ဒီနေရာမှာ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အတွက် ဝိပဿနာ ခဏိကသမာဓိဆိုတာ ဘယ်လိုသမာဓိမျိုးလဲဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုသာ ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဘာကြောင့်ပါလဲဆိုရင်တော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ နဲ့ တခြားသုတ္တန်ပေါင်းများစွာမှာ ဟောကြားဖွင့်ဆိုထားတဲ့အတိုင်း ဝိပဿနာပိုင်းသို့ ရောက်လာတဲ့အခါမှာ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်း နှစ်မျိုးရှိတဲ့အနက် ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုရင် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ရော၊ သမထယာနိကပုဂ္ဂိုလ်ရော ပုဂ္ဂိုလ်နှစ်မျိုးစလုံးဟာ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုပြီး နှစ်နည်းရှိတဲ့အနက် ဓာတ်ကမ္မဋ္ဌာန်းနည်း တစ်မျိုးမျိုးနဲ့ ရှုဖို့ ညွှန်ကြားထားလို့ပါပဲ။
တစ်နည်းအားဖြင့် ဝိပဿနာရှုလိုကြတဲ့ သမထယာနိကပုဂ္ဂိုလ်ရော၊ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ရော ပုဂ္ဂိုလ်နှစ်မျိုးစလုံးကို ဓာတ်ကမ္မဋ္ဌာန်းနည်းနဲ့ ဝိပဿနာ ရှုဖို့ ညွှန်ကြားထားလို့ပါပဲ။ ဒါ့ကြောင့် ဒီနေရာမှာ ဝိပဿနာခဏိကသမာဓိဆိုတာ ဘယ်လိုသမာဓိမျိုးလဲဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုသာ ဝိပဿနာ ခဏိကသမာဓိလို့ခေါ်ဆိုတာ ဖြစ်ပါတယ်ဆိုပြီး ပြောနေရခြင်း ဖြစ်ပါတယ်။
သမာဓိကို ထူထောင်တဲ့နေရာမှာ သမထကမ္မဋ္ဌာန်း ၄၀ ရှိတယ်။ အဲ့ဒီ သမထကမ္မဋ္ဌာန်း ၄၀ထဲမှာ စတုဓာတုဝဝတ္ထာန် (ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း) အမည်ရတဲ့ ဓာတ်ကမ္မဋ္ဌာန်းလည်း ပါဝင်ပါတယ်။ အဲ့ဒီ ဓာတ်ကမ္မဋ္ဌာန်းဆိုတာဟာ ဥပစာရသမာဓိ အပ္ပနာဈာန်သမာဓိဆိုပြီး သမာဓိ နှစ်မျိုးရှိတဲ့အနက် ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်တဲ့ ဥပစာရကမ္မဋ္ဌာန်း ဖြစ်ကြောင်းကို (ဝိသုဒ္ဓိ- ၁- ၁၀၇ – ၃၄၇။) တို့ မှာ ဖွင့်ဆိုပြထားပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ-၄၃၆)မှာ ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်ကလေးပါ။
ဥပစာရသမာဓိတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ၊ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသသ ပန သမာဓိသ သမာန လက္ခဏတာယ ဧဝံ ဝုတ္တံ။ ကသ္မာ ပနေတ္ထ အပ္ပနာ န ဟောတီတိ၊ တတ္ထ ကာရဏမာဟ “သဘာဝဓမ္မာရမ္မဏတ္တာ”တိ။
(မဟာဋီကာ၊ ၁၊ ၄၃၆။)
မှတ်သားရန် အဓိပ္ပာယ်မှာ . . .
ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော (ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ ဖြစ်ပေါ်လာသော) အထွတ်အထိပ်သို့ ရောက်ရှိလာသည့် ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်းမှာ မုချအားဖြင့် မိန့်ဆိုတော်မူခြင်းကား မဟုတ်ပေ။ (ဤဓာတ်ကမ္မဋ္ဌာန်းအရာ၌ ဥပစာရသမာဓိဟူသည်ကား မုချအားဖြင့် ဥပစာရသမာဓိအစစ် မဟုတ်ပေ။)
တင်စားခေါ်ဆိုခြင်း ရုဠီ၏ အစွမ်းဖြင့် မိန့်ဆိုတော်မူသော စကားဖြစ်သည်ဟု (ဝေဒိတဗ္ဗံ) မှတ်သားအပ်ပေသည်။ အပ္ပနာဈာန်၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ကာမာဝစရသမာဓိသည်သာလျှင် မုချအားဖြင့် ဥပစာရသမာဓိအစစ် မည်ပေသည်။ ဤစတုဓာတုဝဝတ္ထာန် (ဓာတ်ကြီးလေးပါးရှုမှတ်ခြင်း) အမည်ရသော ဓာတ်ကမ္မဋ္ဌာန်း၌ကား နက်နဲသော ပရမတ္ထဓမ္မသဘာဝကိုသာလျှင် အာရုံပြုနေရသောကြောင့် အပ္ပနာဈာန်သမာဓိသို့ကား မဆိုက်ရောက်နိုင်ပေ။
မည်သည့်အပ္ပနာဈာန်သမာဓိ၏ အနီး၌မျှ ဖြစ်ခြင်းမဟုတ်သည့်အတွက် ဥပစာရသမာဓိအစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိအစစ်နှင့် နီဝရဏ ကင်းပုံချင်း စိတ်တည်ကြည်ပုံချင်း တူညီသည့်အတွက် သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ အဘယ့်ကြောင့် ဤ ဓာတ်ကမ္မဋ္ဌာန်း၌ အပ္ပနာဈာန်သမာဓိသည် မရှိနိုင်ပါသနည်းဟူမူကား ရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး ၄ ပါးတို့၏ ကိုယ်ပိုင် ပရမတ္ထသဘာဝလက္ခဏာလျှင် အာရုံရှိသောကြောင့် ထိုပရမတ္ထဓမ္မသဘာဝတို့၏ နက်နဲသောသဘောရှိရကား အပ္ပနာဈာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘဲ ဥပစာရသမာဓိသို့သာ ဆိုက်ရောက်နိုင်သည်ဟူ၏။
(မဟာဋီကာ၊ ၁၊ ၄၃၆။)
[သဒိသူပစာရ – သဒိသ= တူညီသော၊
ဥပစာရ= တင်စားထားသောစကား။
တူညီမှုရှိ၍ တင်စားခေါ်ဝေါ်ထားသောစကားကို သဒိသူပစာရစကားဟု ခေါ်သည်။]
ဒီ စတုဓာတုဝဝတ္ထာန် အမည်ရတဲ့ ဓာတ်ကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကို ဖြစ်စေနိုင်တဲ့အတွက် သမထကမ္မဋ္ဌာန်း ၄၀ထဲမှာလည်း ပါဝင်တယ်။ အထွတ်အထိပ်သို့ ရောက်ရှိလာတဲ့ ဒီ စတုဓာတုဝဝတ္ထာန် ဥပစာရသမာဓိက (သို့မဟုတ်) အဲ့ဒီ ဥပစာရသမာဓိနဲ့ယှဉ်တဲ့ ဉာဏ်က ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ ဓာတ်ကြီး ၄ ပါးတို့၏ ကိုယ်ပိုင် ပရမတ္ထသဘာဝလက္ခဏာကိုလည်း အာရုံယူနိုင်တဲ့အတွက် ဒိဋ္ဌိဝိသုဒ္ဓိသို့လည်း သက်ဝင်ပါတယ်။ ဆိုလိုတာက ဝိပဿနာသို့လည်း သက်ဝင်ပါတယ်။ ဒါကြောင့် စတုဓာတုဝဝတ္ထာန်လို့ ခေါ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းဟာ သမထ ဝိပဿနာ နှစ်ဘက်ရ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ နောက်ပြီး ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီး ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုပြီး နှစ်နည်းသာလျှင် ဟောကြားထားတော်မူပါတယ်။
