အာနာပါနဿတိသုတ်

ပါဠိ – ၈. အာနာပာနသ္သတိသုတ္တံ (မဇ္ဈိမနိကာယ)

၈—အာနာပါနဿတိသုတ် (မဇ္ဈိမနိကာယ်)

၁၄၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ များစွာကုန်သော အလွန့်အလွန် ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်အတူ သီတင်းသုံးနေတော်မူ၏။ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန် အသျှင်မဟာကဿပ အသျှင်မဟာကစ္စာယန အသျှင်မဟာ့ကောဋ္ဌိက အသျှင်မဟာကပ္ပိန အသျှင်မဟာစုန္ဒ အသျှင်အနုရုဒ္ဓါ အသျှင်ရေဝတ အသျှင်အာနန္ဒာတို့နှင့်လည်းကောင်း၊ ထိုမထေရ်တို့မှတစ်ပါး အလွန့်အလွန်ထင်ရှားကုန်သော တပည့်မထေရ်တို့နှင့်လည်းကောင်း အတူသီတင်းသုံးနေတော်မူ၏။

ထိုအခါ မထေရ်ကြီးဖြစ်ကုန်သော ရဟန်းတို့သည် ရဟန်းငယ်တို့ကို ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် ဆယ်ပါးကုန်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် နှစ်ဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် သုံးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ အချို့ ကုန်သော မထေရ်ရဟန်းတို့သည် လေးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန်သင်ကုန်၏၊ ထို ရဟန်းငယ်တို့သည် မထေရ်ရဟန်းတို့က ဆုံးမသွန်သင်အပ်သည်ရှိသော် ရှေးဖြစ်သော သီလဖြည့်ဆည်းပူး ခြင်းစသည်ထက် မြတ်သော နောက်ဖြစ်သော (ကသိုဏ်းပရိကံ စသော) အထူးကို သိကုန်၏။

၁၄၅။ ထိုအခါ မြတ်စွာဘုရားသည် ဥပုသ်ပဝါရဏာနေ့ဖြစ်သော တစ်ဆယ့်ငါးရက်မြောက် လပြည့် နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ကြည့်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ ဤအကျင့်ကို နှစ်သက်၏၊ ရဟန်းတို့ ဤအကျင့်ဖြင့် နှစ်သက်သော စိတ်ရှိ၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ မရောက်သေးသော အရဟတ္တဖိုလ်ကို ရောက်ခြင်းငှါ မရသေးသော အရဟတ္တဖိုလ်ကို ရခြင်းငှါ မျက်မှောက်မပြုရသေးသော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ အတိုင်း ထက်အလွန် လုံ့လကြိုးကုတ် အားထုတ်ကြကုန်လော့၊ ငါသည် ဤသာဝတ္ထိပြည်၌သာလျှင် မိုးလေးလတို့၏ အဆုံး တန်ဆောင်မုန်းလပြည့် ပဝါရဏာတိုင်အောင် ဆိုင်းငံ့၍ နေအံ့”ဟု (မိန့်တော်မူ၏)။

ဇနပုဒ်၌ နေသော ရဟန်းတို့သည် “မြတ်စွာဘုရားသည် ထိုသာဝတ္ထိပြည်၌သာလျှင် မိုးလေးလတို့၏အဆုံးဖြစ်သော တန်ဆောင်မုန်းလပြည့် ပဝါရဏာတိုင်အောင် ဆိုင်းငံ့နေတော်မူလိမ့်သတတ်”ဟု ကြား ကုန်သည်သာတည်း။ ထိုဇနပုဒ်နေ ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ သာဝတ္ထိပြည်သို့ သက်ဝင်ကြကုန်၏။ ထိုမထေရ်ရဟန်းတို့သည် ရဟန်းငယ်တို့ကို အတိုင်းထက်အလွန် ဆုံးမသွန်သင် ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် ဆယ်ပါးသော ရဟန်းငယ်တို့ကိုလည်း ဆုံးမသွန် သင်ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် နှစ်ဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမ သွန်သင်ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် သုံးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမ သွန်သင်ကုန်၏၊ အချို့ကုန်သော မထေရ်ရဟန်းတို့သည် လေးဆယ်သော ရဟန်းငယ်တို့ကိုလည်း ဆုံးမ သွန်သင်ကုန်၏။ ထိုရဟန်းငယ်တို့သည် မထေရ်ရဟန်းတို့က ဆုံးမသွန်သင်သည်ရှိသော် ရှေးဖြစ်သော သီလဖြည့်ဆည်းပူးခြင်းစသည်ထက် မြတ်သော နောက်ဖြစ်သော (ကသိုဏ်းပရိကံစသော) အထူးကို သိ ကုန်၏။

