည်းပါဝင်သည်။ ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ၄ မျိုး မြှောက်ပွားသော် ဒုစရိုက် အပါး ၄၀ ရ၏။ ဒုစရိုက် ၁၀ပါးတွင် အပြစ်အကြီးဆုံးကံမှာ ပါဏာတိပါတ ကံဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာဘုရားမှ ဟောကြားခဲ့သည်။ မည်မျှပင် ကောင်းမှုကုသိုလ်ကြီးများပြုသော်ငြားလည်း အဝီစိငရဲသို့ မဖြစ်မနေကျစေသော ကံ ၅ပါး ရှိသည်။

၄င်းကို ပဉ္စာနန္တရိယကံ ၅ ပါး ဟုလည်းခေါ်သည်။ ၄င်းတို့မှာ-

၁။ မာတုဃာတကကံ = အမိကို သတ်မှုကံ။
၂။ ပိတုဃာတကကံ = အဖကို သတ်မှုကံ။
၃။ အရဟန္တဃာတကကံ = ရဟန္တာကို သတ်မှုကံ။
၄။ လေဟိတုပ္ပါဒကကံ = ဘုရားရှင်ကို သွေးစိမ်းတည်စေမှုကံ။ ( ဥပမာ- အရှင်ဒေဝဒတ်ကျူးလွန်ခဲ့သော ကံ)
၅။ သံဃဘေဒကကံ = သံဃာကို သင်းခွဲမှုကံ။

စသည့်တို့ဖြစ်သည်။

ထိုကံ ငါးပါးမှ ပထမ ၄ ပါးသည် ပါဏာတိပါတ ကံများပင်ဖြစ်သောကြောင်း ဒုစရိုက် ၁၀ပါးတွင် ပါဏာတိပါကံ က အပြစ်အကြီးဆုံး ဖြစ်ကြောင်း သိနိုင်သည်။

ဝစီဒုစရိုက် ၄ပါးတွင် မုသာဝါဒ မှာ အပြစ်အကြီးဆုံးဖြစ်သည်။
မနောဒုစရိုက် ၃ပါးတွင် မိစ္ဆာဒိဋ္ဌိ က အပြစ်အကြီးဆုံး ဖြစ်သည်။

မုသာဝါဒအပြစ်ကြီးရသည့်အကြောင်းအရင်းမှာ ဘုရားရှင်လက်ထက် မုသာဝါဒမြောက် အပြစ်ကျူး လွန်သူ သာဓက ရှိခဲ့ဖူးသည်။

ထိုနည်းတူစွာ မိစ္ဆာဒိဋ္ဌိဟူသော အယူဝါဒမှားယွင်းမှုသည် မနောကံတွင်းမှ ပြုပြင်ယူရခက်သော ကံဖြစ်ကာ ၄င်းကို အခြေခံပြီး ဒုစရိုက် ၁၀ပါးစလုံးကို ဖြစ်စေနိုင်သည်။

ပါဏာတိပါတ ကံက အပြစ်အကြီးဆုံြးဖစ်သဖြင့် ကျန် ဒုစရိုက်မှု ၉ပါးမှာ အပြစ်သေးသည်ဟု မဆိုလိုပေ။ ဒုစရိုက်မှုကို ကျူးလွန်စဉ် မိမိစိုက်ထုတ်သော စေတနာ (စိတ်) နှင့် သင်္ခါရအပေါ်အခြေခံ၍ အပြစ်အကြီးအသေး ကွာစေသည်။ ငရဲရောက်လျှင်ရောက်မည်။ ငရဲကြီးရှစ်ထပ်မှ အဝီစိ ငရဲလည်း ဖြစ်ချင်ဖြစ်မည်။ ငရဲ မဟုတ်ပဲ အခြား အပါယ်ဘုံများလည်း ဖြစ်နိုင်သည်။ စသည်ဖြင့် စသည်ဖြင့် အမျိုးမျိုး အကျိုးပြုချေမည်။

ထိုဒုစရိုက်များကို ကျူးလွန်ရန် စေတနာ နှင့် သင်္ခါရ ပေါင်းစပ်မှ ကံမြောက်သည်။ စေတနာဟူသည် ကျူးလွန်လိုသော ဆန္ဒ။ (ဥပမာ- သေစေလိုသည့်ဆန္ဒ) သင်္ခါရ စေတနာ၏တိုက်တွန်းမှုကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်ခြင်း (ဥပမာ- အမှန်တကယ် သတ်လိုက်ခြင်း) ထို စေတနာ နှင့် သင်္ခါရ နှစ်ပါးထဲမှ တစ်ပါးပါးချို့ယွင်းလျှင်လည်း ကံမမြောက်ချေ။

ထို့ကြောင့် သတ္တဝါ တစ်ကောင်အား သေစေလိုသည့် ဆန္ဒမပါသော်လည်း မတော်တဆ သေရန် ပြုလုပ် (သင်္ခါရ) ဖြစ်မိလျှင် အကုသိုလ် (ပါဏာတိပါတကံ) မမြောက်ချေ။

အခြားသော ဒုစရိုက်မှုအားလုံးလည်း ထိုနည်းတူစွာ ဖြစ်ပေသည်။

အထက်ပါအချင်းအရာအားလုံးသည် အတုမရှိဗုဒ္ဓမြတ်စွာဘုရား မှ ဟောကြားခဲ့သော တရားတော်များ ဖြစ်ပေ တည်း။

ကိုးကား

  1. (ဆင်ထဲဆရာတော်ကြီး။ ဆင်ထဲသင်္ဂြိုဟ်အကောက်နှင့် ကမ္မဘေဒဝိနိစ္ဆယကျမ်း၊ စာ ၁၉၁)
  2. မူလပဏ္ဏာသ။ ပါဠိ။ ၃၆၀။ အဋ္ဌကထာ။ ၂၃၄။ နိဒါနဝဂ္ဂသံယုတ်၊ ပါဠိ။ ၃၇၇။ အဋ္ဌကထာ။ ၁၃၃။
  3. ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ (သေရာညောင်စောင်းလျောင်းစက်သောအခါ) စာအုပ်

References