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းကို မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊ ၂၊ ၂၃၄။ မ၊ ၁၊ ၇၃။)မှာ ဟောကြားထားတော်မူပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကတော့ မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊ ၁၊ ၂၄၂-၂၄၉။)၊ မဟာရာဟုလောဝါဒသုတ္တန် (မ၊ ၂၊ ၈၃-၈၉။)၊ အဘိဓမ္မာဓာတုဝိဘင်းပါဠိတော် (အဘိ၊ ၂၊ ၈၄-၈၉။)တို့မှာ လာရှိပါတယ်။ ဓာတုဝိဘင်္ဂသုတ္တန် (မ၊ ၃၊ ၂၈၁-၂၉၀။)မှာလည်း မကျဉ်းမကျယ် လာရှိပါတယ်။ အဲ့ဒီနည်းဟာ အကျယ်နည်းမှာပင် အကျုံးဝင်ပါတယ်။
ဒီပါဠိတော်တွေမှာတွင်မကဘဲ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်ပြီး ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုပြီး နှစ်နည်းသာ လာရှိတဲ့အတွက် ရုပ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်လိုတဲ့အခါမှာ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုတဲ့ နည်းနှစ်မျိုးထဲက နှစ်ခြိုက်ရာနည်းလမ်းနဲ့ စပြီးတော့ ရုပ်တရားတို့ကို ရှုပွားသိမ်းဆည်းရန် (ရုပ်တရားတို့ကို ရှုမှတ်ရန်) အဋ္ဌကထာ ဋီကာတို့ကလည်း ထပ်ဆင့် ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့မှာ လာရှိတဲ့အတိုင်း ညွှန်ကြားထားတဲ့အတိုင်း ကျင့်ခြင်းသည်သာလျှင် နိဗ္ဗာန်ကို ရရှိရေးအတွက် စိတ်အချရဆုံးနှင့် အကောင်းဆုံး ကျင့်စဉ် ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မဟာစည်ဆရာတော်ဘုရားကလည်း ဓမ္မစကြာတရားတော်ကြီးမှာ အခုလို ရေးသားဖော်ပြထားပါတယ်။
“မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနဿိကာရပိုင်းအရအားဖြင့် ထင်ရှားပေါ်လာတဲ့ ဓာတ်ကြီးလေးပါးကိုလည်း ရှုရမယ်။ အဲ့ဒီလို ရှုလို့ နီဝရဏကင်းတဲ့အခါ ဥပစာရသမာဓိဖြစ်ကြောင်း ဝိသုဒ္ဓိမဂ်မှာ အထင်အရှား ပြဆိုထားတာကိုလည်း အထူးသတိပြုကြရမယ်။ အဲ့ဒါဟာ မည်သည့်အပ္ပနာသမာဓိ၏ အနီး၌မျှ ဖြစ်တာမဟုတ်တဲ့အတွက် ဥပစာရသမာဓိအစစ်မဟုတ်ကြောင်း၊ ဥပစာရသမာဓိအစစ်နှင့် နီဝရဏ ကင်းပုံချင်း စိတ်တည်ကြည်ပုံချင်း တူညီတဲ့အတွက် သဒိသူပစာအားဖြင့် ဥပစာရသမာဓိခေါ်တဲ့အကြောင်း ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ-၄၃၆)မှာ ပြဆိုထားတယ်။ အဲ့ဒါကို ဝိပဿနာအနေနဲ့ဆိုရင် ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဘုန်းကြီးက ဝိပဿနာ ခဏိကသမာဓိလို့လည်း ဖော်ပြနေပါတယ်။ အဲ့ဒါကို တချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ဝိပဿနာမဖြစ်နိုင်ကြောင်း၊ အကယ်၍ ဖြစ်နိုင်ပါလျှင် စာသင်သားတွေမှာ ဝိပဿနာဉာဏ်တွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း အပြစ်ပြပြီး ပြောဆိုနေပါတယ်။”
မဟာစည်ဆရာတော်ဘုရားရဲ့ ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်မှာ အခုလိုလည်း ပြဆိုထားပါသေးတယ်။