၁၄၆။ ထိုအခါ မြတ်စွာဘုရားသည် မိုးလေးလတို့၏ အဆုံးဖြစ်သော တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ပဝါရဏာနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ညဉ့်၌ ရဟန်းအပေါင်းခြံရံလျက် လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် တိတ်ဆိတ်ငြိမ်သက်သော ရဟန်းအပေါင်းကို စောင်းငဲ့ ကြည့်တော်မူ၍ ရဟန်းတို့ကို မိန့်တော်မူ၏ —“ရဟန်းတို့ ဤပရိသတ်သည် အဖျင်းကင်း၏၊ အဖျင်းမရှိ၊ ရဟန်းတို့ ဤပရိသတ်သည် အဖျင်းမရှိ စင်ကြယ်၍ အနှစ်သာရ၌ တည်၏။ ရဟန်းတို့ အကြင်သို့ သဘောရှိသော ပရိသတ်၌ အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်အတွက်ထားသော အလှူကို ခံထိုက်၏၊ ပူဇော်အထူးကို ခံထိုက်၏၊ လက်အုပ်မိုး၍ ရှိခိုးထိုက်၏၊ လူအပေါင်း၏ အတုမရှိ မြတ်သော ကောင်းမှုဟူသော မျိုးစေ့စိုက်ပျိုးရာ လယ်မြေကောင်း ဖြစ်၏၊ ရဟန်းတို့ ဤရဟန်းအပေါင်း့သည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ ဤပရိသတ်သည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ အကြင်သို့ သဘောရှိသော ပရိသတ်၌ အနည်းငယ် ပေးလှူအပ်သော ဒါနသည် အကျိုးများ၏၊ များစွာပေးလှူအပ ်သော ဒါနသည် အလွန်အကဲ အကျိုးများ၏၊ ရဟန်းတို့ ဤရဟန်းအပေါင်းသည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ ဤပရိသတ်သည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ အကြင်သို့သဘော ရှိသော ပရိသတ်ကို လူအပေါင်းသည် ဖူးမြင်ရခဲ၏၊ ရဟန်းတို့ ဤရဟန်းအပေါင်းသည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ ဤ ပရိသတ်သည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ အကြင်သို့သဘောရှိသော ပရိသတ်ကို ဖူးမြင်ခြင်းငှါ ယူဇနာရာထောင်သောင်းတို့သို့ ထမင်းထုပ်ဖြင့် သွားရောက်ခြင်းငှါ သင့်လျော်၏၊ ရဟန်းတို့ ဤရဟန်း အပေါင်းသည် ထိုသို့သဘောရှိ၏။ ရဟန်းတို့ ဤပရိသတ်သည် ထိုသို့သဘောရှိ၏။

