ပဝါရဏာ (၃)မျိုး

ပဝါရဏာဟူသည် တစ်ဦးနှင့်တစ်ဦး အပြစ်ကိုမြင်တွေ့လျှင် ထောက်ပြပြောဆို ဆုံးမပါရန် (ဖိတ်မန်ခြင်း) ဖြစ်သည်။

ပဝါရဏာ သုံးမျိုးရှိသည် …
၁။ သံဃာ့ ပဝါရဏာ – သံဃာတော်များပြုသော ပဝါရဏာ။
၂။ ဒေ၀ ပဝါရဏာ – နတ်များပြုသော ပဝါရဏာ။
၃။ မနုဿ ပဝါရဏာ – လူများပြုသော ပဝါရဏာ။
ဟု သုံးမျိုးရှိသည်။

၁။ သံဃာ့ ပဝါရဏာ

သိမ်တခုတွင်းဝယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြားခြင်း။

ထိုပဝါရဏာကို ခွင့်ပြုတော်မူခြင်း အကြောင်းရင်းကား

ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အခါက၊ ကောသလတိုင်း ဇနပုဒ် ကျောင်းတစ်ကျောင်း၌ နေခဲ့ကြသော ရဟန်းတော်တို့သည် “အချင်းချင်း ငြင်းခုံမှုမရှိကြပဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာ နေထိုင်ကြရအောင် တပါးနှင့်တပါး စကားမပြောကြစတမ်း”ဟု ကတိကဝတ် ထားကြလျက် ဝါတွင်းသုံးလပတ်လုံး စကား လုံးဝမပြောကြပဲ နေခဲ့ကြသည်ကို ဘုရားရှင် သိရှိတော်မူသောကြောင့် ထိုသို့ စကား-လုံးဝမပြောပဲ နေကြခြင်းသည်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း (ပသုသံဝါသ) နှင့်တူ၏”
“စကားမပြောနိုင်သူ လူအ,တို့၏ အကျင့် (မူဂပဗ္ဗတ) နှင့်
တိတ္တိိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏”
ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင်
သီလ သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပဝါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။

ပဝါရဏာပြုပုံ

သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

ဒုတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။

တတိယမ္ပိ ဘန္တေ သံဃံ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာယ ဝါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ဝိ-၃-၂၂၃ )

“အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း, ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊

“အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊
တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား”
နှစ်ကြိမ်မြောက်လည်း …………………….
သုံးကြိမ်မြောက်လည်း ……………………

ပသုသံဝါသန္တိ ပသူနံ ဝိယ သံဝါသံ။
ပသဝေါပိ ဟိ အတ္တနော ဥပ္ပန္နံ သုခဒုက္ခံ အညမညဿ န အာရောစေန္တိ၊ ပဋိသန္ထာရံ န ကရောန္တိ၊ တထာ ဧတေပိ န အကံသု။
တသ္မာ နေသံ သံဝါသော“ပသုသံဝါသော”တိ ဝုစ္စတိ။
(ဝိ-ဋ္ဌ-၃-၃၅၆ )

သားကောင်တို့၏ ပေါင်းသင်းနေထိုင်ခြင်းဟူသည်…
တစ်ကာင်၏ချမ်းသာဆင်းရဲကို အခြားတကောင်အား ပြောဆိုရိုးမရှိချေ။
ထို့အတူ စကားလုံးဝမပြောပဲ နေထိုင်သူတို့မှာလည်း တဦး၏ချမ်းသာဆင်းရဲကို အခြားတဦးအား မပြောဆိုပဲ နေထိုင်လတ်သော်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် မခြားတော့ချေ”ဟု ဆိုလိုသည်။

စကားမပြောပဲ နေရုံမျှကို“မူဂပဗ္ဗတ-သူအတို့၏ အကျင့်”ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊
“လုံး၀ စကား မပြောကြစတမ်း”ဟု ကတိကဝတ်ပြု၍ နေခြင်းကိုသာ “မူဂပဗ္ဗတ-အကျင့်”ဟု မိန့်တော်မူလိုပါသည်၊
ထိုအကျင့်မျိုးသည်သာ တိတ္တိတို့ ဆောက်တည်အပ်သောအကျင့်ဖြစ်သည်။
(ဝိ-ဋ္ဌ-၃-၃၅၆)

ဝိနည်းမဟာဝါ ပဝါရဏာက္ခန္ဓက ( ဝိ-၃-၂၂၀၊ ၂၂၃ )။
မူလပဏ္ဏာသ ပါဠိတော် ( ၂၁၇ ) နှင့် ဥဒါန်းပါဠိတော် ( ၈၉ ) တို့၌ ကြည့်ပါ။

၂။ ဒေ၀ ပဝါရဏာ – နတ်များပြုသော ပဝါရဏာ

သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာဝတိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက်…

“ယနေ့ အဘယ်ကျောင်းတိုက်သို့ သွား၍ အဘယ်မထေရ်၏အထံ၌ ပဝါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင်
သိကြားမင်းသည် များသောအားဖြင့် ပိယင်္ဂုကျွန်း၌ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင် ပဝါရဏာပြု၍
အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍ မိမိတို့နှစ်သက်ရာ ကျောင်းတိုက်ရှိ ရဟန်းတော်များထံသို့သာ သွားကြ၍ ပဝါရဏာ ပြုကြကုန်သည်။

ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါ၎င်း, နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်အလို့ငှါ၎င်း, ငါးပါးသီလကို ထိန်းသိမ်း စောင့်ရှောက်ကြကုန်၏။

မိမိတို့ စောင့်ရှောက်သော သီလ စင်ကြယ်, မစင်ကြယ်သည်၏ အဖြစ်ကို သုတ်သင်ရန်အလို့ငှါ အပြစ်ပြ၍ ဆုံးမနိုင်ရန် ရဟန်းတော်များအား ဖိတ်မန်ကြလေသည်။

နတ်တို့ဖိတ်မန်ပုံအစီအစဉ် ပါဠိတော်,အဋ္ဌကထာ,ဋီကာတို့၌ တိုက်ရိုက်မပါရှိသော်လည်း သံဃာ့ပဝါရဏာနှင့် အလျော်ပြုရပါမူ-

“အရှင်ဘုရားတို့၊ တပည့်တော်များ စောင့်ထိန်းအပ်သော သီလသည် စင်ကြယ်ပါသလားဘုရား, တပည့်တော်များအား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မစင်ကြယ်သောအမှုကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားရှိသော်၎င်း, ထုတ်ဖော်၍ ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်များ ပြန်လည်ပြုပြင်၍ ကျင့်သုံးကြပါမည်ဘုရား”ဟု ဖိတ်မန်ခြင်းပင်တည်း။

မဟာပဝါရဏာယပိ ပုဏ္ဏမဒိ၀သေ သန္နိပတိတွာ “အဇ္ဇ ကတ္ထ ဂန္တွာ ကဿ သန္တိကေ ပဝါရေဿာမာ”တိ မန္တေန္တိ။
တတ္ထ သက္ကော ဒေဝါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ၀ ပဝါရေတိ။
သေသာ ဒေဝတာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာန်ိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပဝါရေန္တိ။ ဧဝံ ပဝါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။
(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)