အဲဒီ သမထကမ္မဋ္ဌာန်း လေးဆယ်ဟာ အားထုတ်ကောင်းတာချည်းပါပဲ။ အဲဒီလေးဆယ်ထဲက စတုဓာတုဝဝတ္ထာန်ဆိုတဲ့ ကမ္မဋ္ဌာန်းကတော့ (ဓာတ်ကမ္မဋ္ဌာန်းကတော့) ဥပစာရသမာဓိ ခေါ်တဲ့ ဝိပဿနာခဏိကသမာဓိကိုလည်း ဖြစ်စေနိုင်တယ်။ ဝိပဿနာကမ္မဋ္ဌာန်းလို့ ဆိုရပါတယ်။
(မဟာစည်ဆရာတော်ဘုရား၏ ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေးတရားတော်မှ -)
ဒါဟာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကို ဝိပဿနာ ခဏိကသမာဓိလို့ခေါ်ဆိုတာ ဖြစ်ကြောင်း၊ အဲ့ဒီလို ဝိသုဒ္ဓိမဂ်နဲ့ ဝိသုဒ္ဓိမဂ် မဟာဋီကာ (ပ-၄၃၆)မှာလာရှိတဲ့အတိုင်း ပြဆိုတာကို တချို့က သဘောမပေါက်တဲ့အတွက် ခဏိကသမာဓိဖြင့် ဝိပဿနာမဖြစ်နိုင်ကြောင်းကို အပြစ်ပြပြီး ပြောဆိုနေကြောင်း မဟာစည်ဆရာတော်ဘုရား မိန့်တော်မူထားတာပါပဲ။
ဒါ့ကြောင့် ဝိပဿနာ ခဏိကသမာဓိဆိုတာ ဘယ်လိုသမာဓိမျိုးလဲဆိုရင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုသာ
ဝိပဿနာ ခဏိကသမာဓိလို့ ခေါ်ဆိုတာ ဖြစ်တယ်ဆိုတာကို မြဲမြံစွာ မှတ်သားထားကြရမယ်။
အဲ့ဒါကြောင့် ၀ိသုဒ္ဓိမဂ်မဟာဋီကာမှာ အခုလို ဖွင့်ပြထားတာပါပဲ။
“ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော
သမာဓိ၊သောပိ ဟိ အာရမ္မဏေ နိရန္တရံ
ဧကာကာရေန ပ၀တ္တမာနော ပဋိပက္ခေန
အနဘိဘူတော အပ္ပိတော ၀ိယ စိတ္တံ
နိစ္စလံ ဌပေတိ”
(၀ိသုဒ္ဓိမဂ်မဟာဋီကာ၊ ၁၊ ၃၄၂။)
“ခဏိကစိတ္တေကဂ္ဂတာတိ– ခဏ်ိကစိတ္တေကဂ္ဂတာဟူသည်ကား (ဝါ) ခဏိကသမာဓိဟူသည်ကား၊ ခဏမတ္တဋ္ဌိတိကော– ဝိပဿနာစိတ်၏ အခိုက်အတံ့မျှ တည်ခြင်းရှိသော၊ သမာဓိ– တည်ငြိမ်မှုသမာဓိပေတည်း။ ဟိသစ္စံ– မှန်၏။ သောပိ– ထိုဝိပဿနာခဏိကသမာဓိသည်လည်း၊ အာရမ္မဏေ– ရှုအပ်သိအပ်သော ပရမတ်အာရုံ၌။ ဧကာကာရေန– တစ်မျိုးတည်းသော တည်ငြိမ်မှု အခြင်းအရာအားဖြင့်၊ နိရန္တရံ– မခြားမပြတ်တစ်စပ်တည်း၊ ပ၀တ္တမာနော– ဖြစ်လတ်သော်၊ ပဋိပက္ခေန အနဘိဘူတော– ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတို့သည်မနှောင့်ယှက်အပ်သည်ဖြစ်၍၊ အပ္ပိတောဝိ– အာရုံ၌ သက်၀င်သော အပ္ပနာဈာန်သမာဓိကဲ့သို့၊ စိတ္တံ– ၀ိပဿနာစိတ်ကို။ နိစ္စလံ– မတုန်မလှုပ်ငြိမ်သက်စွာ။ ဌာပေတိ– ထားနိုင်၏”
အဓိပ္ပာယ်အားဖြင့် မှတ်သားဖို့ကတော့-
ခဏ်ိကစိတ္တေကဂ္ဂတာဟူသည်ကား (ဝါ) ခဏိကသမာဓိဟူသည်ကား ဝိပဿနာစိတ်၏ အခိုက်အတံ့မျှ တည်ခြင်းရှိသော သမာဓိပေတည်း။ မှန်ပေ၏။ ထိုဝိပဿနာခဏိကသမာဓိသည်လည်း၊ ရှုအပ်သိအပ်သော ပရမတ်အာရုံ၌ တစ်မျိုးတည်းသော တည်ငြိမ်မှု အခြင်းအရာအားဖြင့်မခြားမပြတ် တစ်စပ်တည်း ဖြစ်သည်ရှိသော် ဆန့်ကျင်ဘက်ဖြစ်သော နီဝရဏတို့သည်မနှောက့်ယှက်အပ်သည်ဖြစ်၍ အာရုံ၌ သက်၀င်သော အပ္ပနာဈာန်သမာဓိကဲ့သို့ ၀ိပဿနာစိတ်ကို မတုန်မလှုပ်ငြိမ်သက်စွာ ထားနိုင်ပေ၏”