၁၄၇။ ရဟန်းတို့ ဤရဟန်းအပေါင်း၌ အာသဝေါကုန်ခန်းပြီးဖြစ်ကုန်သော အကျင့်သိက္ခာကို ကျင့် သုံးပြီးဖြစ်ကုန်သော ပြုဖွယ်ကိစ္စကို ပြု ပြီးဖြစ်ကုန်သော ဝန်ကို ချထားပြီးဖြစ်ကုန်သော မိမိ၏အကျိုး ဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်ကုန်သော ဘဝအနှောင်အဖွဲ့ဖြစ်သော သံယောဇဉ်ကုန်ခန်းပြီး ဖြစ်ကုန်သော ကောင်းစွာသိ၍ ကိလေသာမှ ကျွတ်လွတ်ပြီးကုန်သော ရဟန္တာဖြစ်ကုန်သော ရဟန်းတို့ သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့ သဘောရှိသော ရဟန္တာဖြစ်သော ရဟန်းတို့သည်လည်း ဤရဟန်း အပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ အောက်တန်းသံယောဇဉ်ငါးပါး ကုန်ခန်းခြင်းကြောင့် (သုဒ္ဓါဝါသ ဘုံ၌) ဥပပါတ်ပဋိသန္ဓေ တည်နေကုန်သော ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလေ့ရှိကုန်သော ထိုသုဒ္ဓါဝါသဘုံမှ ပြန်လည်ခြင်းသဘောမရှိကုန်သော အနာဂါမ်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော အနာဂါမ်ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ သံယောဇဉ်သုံးပါးတို့၏ ကုန်ခန်းခြင်းကြောင့် ရာဂ ဒေါသ မောဟ တို့၏ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ဤကာမဘုံသို့လာ၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ ့ကုန်သော သကဒါဂါမ်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော သကဒါဂါမ် ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ သံယောဇဉ်သုံးပါးတို့၏ ကုန်ခန်းခြင်းကြောင့် ဖရိုဖရဲကျခြင်း သဘော မရှိကုန်သော မြဲကုန်သော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိကုန်သော သောတာပန်ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော သောတာပန်ရဟန်းတို့သည်လည်း ဤရဟန်း အပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ သတိပဋ္ဌာန်လေးပါး ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းတို့သည်လည်း ဤ ရဟန်းအပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ သမ္မပ္ပဓာန်လေးပါး ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ပ။ ဣဒ္ဓိပါဒ်လေးပါး။ ဣန္ဒြေငါးပါး။ ဗိုလ်ငါးပါး။ ဗောဇ္ဈင် ခုနစ်ပါး။ မြတ်သော အင်္ဂါရှစ်ပါးရှိသောမဂ် ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းတို့သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ မေတ္တာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏။ ကရုဏာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည် ဖြစ်၍ နေကုန်သော၊ မုဒိတာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော၊ ဥပေက္ခာဗြဟ္မဝိဟာရ ပွါးများအားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော၊ အသုဘပွါးများအား့ထုတ်မှုကို လုံ့လပြုကုန်သည် ဖြစ်၍ နေကုန်သော၊ အနိစ္စသညာ ပွါးများအားထုတ်မှုကို လုံ့လပြုကုန် သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသို့သဘောရှိကုန်သော ရဟန်းတို့ သည်လည်း ဤရဟန်းအပေါင်း၌ ရှိကုန်၏။

ရဟန်းတို့ ဤရဟန်းအပေါင်း၌ ထွက်သက်ဝင်သက်ကို အောက်မေ့မှု ‘အာနာပါနဿတိ’ ပွါးများ အားထုတ်မှုကို လုံ့လပြုကုန်သည်ဖြစ်၍ နေကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ရဟန်းတို့ ထွက်သက် ဝင်သက်ကို အောက်မေ့မှု အာနာပါနဿတိကို ပွါးများလေ့လာသည်ရှိသော် များသော အကျိုးရင်း အကျိုးဆက် ရှိ၏။ ရဟန်းတို့ အာနာပါနဿတိကို ပွါးများလေ့လာသည်ရှိသော် သတိပဋ္ဌာန်လေးပါး တို့ကို ပြည့်စေကုန်၏၊ သတိ ပဋ္ဌာန်လေးပါးတို့ကို ပွါးများလေ့လာကုန်သည်ရှိသော် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများလေ့လာသည်ရှိသော် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ပြည့် စေကုန်၏။

၁၄၈။ ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့ ပွါးများလေ့လာသည်ရှိသော် များသော အကျိုး ရင်း အကျိုးဆက်ရှိသနည်း။ ရဟန်းတို့ ရဟန်းသည် တောသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ သစ်ပင် ရင်းသို့ ကပ်သည်ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်သည်ဖြစ်၍လည်းကောင်း တင်ပလ္လင်ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားပြီးလျှင် ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကို ဖြစ်စေ၍ ထိုင်နေ၏။ ထိုရဟန်းသည် သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင် ဝင်သက်ကို ဖြစ်စေ၏။

ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ တိုစွာ သော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ “အစ အလယ် အဆုံး ဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ထွက်သက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေ လျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝင်သက်လေဟူသော) ကာယသင်္ခါရကို ငြိမ်း စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

“နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “(ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “(ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရုန့်ရင်းသော (ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော (ဝေဒနာ သညာဟူသော) စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

“စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

“စိတ်ကို အာရုံ၌ကောင်းစွာထားလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက့်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