တာဝတိံသာ, ဧကစ္စေ စ စာတုမဟာရာဇိကာ ယထာလဒ္ဓါယ သမ္ပတ္တိယာ ထာဝရဘာဝါယ, အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊ တေ တဿ ဝိသောဓနတ္ထံ ပဝါရဏာသင်္ဂဟံ ကရောန္တိ။ တေန ဝုတ္တံ “မဟာပဝါရဏာယာ”တိ အာဒိ။
(ဒီ-ဋီ၊ ၂၊ ၂၁၉)။

၃။ မနုဿ ပဝါရဏာ – လူများပြုသော ပဝါရဏာ

လူများအချင်းချင်း ပဝါရဏာပြုခြင်း, ဖိတ်ကြားခြင်းမျိုးသည် ကျမ်းဂန်တို့၌ တိုက်ရိုက်မလာ ရှိသော်လည်း ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားပုံ, နတ်သိကြားများ ဖိတ်ကြားပုံကို အတုယူပြီး လူများလည်း အချင်းချင်းအပြစ်ပြ၍ ပြောဆို ပြုပြင်နိုင်ကြရန် ဖိတ်ကြားခြင်း ပဝါရဏာပြုသင့်ကြသည်။

ပြုပုံ-
ကျွန်တော် ကျွန်မများအပေါ်မှာ တစုံတခုသောအပြစ်ကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားသံသယ ရှိသော်၎င်း ပြောဆိုကြပါ, ပြုပြင်ကြပါ။

ကျွန်တော် ကျွန်မတို့ လိုက်နာကျင့်သုံးကြပါမည်-ဟု အချင်းချင်း ဖိတ်ကြားထားပါက တစုံတယောက်၏အပြစ်ကို တွေ့ရှိခဲ့သော် ဝမ်းသာစွာ ပြောဆိုပြုပြင်ပေးခြင်း, လိုက်နာကျင့်သုံးခြင်းတို့ဖြင့် “ကျီးကို ဘုတ်က ရိုသေ, ဘုတ်ကို ကျီးက ရိုသေ” ဆိုရိုးစကားကဲ့သို့ အချင်းချင်း တဦးနှင့်တဦး ဂါရ၀ နိဝါတ တရား (ဂါရ၀-ရိုသေထိုက်သူကို ရိုသေခြင်း၊ နိဝါတ-မိမိကိုယ်ကို နှိမ့်ချခြင်း၊ မာန မရှိခြင်း။) လက်ကိုင်ထားကြလျက် မာန်မာနကင်းရှင်းကြ၍ ယခုဘဝ၌လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ကြရပြီးလျှင် နောင်သံသရာ၌လည်း တဦးမေတ္တာ တဦးမှာ ကူးယှက်ခါဖြင့် အချင်းချင်း ကူညီဖေးမ,နိုင်ကြသောကြောင့် လူ-နတ်-နိဗ္ဗာန် သုံးတန်သောချမ်းသာတို့ကို ရရာရကြောင်း ထုံးကောင်းဖြစ်ပါသည်။

ထို့ပြင် ဝါကျွတ်ချိန်အခါ၌ မိဘများအား သားသမီးများက ပူဇော်ကန်တော့ခြင်း, ဆရာများအား တပည့်များက ပူဇော်ကန်တော့ခြင်း, အဘိုးအဘွားစသော သက်ကြီးရွယ်ကြီးများအား ငယ်ရွယ်သူများက ပူဇော်ကန်တော့ခြင်း, မိဘ, ဆရာ, သက်ကြီးရွယ်ကြီးတို့ကလည်း ဆုပေးခြင်း, ဆုံးမစကားများ ပြောဆိုခြင်း-ဟူသော အချင်းချင်း ကာယကံမေတ္တာ, ဝစီကံမေတ္တာ, မနောကံမေတ္တာများကို ခံယူကြရသောကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာကြလျက် ကုသိုလ်တရားများ တိုးပွားကြပါသည်။

ထိုကဲ့သို့ အပြစ်တွေကင်း ကျန်းမာချမ်းသာခြင်း ဖြစ်ကြဖို့ရန်အတွက် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ ပဝါရဏာပြုကြရခြင်း ဖြစ်ပါသည်။

ပဝါရဏာဟူသည်

သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ကြွမြန်းတော်မူရာနေ့ဖြစ်လို့ “အဘိဓမ္မာအခါတော်နေ့ ” လို့ ခေါ်ဆိုကြသလို ဝါတွင်းသုံးလတို့ကာလပတ်လုံး ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များရဲ့ တစ်နေရာတည်းမှာ စုံညီစုဝေးလို့ ပဝါရဏာပြုရာနေ့ဖြစ်လို့ “သံဃပဝါရဏာနေ့” လို့လည်း တစ်နည်းခေါ်ဆိုကြပါတယ်။

ဒီနေရာလေးမှာ ပဝါရဏာပြုတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်အများစုဟာ “ပဝါရဏာ” ဆိုတဲ့စကားလုံးကို ကြားဖူးကြသလို ပဝါရဏာပြုခြင်းကိုလည်း မြင်ဖူး၊ ကြုံဖူးကြပေမယ့် အချို့က ပဝါရဏာပြုခြင်းရဲ့အကြောင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်ကို တိတိကျကျ မသိကြပါဘူး။

ဒါ့ကြောင့် ဘုရားသားတော်သံဃာတော်များရဲ့ သီတင်းကျွတ်လပြည့်နေ့ ရောက်လေတိုင်း ပဝါရဏာပြုကြခြင်းနဲ့ ပြုရခြင်းရဲ့ရည်ရွယ်ချက်တို့ကို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများ သိရှိနားလည်လို့ ကြည်ညိုသဒ္ဓါတရား ပွားများနိုင်ပါရန်အလို့ငှါ အနည်းငယ် တင်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ နားလည်ထားသင့်တာက ပဝါရဏာပြုတယ်ဆိုတာဟာ ဘုရားရှင်ရဲ့သာသနာတော်မှာသာရှိပြီး အခြားဘယ်ဘာသာတရားမှာမှ မရှိတဲ့ အလွန်ကောင်းမွန်တဲ့ အစဉ်အလာ အလေ့အထကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်။

“ပဝါရဏာ” ဆိုတာ ပါဠိစကားပါ။ မြန်မာလိုအဓိပ္ပါယ်က “ဖိတ်မံခြင်း”လို့ အဓိပ္ပါယ် ရပါတယ်။ ဘာတွေကို ဖိတ်မံသလဲဆိုရင် ရဟန်းသံဃာတော်တွေ အချင်းချင်း တစ်ပါးနှင့်တစ်ပါး အပြစ်တစ်စုံတစ်ရာတို့ကို မြင်အပ်သော်လည်းကောင်း….. ကြားအပ်သော်လည်းကောင်း….. ယုံမှားသံသယ ဖြစ်အပ်သော်လည်းကောင်း….. ထိုအပြစ်တို့ကို အချင်းချင်းအပြန်အလှန် အကျိုးလိုလားသောစိတ်၊ အပြုသဘောဆောင်သောစိတ်၊ ပြုပြင်ပေးလိုသောစိတ်တို့ဖြင့်ထောက်ပြပြောဆိုပြီး ပြုပြင်ထိန်းကျောင်း၊ စောင့်ရှောက်ပေးနိုင်ဖို့ရန်အတွက် အချင်းချင်း အပြန်အလှန် ဖိတ်မံခြင်းပါ။

