မုဒြာ အကြောင်းရာ သိကောင်းစရာ

မုဒြာဟူသော ဝေါဟာရသည် သက္ကတဘာသာအားဖြင့် မုဒြာ၊ ပါဠိဘာသာအားဖြင့် မုဒ္ဒဖြစ်သည်။ မြန်မာဘာသာအရ လက်အနေအထား ပုံစံကို ခေါ်ဆိုသည်။ အချို့ ရုပ်ပွားဆင်းတုဆိုင်ရာ ပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍လည်းကောင်း၊ ဟတ္ထဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်ပညတ်ကြလေသည်။ အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပာယ် သဘောတရားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍၊ အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ၊ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသော သဘောတရားကို ဟန်အမူအရာ ပြထားခြင်းမျိုး ဖြစ်လေသည်။

မြန်မာ့ရိုးရာ ပဋိမာသိပ္ပံပညာ သမိုင်းအကျဉ်းချုပ်

မြန်မာပြည်ရှိ ရုပ်လုံး ရုပ်ကြွ ရုပ်ပွါးဆင်းတုများနှင့်တကူ ဆေးရေးပန်းချီကားများမှ လူ့ ရုပ်ပုံ များတွင် ဗုဒ္ဓသာသနာရေးဆိုင်ရာများသ က ဟိန္ဒူဗြာဟ္မဏဘာသာနှင့် အခြားထင်ရှား မသိသာ နိုင်သေးသော ဘာသာဝါဒ အယူအဆ နှီးနွယ်သည့် ဟန်ပန်အနေအထားများကို တွေ့ရှိနေကြရ
ပေသည်။

ဗုဒ္ဓသာသနာရေးဆိုင်ရာ အခန်းကဏ္ဍတွင်ပင်လည်း ထေရဝါဒဟန် သက်သက်သာမကမူ၍ မဟာယာနဂိုဏ်း, တန္တရာယာနဂိုဏ်း မန္တရာယာနဂိုဏ်းများ၏ ဟန်ပန်အနေအထားများကိုပါ လေ့လာတွေရှိနေရပေသည်။ ထေရဝါဒပိဋကတ်စာပေကျမ်းဂန် ပရိယတ္တိများတွင် ရေးသား ဖော်ပြထားချက်
အထောက်အထား ပြည့်စုံခိုင်လုံစွာမရှိသော ရုပ်လုံး ရုပ်ကြွများဆိုင်ရာ မြန်မာ့ရိုးရာ ပဋိမာသိပ္ပံ ပညာရပ်သည် အခြားသော မဟာယာန တန္တရာယာနတို့၏ လက်ရာများပင် ဖြစ်နိုင်စရာ အကြောင်းရှိနေပေသည်။

ထို့ကြောင့် ဗုဒ္ဓသာသနာဆိုင်ရာ စစ်စစ်မဟုတ်ပါက ဟိန္ဒူဗြာဟ္မဏဝါဒဆိုင်ရာ ရုပ်ထွင်း ရုပ်တုများဖြစ်နိုင်ကြောင်းကိုလည်း တွေရှိရပေသည်။

တခါတရံ ဗုဒ္ဓမြတ်စွာဘုရားပံ့ရဟန္တာသံဃာတော်များ၏ပုံသာမကမူ၍ ဗြဟ္မာသိကြား နတ်သား နတ်သမီး ဘီလူး ကုမ္မဏီ သားရဲ တိရစ္ဆာန်တို့၏ပုံနှင့်တကွ မနုဿလူသားများဖြစ်ကြသော မင်း ပုဏ္ဏား သူဌေး သူကြွယ် ကုန်သည် လယ်လုပ် ဆင်းရဲသားများ၏ ရုပ်လုံး ရုပ်ပွါးများကိုပါ တွေ့ရှိရပေသည်။

သို့ဖြစ်ရကား မြန်မာပြည်ရှိ ရုပ်ပွါးဆင်းတုများ၏အကြောင်းကို လေ့လာ သုတေသနပြုမည်ဆိုပါလျင် ထိုဝတ္ထုပစ္စည်းများ၏ နောက်ခံသမိုင်းကြောင်းဖြစ်သော ယဉ်ကျေးမှု့ ကိုးကွယ်မှု သာသနာရေးဆိုင်ရာ အချက်အလက်များနှင့်တက္ခ သဘောတရားစသည်များကိုပါ ကြိုတင်သိရှိ နားလည်ထားရန်
လိုအပ်လှပေသည်။

