ခဏိကသမာဓိဆိုတာဘာလဲ
ဒီနေရာမှာ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အတွက် ဝိပဿနာ ခဏိကသမာဓိဆိုတာ ဘယ်လိုသမာဓိမျိုးလဲဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုသာ ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲဆိုရင်တော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ နဲ့ တခြားသုတ္တန်ပေါင်းများစွာမှာ ဟောကြားဖွင့်ဆိုထားတဲ့အတိုင်း ဝိပဿနာပိုင်းသို့ ရောက်လာတဲ့အခါမှာ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက် ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ရော၊ သမထယာနိကပုဂ္ဂိုလ်ရော ပုဂ္ဂိုလ်နှစ်မျိုးစလုံးဟာ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုပြီး နှစ်နည်းရှိတဲ့အနက် ဓာတ်ကမ္မဋ္ဌာန်းနည်း တစ်မျိုးမျိုးနဲ့ ရှုဖို့ ညွှန်ကြားထားလို့ပါပဲ။ တစ်နည်းအားဖြင့် ဝိပဿနာရှုလိုကြတဲ့ သမထယာနိကပုဂ္ဂိုလ်ရော၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ရော ပုဂ္ဂိုလ်နှစ်မျိုးစလုံးကို ဓာတ်ကမ္မဋ္ဌာန်းနည်းနဲ့ ဝိပဿနာ ရှုဖို့ ညွှန်ကြားထားလို့ပါပဲ။ ဒါ့ကြောင့် ဒီနေရာမှာ ဝိပဿနာခဏိကသမာဓိဆိုတာ ဘယ်လိုသမာဓိမျိုးလဲဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုသာ ဝိပဿနာ ခဏိကသမာဓိလို့ခေါ်ဆိုတာ ဖြစ်ပါတယ်ဆိုပြီး ပြောနေရခြင်း ဖြစ်ပါတယ်။ …