သူ့အပြစ် ကိုယ့်အပြစ် အပြန်အလှန် ဝန်ခံပြောဆိုခြင်းဖြင့် …
“အချင်းချင်းညီညွတ်မှုရခြင်း၊ ဝမ်းမြောက် ဝမ်းသာစကား ပြောကြားရခြင်း၊ အချင်းချင်ငြင်းခုန်မှု မရှိရခြင်းနှင့် ချမ်းသာစွာနေရခြင်း” စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

လူပုဂ္ဂိုလ်များသည်လည်း သံဃာတော်များနည်းတူ သီတင်းဝါလကျွတ်လေတိုင်း မိမိတို့ထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ မိဘ၊ ဘိုးဘွား ဆရာသမားတို့နှင့် ကျေးဇူးရှိခဲ့ဖူးသူ ကျေးဇူးရှင်အပေါင်းတို့အား ကန်တော့ခြင်းနှင့် အပြစ်များရှိပါက ခွင့်လွှတ်ကြဖို့ရန် တောင်းပန်ခြင်း အလေ့အထသည် ပဝါရဏာမှပင် ဆင်းသက်လာသည်ဟု ယူဆရပေမည်။

သို့အတွက်ကြောင့် ယနေ့ခေတ်တွင် တိုင်းပြည်အတွက် အရေးပါဆုံးဖြစ်သည့် အစိုးရအဖွဲ့အစည်းမှစလို့ ပညာရေး၊ စီးပွားရေး၊ ကျန်မားရေးတို့နှင့်ဆက်စပ်၍ အစိုးရ+ပုဂ္ဂလိကအဖွဲ့များအပြင် အခြားအခြားသော ပရဟိတ အဖွဲ့အစည်းများ အလုပ်ရုံများအနေဖြင့်လည်း ဤကဲ့သို့ အလေ့အထမျိုးကို ကျင့်သုံးနိုင်ပါက အချင်းချင်နားလည်မှုများ ပိုမို၍ ရရှိနိုင်ကာ ပိုမို၍လည်း အောင်မြင်တိုးတက်နိုင်မည်ဟု ထင်မြင်မိပါသည်။

အပြစ်တွေ့ပြန်၊ ပြောကြားရန်၊ ဖိတ်မံပဝါရဏာ။
အပြစ်တွေ့ပြန်၊ ဆုံးမရန်၊ ဖိတ်မံပဝရဏာ။

အရှင်စန္ဒာတပ (အောင်လံ)

မြတ်စွာဘုရားရှင် ပဝါရဏာပြုပုံ

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ်ကဖြစ်သည်။ ထိုနှစ်သီတင်းကျွတ်လပြည့် ရဟန္တာငါးရာတို့ ဝိသုဒ္ဓိပဝါရဏာပြုပြီး၍၊ ညချမ်းအခါ ပုဗ္ဗာရုံကျောင်းဝင်း ဟင်းလင်းပြင်၌ မြတ်စွာဘုရားရှင်အား ခြံရံလျက်နေတော်မူကြလေ၏။မြတ်စွာဘုရားသည် အလွန်ငြိမ်သက်စွာ ထိုင်နေကြသော ရဟန်းတို့ကို စောင်းငဲ့ကြည့်ရှုတော်မူပြီး၍ သံဃာအား ပဝါရဏာပြုတော်မူ၏။

ဟန္ဒ ဒာနိ၊ ဘိက္ခဝေ၊ ပဝါရေမိ ဝေါ။ န စ မေ ကိဉ္စိ ဂရဟထ ကာယိကံ ဝါ ဝါစသိကံ ဝါ။

ရဟန်းတို့ ယခုအခါ၌၊ ငါဘုရားသည်၊ သင်တို့အားဖိတ်ကြားပါ၏။ ငါ၏တစ်စုံတစ်ခုသော၊ ကိုယ်အမူအရာ နှုတ်အမူအရာကိို သင်တိို့ကဲဲ့ရဲဲ့လိိုကြကုန်သလော။ ကဲဲ့ရဲဲ့လိိုက ကဲဲ့ရဲဲ့ကြပါကုန်လော့။ ပြောဆိိုလိိုက ပြောဆိိုကြကုန်လော့။ ငါဘုရားဖိတ်ကြား၏..ထိုအခါဝယ် လက်တော်ရံ အဂ္ဂသာဝကမထေရ်မြတ်ကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာက ပြန်ကြားလျှောက်ထားလေ၏။

မြတ်စွာဘုရား…၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့်ပတ်သက်၍ မကဲ့ရဲ့လိုကြပါကုန်..မြတ်စွာဘုရား…၊ ထိုစကားသည် မှန်လှစွာ၏။ မြတ်စွာဘုရားသခင်သည် သူတစ်ပါးတို့ မဖြစ်စေနိုင်သော နိဗ္ဗာန်သို့သွား မဂ်တရားကိုဖြစ်စေနိုင်ပါ၏။ မသိစေနိုင်သော မဂ်တရားကို သိစေနိုင်ပါ၏။ မဟောပြောနိုင်ကြသော မဂ်တရားကို ဟောကြားတော်မူနိုင်ပါ၏။ မဂ်တရားကို ထိုးထွင်း၍ သိတော်မူပါ၏။ မြင်တော်မူပါ၏။ မဂ်တရား၌ ကျွမ်းကျင်ပိုင်နိုင်တော်မူပါ၏။

မြတ်စွာဘုရား…။ ဤရဟန်းငါးရာတို့သည် မြတ်စွာဘုရား၏မဂ်တရားသို့ အစဉ်လိုက်ကြကုန်၍ ယခုအခါ၌ ထိုမဂ်တရားနှင့်ပြည့်စုံကြပြီးလျှင် နေထိုင်လျက်ရှိကြပါကုန်၏ဘုရား…ဟု လျှောက်ထား၏။ အရှင်သာရိပုတ္တရာ ဗုဒ္ဓအား ပဝါရဏာပြုဖိတ်ကြားပုံ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည်၊ မြတ်စွာဘုရားရှင်ကပဝါရဏာပြုဖိတ်ကြားသည်ကို အထက်ပါအတိုင်း ပြန်ကြားလျှောက်ထားပြီး၍၊ဤသို့ ပဝါရဏာပြုရန်ဖိတ်ကြားလေ၏။

အဟဉ္စ ခေါ၊ ဘန္တေ၊ ဘဂဝန္တံ ပဝါရေမိ။ န စ မေ ဘဂဝါ ကိဉ္စိ ဂရဟတိ ကာယိကံ ဝါ ဝါစသိကံ ဝါ။