ဝိသုဒ္ဓိမဂ်မဟာဋီကာမှာ ဖွင့်ပြထားတဲ့ ဒီ ဝိပဿနာခဏိကသမာဓိဆိုတာဟာလည်း အထက်မှာ အကြိမ်ကြိမ် ရှင်းပြထားခဲ့တဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကသွားတဲ့ သမာဓိကိုပဲ ဝိပဿနာ ခဏိကသမာဓိဆိုပြီး ခေါ်ဆိုနေတာဖြစ်တယ်လို့ ကြိန်းသေ မှတ်သားထားကြရမှာ ဖြစ်တယ်ပေါ့။
ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော (ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ ဖြစ်ပေါ်လာသော) အထွတ်အထိပ်သို့ ရောက်ရှိလာသည့် ကာမာဝစရသမာဓိကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ ခေါ်ဝေါ်သုံးနှုန်းထားပြီး ဝိသုဒ္ဓိမဂ်မဟာဋီကာမှာတော့ မုချအားဖြင့် ခဏိကသမာဓိလို့ ခေါ်ဝေါ်သုံးနှုန်းထားတာ ဖြစ်ပါတယ်။ ဝိပဿနာပိုင်း၌သာ ခဏိကသမာဓိ ရှိသည်မဟုတ်သေး။ သမထပိုင်း၌လည်း ခဏိကသမာဓိ ရှိသည်သာ။
သမထပိုင်း ခဏိကသမာဓိကို (ဝိသုဒ္ဓိ၊ ၁၊ ၁၄၀။) နှင့် (အဘိ၊ ဋ္ဌ၊ ၁၊ ၁၆၀)တို့၌ ဈာန်အင်္ဂါ ၅ပါးတို့၌ ပါဝင်သော ခုဒ္ဒကပီတိ အစရှိသော ပီတိငါးမျိုးတို့ ရင့်ကျက်လာသောအခါ သုခကို ပြည့်စုံစေနိုင်၏။ သုခသည် ရင့်ကျက်လာသောအခါ သမထပိုင်း၌ ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဟူ၍ သမာဓိသုံးမျိုးတို့ကို ပြည့်စုံစေနိုင်ကြောင်း အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် အဋ္ဌသာလိနီ အဋ္ဌကထာတို့၌ ဖွင့်ဆိုလျက် ရှိပေသည်။ သမထပိုင်းတွင် ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ ဟူ၍ သမာဓိ ၃ မျိုး ရှိရာ ဥပစာရသမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၌ ခေါ်ဝေါ်သုံးနှုန်းထားပေသည်။
ဒီ အထက်ပါဖော်ပြချက်ကတော့ သမထပိုင်း ခဏိကသမာဓိကို ဖော်ပြတဲ့ ဖော်ပြချက်ပါပဲ။ ဆိုလိုတာက ဒါဟာ သမထပိုင်း ခဏိကသမာဓိပါပဲ။
ဒီ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့ရဲ့ အသုံးအနှုန်းကို လိုက်ပြီးတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို ဖွင့်ဆိုနေတဲ့ ဝိသုဒ္ဓိမဂ် မဟာဋီကာမှာ ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပြီး အထွတ်အထိပ်သို့ရောက်လာတဲ့ ကာမာဝစရသမာဓိကို မဟာဋီကာဆရာတော်က မုချအားဖြင့် ခဏိကသမာဓိလို့ ခေါ်ဝေါ်သုံနှုန်းထားပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ပြီး အထွတ်အထိပ်သို့ရောက်လာတဲ့ အဲ့ဒီ သမာဓိကိုပဲ ဥပစာရသမာဓိအစစ်နဲ့ သမာဓိအဆင့်အတန်းချင်း တူညီနေတဲ့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက သဒိသူပစာရအားဖြင့် ဥပစာရသမာဓိလို့ ခေါ်ဝေါ်သုံနှုန်းထားပါတယ်။
အဋ္ဌကထာစကားက ဥပစာ, ဋီကာစကားက မုချ။
မုချ နဲ့ ဥပစာမျှသာ ကွာတယ်။ ဆန့်ကျင်မှုကား မရှိဟု မှတ်ပါ။ ဒါကတော့ ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပြီးတော့ အထွတ်အထိပ်သို့ ရောက်လာတဲ့ ကာမာဝစရသမာဓိကို ဥပစာရသမာဓိ ခဏိကသမာဓိ ဆိုပြီး အမည်နှစ်မျိုးနဲ့ ခေါ်ဝေါ်သုံးနှုန်းတာပါပဲ။
ဖားအောက်တောရဆရာတော်
*********************
Credit > မူရင်းရေးသားမျှဝေသူ
Taken from here.