အထူးသဖြင့် အိန္ဒိယယဉ်ကျေးမှု ဆက်နွယ်သော ရှေးလက်ရာ မြန်မာ့ရိုးရာ ရုပ်ပွါးဆင်းတုများကို လေ့လာသုံးသပ်သောအခါတွင် ရှေးခေတ်အိန္ဒိယပြည်၌ ထွန်းကားထင်ရှားခဲ့သည့် ကိုးကွယ်မှု သာသနာကြီး သုံးရပ်ဖြစ်ကုန်သော ဟိန္ဒူဗြာဟ္မဏဘာသာ, ဗုဒ္ဓသသာသနာနှင့်ဇိန်းဘာသာတို့ကို အခြေခံအားဖြင့်လေ့လာသိရှိထားရမည် ဖြစ်ပါသည်။ အဆိုပါ ဘာသာကြီးသုံးရပ်မှာ နတ် ဗြဟ္မာ ဘုရား စသည်တို့ကိုအလွန်များပြားစွာ လက်ခံကြည်ညို ကိုးကွယ်ခဲ့ကြသဖြင့် သာသနာရေးဆိုင်ရာ ရုပ်ပွါးဆင်းတုများမှာလည်း မရေမတွက်နိုင်အောင်ပင် ပေါများကြွယ်ဝလျက် ရှိနေကြပေသည်။ သို့ဖြစ်ရကား ရုပ်ပွါးဆင်းတုတဆူကို အကဲဖြတ်ဝေဘန်စိစစ်ရန်ကိစ္စမှာ မလွယ်ကူလှချေ။ မည်သည့် ဘာသာ သာသနာနှင့်သက်ဆိုင်သည်ကို၎င်း၊ မည်သည့်ခေတ်လောက်က ထုလုပ်ခဲ့သည်ကို၎င်း၊ မည်သည့် အနက်အဓိပ္ပါယ်အရထုလုပ် ကိုးကွယ်ခဲ့ကြသည်ကို၎င်း ခန့်မှန်းရန်မှာ အနုပညာသဘောတရားအရ ဆိုရပါလျှင် သာ၍ပင်နက်နဲသိမ်မွေ့လှပေသည်။

ထိုကြောင့် ဤကျမ်းတွင် ရုပ်လုံး ရုပ်ကြွ ရုပ်ပွါးဆင်းတုများ၏ အကြောင်းခြင်းရာများကို အသေးစိတ် လေ့လာဝေဘန်နည်း အကဲခပ်တန်ဘိုးဖြတ်နည်းများနှင့် အမှန်တရားသို့ အနီးကပ်ဆုံးရောက်အောင် ဆုံးဖြတ်ချက်ပေးနည်းတိုကိုသာလျှင် အခြေခံအားဖြင့် တင်ပြမည် ဖြစ်ပါသည်။

ရုပ်ပွါးဆင်းတုတခုကို တွေ့ရှိသောအခါ ဗုဒ္ဓမြတ်စွာဘုရား၏ပုံ ပီပီပြင်ပြင် ဖြစ်နေပါက ဗုဒ္ဓသာသနာတော်ဘောင်အတွင်း ပထမဆင့်တွင် ပါဝင်နေသဖြင့် အကဲဖြတ်ရန် လွယ်ကူလှပေသည်။

သို့သော် တခါတရံ ဘုရားဆင်းတုတွိကို နတ်ရုပ်လိုလို ဘာလိုလိုနှင့် မသဲမကွဲသော ရုပ်ပွါးဆင်းတုမျိုးကိုတွေ့ရှိရတတ်ပေသည်။ ထိုအခါမျိုးတွင် ဟိန္ဒူဘာသာရေးဆိုင်ရာ ဇိန်းဘာသာရေးဆိုင်ရာနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာတိုအနက် မည်သည့်သာသနာနှင့် သက်ဆိုင်နိုင်မည်ဆိုသည်ကို စူးစမ်းလေ့လာ
သုံးသပ်ရသောကိစ္စမှာ စင်စစ်မလွယ်ကူလှချေ။ ယင်းဘာသာကြီးသုံးရပ်မှာလည်း တခုနှင့်တခု နှီးနွယ်ဆက်စပ်နေကြသည်သာမက အချို့ သော နတ်ဗြဟ္မာ စသည်တို့ကိုပင် ညီတူထပ်မျှ လက်ခံကိုးကွယ်ထားတတ်ကြပေသည်။

ဟိန္ဒူဘာသာမှ ပါရ်ဝတီ ဣန္ဒြ, လက္ချမိ, သာရဿတီနတ်များကို ဇိန်းဘာသာတွင် ပဘာဝတီ ဣန္ဒြ, လက္ချမိ, သူရဿတီနတ်များအဖြစ် လက်ခံထားကြသည်ကိုတွေ့ရပေသည်။ အလားတူပင် တန္တရာယာနဗုဒ္ဓသာသနာတော်မှ မဟာဇိနာတာရာဒေဝီ, အင်္ဂုလိဒေဝီ, ဝဇိရာယောဂိနီ စသည်များကိုလည်း
ဟိန္ဒူဘာသာတွင် တာရာ, မနသာ ဆိန္နမသ္ထာဘုရားမကြီးများအဖြစ် လက်ခံ ထားကြပေသည်။ ထိုနည်းတူပင် ဇိန်းဘာသာနှင့် တန္တရဗုဒ္ဓသာသနာဂိုဏ်း များကလည်း ဟိန္ဒူ နတ် ဘုရားများစွာတို့ကို ငှါးယူ လက်ခံကိုးကွယ်ထားတတ်ကြပေသည်။ ထို့ ကြောင့်ပင်လည်း ရုပ်ပွါးဆင်းတု ရုပ်တုတခုသည် ဟိန္ဒူ နတ် ဘုရား ရုပ်တုလော ဗုဒ္ဓဘာသာဘုရား ရုပ်ပွါးဆင်းတုလော ဇိန်းဘုရား ရုပ်တုလောဟူသည်ကို အတိအကျ ဝေဘန်ဆုံးဖြတ်ရန် ခက်ခဲသည်ကိုလည်း မကြာခဏ ကြုံတွေ့ရတတ်ပေသည်။

ကိုးကား – မြန်မာ့ရိုးရာပဋိမာသိပ္ပံပညာ မုဒြာများ – စဝ်ထွန်းမှတ်ဝင်း – ၁၉၇၇

Books

Web Pages