မြတ်စွာဘုရား…၊ ကျွန်ုပ်သည်လည်း မြတ်စွာဘုရားရှင်ကိို ဖိတ်ကြားပါ၏။ မြတ်စွာဘုရားသည် အကျွန််ု၏တစ်စုံတစ်ခုသောကိိုယ်အမူအရာ၊ နှုတ်အမူအရာကိို ကဲဲ့ရဲဲ့တော်မူပါလိိုသလော။ (တစ်စ်စုံတစ်ခုသော ကဲ့ရဲ့စရာ ကိုယ်အမူအရာ၊ နှုတ်အမူအရာရှိပါက ကဲ့ရဲ့တော်မူပါ၊ မိန့်တော်မူပါဘုရား..။ အကျွန်ုပ်ပြုပြင်ကုစားပါမည်ဘုရား)…ထိုအခါ မြတ်စွာဘုရားသည်၊ အရှင်သာရိပုတ္တရာအား ဤသို့မိန့်တော်မူလေ၏။

သာရိပုတ္တရာ…၊ သင်၌ ကဲ့ရဲ့စရာ တစ်စုံတစ်ခုသော ကိုယ်အမူအရာ၊ နှုတ်အမူအရာမရှိရုံမျှမကသေး၊ သင်သည် ကြီးမားသောပညာရှိဖြစ်၏။ ပဏ္ဍိတပုဂ္ဂိုလ်ဖြစ်၏။ မဟာပညာ (ကြီးသောပညာ) ရှိ၏။ ပုထုပညာ (မြေကြီးအထုနှင့်တူသောပညာ) ရှိ၏။ ဟာသာပညာ (ရွှင်သောပညာ) ရှိ၏။ ဇဝနပညာ (လျင်မြန်သောပညာ) ရှိ၏။ တိက္ခပညာ (ထက်သောပညာ) ရှိ၏။ နိဗ္ဗေဒိကပညာ (ထိုးထွင်းနိုင်သောပညာ) ရှိ၏.. စကြာမင်း၏သားတော်ကြီးသည်၊ ခမည်းတော် လေးကျွန်လည်စေအပ်သော စကြာရတနာကို အတုလိုက်၍ လည်စေသကဲ့သို့၊ သင်သည်ငါဘုရားလည်စေအပ်သော ဓမ္မဒေသနာ တရားစကြာကို ကောင်းစွာလည်စေနိုင်ပါပေ၏.. ဟု ချီးမွမ်းမိန့်ကြားတော်မူ၏။ အရှင်သာရိပုတ္တရာသည် ရဟန်းငါးရာကိိုယ်စား မြတ်စွာဘုရားရှင်အား ပဝါရဏာပြုပုံထို့နောက် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် ရဟန်းငါးရာတို့၏ကိုယ်စား မြတ်စွာဘုရားရှင်အား ပဝါရဏာပြုတော်မူရန် ဖိတ်ကြားခြင်းပြုတော်မူ၏။

မြတ်စွာဘုရား…။ မြတ်စွာဘုရားသည် အကျွန်ုပ်၏တစ်စုံတစ်ခုသော ကိုယ်အမူအရာ နှုတ်အမူကို မကဲ့ရဲ့လိုပါငြားအံ့..

ဣမေသံ ပန၊ ဘန္တေ၊ ဘဂဝါ ပဉ္စန္နံ ဘိက္ခုသတာနံ န ကိဉ္စိ ဂရဟတိ ကာယိကံ ဝါ ဝါစသိကံ ဝါ။

မြတ်စွာဘုရား..။ ဤရဟန်းငါးရာတို့၏ကိုယ်စား အကျွန်ုပ်သည်မြတ်စွာဘုရားအား ဖိတ်ကြားပါ၏။ မြတ်စွာဘုရား..။ မြတ်စွာဘုရားသည် ဤရဟန်းငါးရာတို့၏ တစ်စုံတစ်ခုသော ကိုယ်အမူအရာ၊ နှုတ်အမူအရာကိုကဲ့ရဲ့တော်မူလိုပါသလော..။ (အကယ်၍၊ ထိုရဟန်းတို့၏ ကဲ့ရဲ့စရာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ တစ်စုံတစ်ခုရှိပါက ကဲ့ရဲ့တော်မူပါ၊ မိန့်ဆိုတော်မူပါ။ ထိုရဟန်းငါးရာတို့သည် ပြုပြင်၍ ကုစားကြပါမည် မြတ်စွာဘုရား) ဟု အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက လျှောက်ထားလေ၏။

မြတ်စွာဘုရား ပြန်လည်မိန့်ကြားတော်မူပုံ
သာရိပုတ္တရာ…။ ဤရဟန်းငါးရာတို့၏ တစ်စုံတစ်ခုသောကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို ငါဘုရားမကဲ့ရဲ့လိုပါ။ သာရိပုတ္တရာ၊ဤရဟန်းငါရာတို့တွင် ရဟန်းခြောက်ဆယ်တို့သည် ပုဗ္ဗေနိဝါသ၊ ဒိဗ္ဗစက္ခု၊အာသဝက္ခယ (ပု-ဒိ-အာ) ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံကုန်၏။ ရဟန်းခြောက်ဆယ်တို့သည် အဘိညာဉ်ခြောက်ပါးနှင့်ပြည့်စုံကြကုန်၏။ ရဟန်းခြောက်ဆယ်တို့သည်သမာဓိ၊ ပညာ နှစ်ပါးသော အဖို့အစုအားဖြင့် ကိလေသာမှလွတ်ကုန်၏။ ကင်းသောရဟန်းတို့ကား ပညာ၏အစွမ်းအားဖြင့် ကိလေသာမှလွတ်ကုန်၏။ ရဟန္တာတို့ချည်း ဖြစ်ကြကုန်၏.. ဤသည်တို့သည်ကား မြတ်စွာဘုရားရှင် ပဝါရဏာပြုတော်မူပုံဖြစ်သည်ဟု၊ သုတ္တန်ပိဋကတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်-၁၉၂ တွင်လည်းကောင်း၊ ၎င်းပါဠိတော် မြန်မာပြန် (ပ) ၁၈၀ တွင်လည်းကောင်း ဖော်ပြပါရှိပါသည်။

သိကြားမင်းနှင့် နတ်တို့ ပဝါရဏာပြုကြပုံတာဝတိံသာနတ်ပြည်၊ သုဓမ္မာနတ်သဘင်အစည်းအဝေးကြီးလေးရပ် ကျင်းပစမြဲဖြစ်၏။ ၎င်းနတ်သဘင်အစည်းအဝေးကြီး လေးရပ်တို့မှာ၊ (၁) ဝါဆိုသံဃာတော်များအား ချီးမြောက်ရန် (၂) ပဝါရဏာပြုသော သံဃာအား ချီးမြောက်ရန် (၃) တရားဓမ္မနာကြားကြရန် (၄) ပင်လယ်ကသစ်ပန်းပွဲတော် ဆင်ယင်ကျင်းပကြရန်ဟူသည့် သုဓမ္မာနတ်သဘင် အစည်းအဝေးကြီးလေးရပ် ကျင်းပလေ၏။

ထိုအစည်းအဝေးလေးရပ်တို့တွင် ၁၊ ၂၊ ၃ အစည်းအဝေးများသည်ဓမ္မကိစ္စအတွက်ဖြစ်၏။ အမှတ် (၄) အစည်းအဝေးသည် ဒေဝကီဠနလောကီကိစ္စသက်သက်ဖြစ်သည်။ အမှတ် (၁) အစည်းအဝေးသည် လူ့လောက၌ ဝါဆိုတော်မူကြမည့်သံဃာတော်များအား ဘေးရန်ကင်းစွာ သီတင်းသုံးနေထိုင်နိုင်ကြရေးအတွက်နတ်တို့က စောင့်ရှောက်ကြရန် တာဝန်ခွဲဝေပေးကြသော အစည်းအဝေးဖြစ်၏။ အမှတ် (၂) အစည်းအဝေးကား၊ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာပြုကြသော သံဃာတော်များအား ဘေးရန်ကင်းစွာ သွားလာနိုင်စေရေးအတွက် အကူအညီများပေးနိုင်ရန် စီစဉ်သော အစည်းအဝေးဖြစ်၏။ တရားနာယူရန်၊ ဘုရားဖူးရန် လာကြသော ရဟန်းသံဃာများအားလမ်းခရီးအန္တရာယ်ကင်းစွာ သွားလာရေးချောမောပြေပြစ်အောင် တာဝန်ယူကြရေးအတွက်လည်း ပါဝင်သည်။

သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များ ပဝါရဏာပြုကြသကဲ့သို့၊ သိကြားမင်းနှင့် နတ်အပေါင်းတို့သည်လည်း ပဝါရဏာ ပြုကြ၏။ ရဟန်းတော်တို့သည် ပါတိမောက္ခသံဝရသီလ (၂၂၇) သိက္ခာပုဒ်စင်ကြယ်ရန်အတွက် ပဝါရဏာပြုကြရ၏။ နတ်တို့ကား မိမိတို့၏ နတ်စည်းစိမ်တည်တံ့နိုင်ရန်အကျိုးအတွက်လည်းကောင်း၊ မိမိတို့ သီလသန့်ရှင်းစေရန်အကျိုးအတွက်လည်းကောင်း၊ ငါးပါးသီလကို အမြဲစောင့်ထိန်းကုန်ရကားထိုသီလစင်ကြယ်ရေးအတွက် ပဝါရဏာပြုကြကုန်၏။ နတ်ပြည်ပဝါရဏာသည်ကား သာသနာအခါကာလ၌လည်းရှိသည်ဟူ၍ ယူဆကြရာ၏။ လူ့ပြည်ရဟန်းတော်တို့၏ ပဝါရဏာကားသာသနာတွင်း၌သာ ရှိလေ၏။ သိကြားမင်းသည် ပိယင်္ဂုကျွန်း မဟာဝိဟာရကျောင်းသို့သွား၍၊ ထိုကျောင်း၌ ပဝါရဏာပြု၏။ အခြားသောနတ်တို့ကား နတ်ပန်း၊ နတ်စန္ဒကူးနံ့သာတို့ကို ယူဆောင်ကြကာ မိမိနှစ်သက်ရာသို့သွားကြ၍ ထိုအရပ်တို့၌ပဝါရဏာပြုကြလေကုန်၏။

ပဝါရဏာပြုပုံကားဝိနည်းပိဋကတ်၊ မဟာဝါပါဠိတော်နှင့်၊ ဘာသာဋီကာ၌ ပဝါရဏာပြုသော သံဃာတော်အား ထိုနတ်ပန်း၊ နတ်စန္ဒကူးနံ့သာတို့ ကပ်လှူခြင်းသည်ပင် ပဝါရဏာပြုသည်ဟု ဆိုလိုကြောင်းဖြင့် မှတ်ချက်ပြုသည်ကို တွေ့ရ၏။၎င်းင်းမှတ်ချက်သည် တကယ်တန်းအားဖြင့် ပဝါရဏာပြုခြင်းနှင့်မဆိုင်ဟုထင်ပါသည်။ အမှန်စင်စစ်ကား သိကြားမင်းနှင့် နတ်တို့သည်၊ သံဃာတော်၏ အထံ၌သာ ပဝါရဏာပြုကြရမည်ဖြစ်သည်။

သိကြား၊ နတ်တို့ ပဝါရဏာပြုလာကြသောအခါ အဘိညာဉ်ရသောရဟန်းတို့ကသာလျှင် မြင်ရကြားကြရကုန်၏။ တစ်ပါးသော ရဟန်းတော်တို့အဖို့ မသိမမြင်နိုင်ကြကုန်ရာ။ ဤနေရာ၌ ရဟန်းတို့ မြင်ခြင်းကြားခြင်း၊ မမြင်ခြင်း မကြားခြင်းကား ပဓာနမဟုတ်။ မိမိတို့ ငါးပါးသီလစင်ကြယ်ရေးကို ပဓာနထား၍ ပဝါရဏာပြုကြခြင်းသာ အဓိကဖြစ်၏။ သိကြားမင်းနှင့် နတ်တို့သည်ရဟန်းသံဃာတော်များ ပဝါရဏာပြုသကဲ့သို့ ပဝါရဏာပြုကြသည်ဟု ဆိုပါသည်။သံဃာတော်တို့ထံ ပဝါရဏာပြုရန် လျှောက်ထားပုံ

သံဃံ ဘန္တေ ပဝါရေမိ၊ သြဝဒန္တုမံ အာယသ္မန္တော၊ နိစ္စသီလေန အနုကမ္မံ ဥပါဒါယ။

နတ်တို့သည် အထက်ပါစကားဖြင့်လည်းကောင်း၊ အခြားနည်းတူစကားဖြင့်လည်းကောင်း သံဃာတော်ထံလျှောက်ထား၍ ပဝါရဏာပြုကြကုန်၏။

အဘိညာဉ်မရသော သံဃာဖြစ်သော်လည်း သံဃာအား ဖိတ်ကြားခြင်း၊အသိပေးခြင်း၊ အရိုအသေပြုခြင်းအားဖြင့် သံဃာထံ၌ ပဝါရဏာပြုကြကုန်၏။ သာသနာပအခါကာလဖြစ်ခဲ့သော်သိကြားမင်းနှင့်နတ်တို့ အပြန်အလှန်ပြုကြ၍သော်လည်းကောင်း၊တရားဟောကြားပေးရန် ရောက်ရှိလာသော ဗြဟ္မာမင်းတို့အထံ၌သော်လည်းကောင်း၊ ဘုရားအလောင်းတော်စသည် ရသေ့တို့၏အထံ၌သော်လည်းကောင်း၊ပဝါရဏကာပြုကြကုန်၏။ ထိုသို့မဟုတ်မူ၍ သိကြားမင်းနှင့်တကွ နတ်အပေါင်းတို့သည်၊ မိမိတစ်ဦးသော်လည်း၊ “အကျွန်ုပ်သည် ငါးပါးသီလ စင်ကြယ်ရန် လုံ့လပြုပါအံ့” ဟု အဓိဋ္ဌာန်ပြု၍၊ ပဝါရဏာပြုနိုင်ကြ၏။ဤသည်တို့သည်ကား၊ ဒီဃနိကာယ်ပါဠိတော်၊ အဋ္ဌကထာ ၂၄၁၊၂၃၂၊ ၎င်း ဋီကာ ၂၁၉ နှင့် ဘာသာဋီကာ ၉၂ တို့၌ ဖော်ပြပါရှိသော “သက္ကောပဝါရေတိ” ဟူသော ပါဋ္ဌိကိုရှု၍ ဖော်ပြအပ်ပါသော သိကြား၊ နတ်တို့ ပဝါရဏာ ပြုကြပုံအကြောင်းများပင် ဖြစ်ပေသည်။

ဓမ္မဝီရ- သန္တာအောင်
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ရန်ကုန်မြို့။

ပဝါရဏာမှ ပေးသော အတွေးများ (၂ )

ဒီနေရာမှာ နောက်ထပ် သီတင်းကျွတ်လရဲ့ ပွဲတော်များထဲမှ တစ်ခုဖြစ်တဲ့ ပဝါရဏာပွဲတော် အကြောင်း နဲနဲထပ်ပြီး တင်ပြပါရစေ-

ပဝါရဏာဆိုတာ သိမ်ကျောင်းဆောင်တခုတွင်းဝယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တပါးနှင့်တပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြား ခြင်း ဖြစ်တယ်။

မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ, ကြားလျှင်ဖြစ်စေ, မယုံသင်္ကာရှိလျှင်ဖြစ်စေ ပြောပြဖို့ဖိတ်မန် ပန်ကြားတာပါပဲ။ ဘာကြောင့် ဒီလို ပန်ကြားကြရတာလဲဆိုရင် ကိုယ့်အပြစ်ကို အခြား သူများကသာ ပိုသိပြီး, ပိုမြင်တတ်ပြီး ကိုယ့်ဟာကိုယ်တော့ မသိတာ မမြင်တာလဲ ရှိနေတတ်တယ်။

အဲဒီလို ကိုယ့်မှာအပြစ်ရှိနေရင် အခြားရဟန်းများက ပြောပြညွှန်ပြဖို့၊ အဲဒီလို ညွှန်ပြ ပြောပြတဲ့ အခါမှ မိမိရဲ့ အပြစ်ကိုသိရရင် အပြစ်ကင်းအောင် ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဖို့ပါပဲ။

ပြောပြလာတဲ့ အပြစ်ကို ပြန်လည်ကုစားဖို့၊ ပြန်လည်ဆင်ခြင်ပြီး နောင်မမှားရအောင် ပြုပြင်နေ ထိုင်ဖို့၊ အပြစ်များကို ဆေးကြောဖို့ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ အများကြီးပါဝင်ပါတယ်၊ အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး, ဈာန် မဂ် ဖိုလ် တရားထူးရရေးများအတွက် အင်မ တန် ကောင်းတဲ့အစီအစဉ်ပါပဲ။

မြတ်စွာဘုရားကိုယ်တော်တိုင် သဂါထာဝဂ္ဂသံယုတ်၊ ပဝါရဏာသုတ်မှာ ဟန္ဒ ဒါနိ ဘိက္ခဝေ၊ ပဝါရေမိ ဝေါ၊ န စ မေ ကိဉ္စိ ဂရဟထ ကာယိကံ ဝါ ဝါစသိကံ ဝါ၊ ၊ (ငါဘုရား၏ ကိုယ်နှုတ်အမူအရာ တစ်စုံတစ်ရာကို ကဲ့ရဲ့ဖွယ်ရှိလျှင် ပြောဆိုကြကုန်၊ ထိုသို့ဝေဖန်ပြောဆိုခြင်းကို ငါဘုရားလိုလားတော် မူ၏ )

အရှင်သာရိပုတ္တရာမထေရ်မြတ်ကလည်း ပြန်လည် ဖိတ်မန်တော်မူပါသည်၊ (ရှင်တော်မြတ် ဘုရား… တပည့်တော်ကလည်း ရှင်တော်ဘုရားကို ဖိတ်မန်ပါ၏။ ဘုန်းတော် ကြီးဘုရားသည် တပည့်တော်၏ တစ်စုံတစ်ခု ကာယကံ, ဝစီကံမှုကို မကဲ့ရဲ့ဘဲရှိပါ၏လားဘုရား။ )

နောက်ရဟန္တာငါးရာရဲ့ကိုယ်စား အရှင်သာရိပုတ္တရာမထေရ်မြတ်မှာ ဖိတ်မန်ပေးတော်မူပါ သည်၊ (ဘုန်းတော်ကြီးဘုရားသည် တပည့်တော်၏ တစ်စုံတစ်ခု ကာယကံ, ဝစီကံမှုကိုမျှ ကဲ့ရဲ့ဖွယ်မရှိဟု မိန့်တော်မူ၏။ သို့ဖြစ်လျှင် တပည့်တော်မှတစ်ပါး ဤရဟန်းတော် ငါးရာ တို့၏ တစ်စုံတစ်ခု ကာယကံ,ဝစီကံမှုကိုကော မကဲ့ရဲ့ပဲရှိပါ၏လားဘုရား။)

သဂါထာဝဂ္ဂသံယုတ်မြန်မာဘာသာဋီကာ

ဒီသုတ်တော်ကို ဖတ်ရှုကြည်ညိုပြီး မိမိကိုယ်တိုင် သူတပါးတို့ကို အပြစ်တွေ့က ပြောပြဖို့ ဖိတ်မန်ခြင်း၊ ဖိတ်မန်လာသူတို့အပေါ်မှာ မေတ္တာကရုဏာကြီးမားစွာထားလျှက် ပြောပြပေးရခြင်း၊ ပြောပြလာသူတို့ကိုလည်း ကျေးဇူးတင် ခွင့်လွှတ် ချီးကျူးခြင်း၊ မိမိအပြစ်ကို သိမြင် ပြုပြင်ကုစားခြင်း စသောကောင်းမြတ်တဲ့ကျင့်ဝတ်များက မြတ်စွာဘုရားသာသနာတော်အတွက် ကြီးပွားတိုးတက်ကြောင်းပါပဲ၊

ဒါကြောင့် အလေးပြုပြီးတော့ စိတ်စေတနာ ထက်သန်စွာနဲ့ ဖိတ်မတ်ပန်ကြားသင့်ပါတယ်။ ပန်ကြားတဲ့အတိုင်း သူတပါးက ပြောဆိုလာရင်လဲ ဝမ်းမြောက်ဝမ်းသာနဲ့ မိမိ၏အပြစ်ကို ကုစား ပြုပြင်ရပါ့မယ်၊ အဲဒီလိုပဲ ကိုယ်တိုင်မသိတဲ့အပြစ်ကို ပြောပြသူအား ဝမ်းမြောက်စွာနဲ့ လက်ခံပြီး ကျေးဇူးတင်ရပါ့မယ်၊ ဒါဟာ ဗုဒ္ဓသာသနာ စင်ကြယ်ရေးအတွက် အလွန်သင့်မြတ်တဲ့ ကျင့်ဝတ်ပါပဲ။ ဝတ်ကြေတန်းကြေ သဘောမထားပဲ စိတ်စေတနာထက်သန်စွာဖြင့် ဖိတ်မန်ပန်ကြားလျှင် အဲဒီ ဖိတ်မန်ပန်ကြားဆဲမှာလဲ ထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်၊

အချင်းချင်း သူတပါးအား ပြောစရာ ရှိယင်လဲ မိမိက ပြောရန်၊ သူတပါးက မိမိ၏ အပြစ်ကို ပြောလာယင်လဲ ဝမ်းမြောက်စွာနဲ့ လက်ခံပြီး စင်ကြယ်အောင် ပြုပြင်ကုစားသွားရန် အဲဒီလို သဘောထားပြီး ကျင့်ရန်အတွက် မြတ်စွာဘုရားက ပညတ်တော်မူခဲ့တဲ့ကျင့်ဝတ်ပါပဲ။ ဒါကို ပဝါရဏာ ပြုတယ်လို့ ခေါ်ပါတယ်၊

ဒီပဝါရဏာပြုတဲ့သဘောဟာ အလွန်ကောင်းမွန်တဲ့အတွက် ရဟန်းတော်များသာမက နတ်များ လည်း ပဝါရဏာပြုကြတယ်လို့ သင်ခဲ့ ဖတ်ခဲ့ဖူးပါတယ်၊

(ဒီဃနိကာယ်၊ မဟာဝါအဋ္ဌကထာ ၂ ၊ ၂၄၁၊၁၄၂ )(ဒီ-ဋီ၊ ၂၊ ၂၁၉)။ ) စာပေတွေထဲမှာ ဒီလို တွေ့ခဲ့ဖူးပါတယ်၊

(၁) မဟာပဝါရဏာယပိ ပုဏ္ဏမဒိ၀သေ သန္နိပတိတွာ “အဇ္ဇ ကတ္ထ ဂန္တွာ ကဿ သန္တိကေ ပဝါရေဿာမာ”တိ မန္တေန္တိ။ တတ္ထ သက္ကော ဒေဝါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ ၀ ပဝါရေတိ။ သေသာ ဒေဝတာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာန်ိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပဝါရေန္တိ။ ဧဝံ ပဝါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။

(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)

(၂) တာဝတိံသာ, ဧကစ္စေ စ စာတုမဟာရာဇိကာ ယထာလဒ္ဓါယ သမ္ပတ္တိယာ ထာဝရ ဘာဝါယ, အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊ တေ တဿ ဝိသောဓနတ္ထံ ပဝါရဏာသင်္ဂဟံ ကရောန္တိ။ တေန ဝုတ္တံ “မဟာပဝါရဏာယာ”တိ အာဒိ။ (ဒီ-ဋီ၊ ၂၊ ၂၁၉)။

အဓိပ္ပါယ်က –

(၁) သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာဝတိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက် “ယနေ့ အဘယ်နေရာသို့ သွား၍ အဘယ်ပုဂ္ဂိုလ်ဆီမှာ ပဝါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင် သိကြားမင်းသည် များသော အားဖြင့် ပိယင်္ဂုကျွန်း၌ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင် ပဝါရဏာပြုရန် သွား ရောက်ပြီး အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍ မိမိတို့နှစ်သက်ရာ မနာပဌာနဖြစ်ရာအရပ်သို့ သွားကြ၍ ပဝါရဏာ ပြုကြပါတယ်၊

(၂)ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါလည်း ကောင်း၊ နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်အလို့ငှါလည်းကောင်း, ငါးပါးသီလကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်၊ ထိုကဲ့သို့ အပြစ်များကို သုတ်သင်စင်ကြယ်စေခြင်းငှာ ပဝါရဏာ စုပေါင်း ပြုကြကုန်တယ်၊ ဒါကို မဟာပဝါရဏာပြုကြတယ် ဟု ခေါ်ဝေါ်ကြပါတယ်၊

နတ်ပြည်မှာရှိတဲ့ နတ်သား နတ်သမီးတွဆိုတာ နတ်ပြည်မှာ ကုသိုလ်ကံအရှိန်နဲ့ နေကြရတာ ဖြစ်ပါတယ်၊ အဲဒီလို နေနရင်း အညစ်အကြေးအစွန်းအထင်းတွေကြောင့် နတ်သက်တမ်းတွေ တိုမသွား အောင် နတ်ပြည်မှာ နတ်စည်းစိမ်တွေ ထာဝရမြဲနေအောင် အကုသိုလ်အညစ်တွေ စင်ကြယ်သထက် စင်ကြယ်ပြီး ကုသိုလ်အရှိန်တွေ ကောင်းသထက်ကောင်းလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နတ်ပြည် မှာလည်း နတ်တွေဟာ ပဝရဏာပြုကြတယ်၊ အလွန်ကောင်းတဲ့ အလေ့အထတစ်ခုပါ၊ ဒါကြောင့် နတ်တွေလည်း ပဝါရဏာပြုကြတယ် လို့ မှတ်ရမယ်၊

လူလောကမှာနေတဲ့ လူဝတ်ကြောင်တွေလည်း ပဝါရဏာပြုကြပါတယ်၊ ဘာကြောင့်လည်းဆို တော့ သီတင်းကျွတ်လပြည့်ရောက်ရင် မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးတဲ့ ပုဂ္ဂိုလ်တွေကို ကန်တော့တယ်၊ မိဘ ဆရာသမားတွေကို ကန်တော့တယ်ဆိုတာ ရဟန်းတော်တွေ ပဝါရဏာပြုတဲ့ အလေ့အထက ဆင်းသက်ပေါက်ဖွားလာတယ်လို့ ထင်ပါတယ်၊

သက်ကြီးဝါကြီး အဘိုးအဘွား မိဘဆရာသမားများကို သီတင်းကျွတ်မှာ လိုက်လံကန်တော့ ကြတဲ့အခါ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးဖြင့် ပြစ်မှားမိသည့်ရှိသော် ဆိုပြီး မိမိရဲ့ အပြစ် တွေကို ပြောပြပြီး ခွင့်လွှတ်ဖို့ ဖိတ်မာန်ပန်ကြားတဲ့ စကားလေးဟာ ရဟန်းတော်အချင်းချင်း ပဝါရဏာ ပြုတဲ့စကားနဲ့ အတူတူပါပဲ၊ ဒါကြောင့် သီတင်းကျွတ်မှာ သက်ကြီးဝါကြီးအဘိုးအဘွား မိဘ ဆရာသ မားများကို ကန်တော့တာဟာ လူတွေအတွက် ပဝါရဏာပြုတာပါပဲ၊ ဒါလည်း ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ၊

ဒါပေမဲ့ တော်တော်များများက သီတင်းကျွတ်မှာ ကန်တော့တာဟာ ရိုးရာထုံးစံတစ်ခုလိုပဲ သဘောထားကြတော့တယ်၊ သိပ်ပြီး အလေးအနက်ထားရကောင်းမှန်း မသိကြတော့ဘူး၊ ဒီလို ပဝါရဏာပြုတဲ့ အလေ့အထလေးဟာ နတ်ပြည်စည်းစိမ်တွေကို ခိုင်မြဲစေတယ်၊

အကုသိုလ်အညစ်အ ကြေးတွေက ဖြူစင်သန့်ရှင်းစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာနဲ့ ချစ်ချစ်ခင်ခင် အေးအေး ချမ်းချမ်း နေနိုင်တယ်၊ လောကထဲက လူတွေ အချင်းချင်း ညီညွှတ်မှုကို ပိုပြီးဖြစ်စေတယ် ဒီလို အတွေးမျိုးနဲ့ မွန်မြတ်တဲ့လုပ်ငန်းတစ်ခုလို့ မထင်တော့ဘူး၊ သာမာန်ရိုးရာတစ်ခုလိုပဲ သဘောထားကြ တော့တယ်၊ အလေ့ထကောင်းလေးပေမဲ့ မွန်မြတ်တဲ့အဓိပ္ပါယ်သက်ရောက်မှုရှိအောင် မဆောင်ရွက်နိုင် ကြတော့ဘူး၊

ဒီပဝါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်း သာသာ နေနိုင်မယ့် လမ်းညွှန်မှုလို့ယူဆကာ လိုက်နာကျင့်သုံးကြရင် အရမ်းကောင်းတဲ့ အလေ့အထ လေး ဖြစ်မှာပါပဲ။ ဒါဟာ ပဝါရဏာက ပေးတဲ့ လောကငြိမ်းချမ်းရေးပေါ့။

ပဝါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကလူသားတွေအတွက် တကယ့်ကို အတုယူ လိုက်နာကျင့်သုံးသင့်တယ်၊ “သံဃာတော်များ ဘုရား တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲဖြစ်ဖြစ် ပြောပြကြပါ၊ သံဃာကပြောပြတဲ့အပြစ်ကို တပည့်တော် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင် သတိထားပြီး နေထိုင်ပါ မယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။

လူတိုင်းဟာ ဒီလို ကိုယ့်အပြစ်ကို ပြောပြဖို့တိုက်တွန်းပြီး ပြုပြင်မယ်ဆိုရင် အရမ်းကောင်းတဲ့ အပြုအမူအလေ့အကျင့်လေးဖြစ်မှာပါပဲ။ သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ် မလုပ်ဖူး၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် မိမိအပြစ်ကို အပြစ်လို့မမြင်သူတွေ၊ မိမိရဲ့ အမှားကို အမှားလို့ ထောက်ပြညွှန်ပြ လမ်းမှန်ပြသမဲ့သူမရှိ ဆက်လက်မှားယွင်းနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ မိမိအမှားကို ထောက်ပြညွှန်ပြပေမဲ့ အမှန်ကို ပြုပြင်နိုင်တဲ့သူတွေလည်း နဲနေပါသေးတယ်၊

ပိုဆိုးတာက မိမိရဲ့အပြစ်ကို ပြောပြဆိုဆုံးမပေးဖို့ ဖိတ်ကြားပန်ကြားရဲတဲ့သူတွေ သိပ်မရှိပါ ဘူး၊ မိမိအပြစ်ကို ပြောပြဆိုဆုံးမလာရင်လည်း ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်စွမ်း လည်း အားနည်းနေပါသေးတယ်၊ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ် အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်မယ်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ ယနေ့ခေတ် လောကကြီးထဲမှာ ဘယ်သူမှ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာ မဟုတ်ပါဘူး။ ဆက်လက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွား ၊ ရန်ငြိုးထား ကလဲ့စားချေဆိုတဲ့ သံသရာထဲမှာပဲ တဝဲလည်လည် ဖြစ်နေအုံး မှာပါပဲ၊

အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေကြတာတွေ များပါတယ်၊ ဒီလိုဖြစ်နေရင် ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်း သာသာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေးဆိုတာနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်သာ ဘုရားရှင်က ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပဝါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာပညတ်တော်မူထားခြင်း ဖြစ်တယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကိုပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီး ဘဝကို မြင့်မားစေတာ ဖြစ်ပါတယ်။

ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘဝမှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ် လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ်ခံယူကာ လက်ခံပြုပြင် နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။

အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေးလာနေမှာဖြစ်ပြီး ဒီလို ကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာ ကိုက အတ္တသမာပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန် အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါ တယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပဝါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေအနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပဝါရဏာပြုကြည့်ကြဖို့ပါ။

တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင် ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယ ရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ် တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှား နည်းပြီး အများနဲ့တသားထဲဖြစ်ပါလိမ့်မယ်၊ အဲဒီလို အများနဲ့တသားထဲဖြစ်ပြီး ညီညွှတ်ကြမယ်ဆိုရင် အရာအားလုံးအောင်မြင်ပြီး လောကကြီးအတွက် တကယ့်ကို အေးငြိမ်းစေနိုင်ပါလိမ့်မယ်၊ ဒါဆို ပဝါရဏာဆိုတာ ရဟန်းတွေသာမက လူပုဂ္ဂိုလ်တွေလည်း အချင်းချင်း ပဝါရဏာပြုသင့်တယ် ဆိုတာ နားလည်နိုင်မယ် ထင်ပါတယ်၊

ဒါနဲ့ပတ်သက်ပြီး ကဗျာလေးတစ်ပုဒ်ကို သတိရမိတယ်၊ အလှဆင်သူ တဲ့၊ ဒီကဗျာလေးက တကယ်တော့ သူ့အပြစ် ကိုယ့်အပြစ်ကို မြင်ပြီး အမှန်ကိုပြင်လည်ပြုပြင်မှ ဘဝဟာ လှပတယ်ဆိုတဲ့ ကဗျာလေးပါ၊

အမှားသိမြင် အမှန်ပြင်၍
အလှဆင်မှ အစဉ်လှမည် ၊

ဆိုတဲ့ စကားလေးလိုပဲ အမှားသိမြင်ဖို့ ပဝါရဏာပြုပါ၊ ပြီးတော့ အမှန်ပြင်ပါ၊ ဒါမှသာ ဘဝဟာ လှပပါလိမ့်မယ်၊ လောကဟာလဲ ငြိမ်းချမ်းပါလိမ့်မယ်၊

အလှဆင်သူ

ပတ်ဝန်းကျင်မှား သတိထား၍
ကိုယ့်မှားပြင်သူ တစ်ယောက်သူ။

ကိုယ့်ရဲ့အမှား သတိထား၍
နောင်မမှားသူ တစ်ယောက်သူ။

ကိုယ့်မှားသူ့မှား မကြည့်အားဘဲ
အမှားဆက်သူ တစ်ယောက်သူ။

ထိုသူသုံးပါး သတိထားလျှက်
အမှားသိမြင် အမှန်ပြင်၍
အလှဆင်မှ အစဉ်လှမည်
လောက ပွင့်လန်းပေလိမ့်မည်။ ။

အရှင်သီလာနန္ဒာဘိဝံသ(မြစကြာ)(၁၅- ၁၁- ၂၀၀၈)

ဒါကြောင့် အားလုံးသောဘဝများ လှပငြိမ်းချမ်းဖို့ ၊ လောကကြီးတစ်ခုလုံး အေးချမ်စေဖို့ အားလုံး ပဝါရဏာ ပြုနိုင်ကြပါစေ…

အရှင်သုဝီရ၊ (မဟာဂန္ဓာရုံ၊)၏ ပို့စ်ကို ပြန်လည်ဝေငှပါသည်။

References