“အနိစ္စဟု အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ အနိစ္စဟု အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရာဂချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်ရှု လျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်ဖန် ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ကိလေသာကို စွန့်ရာနိဗ္ဗာန် စွန့်တတ်သောမဂ်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် များမြတ်သော အကျိုးအာနိသင်ရှိ၏။

၁၄၉။ ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် သတိပဋ္ဌာန် လေးပါးတို့ကို ပြည့်စေကုန်သနည်း။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ရှည်စွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ ရှည်စွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “ရှည်စွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။ တိုစွာသော ထွက်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ထွက်သက်ကို ဖြစ်စေ၏”ဟု သိ၏၊ တိုစွာသော ဝင်သက်ကို ဖြစ်စေသည်ရှိသော် “တိုစွာသော ဝင်သက်ကို ဖြစ်စေ၏”ဟု သိ၏။

“အစ အလယ် အဆုံးဟူသော အလုံးစုံသော ထွက်သက်အပေါင်းကို ထင်ထင်ရှားရှားသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အစ အလယ် အဆုံးဟူသော အလုံးစုံသော ဝင်သက်အပေါင်းကို ထင်ထင်ရှားရှား သိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရုန့်ရင်းသော ကာယသင်္ခါရကို (သာယာ စွာရှုသဖြင့်) ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော ကာယသင်္ခါရကို (သာ ယာစွာရှုသဖြင့်) ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် ပထဝီဓာတ်စသော ဓာတ်လေးပါးအပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်ဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ထွက်သက် ဝင်သက်တို့ကို ပထဝီဓာတ် စသော ဓာတ်လေးပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော ဝါယောဓာတ်ဟူသော ကာယဟူ၍ ငါ ဟော၏။ ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သော ပညာ, အောက်မေ့တတ်သောသတိ ရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ပထဝီဓာတ်စသော ဓာတ်လေးပါးဟူသော အပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်ဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (၁)

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “နှစ်သိမ့်ခြင်း ‘ပီတိ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ချမ်းသာခြင်း ‘သုခ’ ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ္တသင်္ခါရ” ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ္တသင်္ခါရ” ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရုန့်ရင်း သော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် သုခဝေဒနာစသော အပေါင်းဝေဒနာတို့၌ သုခဝေဒနာဟူသော အစိတ်ဝေဒနာကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ထွက်သက်ဝင်သက်တို့ကို ကောင်းစွာ နှလုံးသွင်းခြင်းကို သုခ ဝေဒနာစသော ဝေဒနာသုံးပါးတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော သုခဝေဒနာဟူ၍ ငါဟော၏။ ရဟန်း တို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် သုခဝေဒနာစသော အပေါင်းဝေဒနာတို့၌ သုခဝေဒနာဟူသော အစိတ်ဝေဒနာကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (၂)

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “စိတ်ကို ထင်စွာသိလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ထင်စွာသိလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ်ကို အလွန်ဝမ်းမြောက် စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အလွန်ဝမ်းမြောက်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “စိတ်ကို ကိလေသာမှ လွတ်စေလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။

ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ် ဖျောက်ပြီးလျှင် စိတ်၌ စိတ်ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ လွတ်သော သတိရှိသော ကောင်းစွာ ဆင်ခြင်တတ်သော ပညာမရှိသော ပုဂ္ဂိုလ်အား အာနာပါနဿတိကမ္မဋ္ဌာန်းကို ငါမဟော။ ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သော ပညာ, အောက်မေ့တတ်သော သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် စိတ်၌ စိတ်ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ (၃)

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် “အနိစ္စဟု အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “အနိစ္စဟု အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရာဂကင်းရာနိဗ္ဗာန်ကို အဖန် ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂကင်းရာနိဗ္ဗာန်ကို အဖန်ဖန် ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ရာဂချုပ်ရာနိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ရာဂချုပ် ရာနိဗ္ဗာန်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ “ကိလေသာကို စွန့်ရာ နိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်ဖန်ရှုလျက် ထွက်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏၊ “ကိလေသာကိုစွန့် ရာနိဗ္ဗာန် စွန့်တတ်သော မဂ်ကို အဖန်ဖန်ရှုလျက် ဝင်သက်ကို ဖြစ်စေအံ့”ဟု ကျင့်၏။ ရဟန်းတို့ ထိုအခါ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ် သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် တရား တို့၌ တရားကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထိုရဟန်းသည် အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ခြင်းကို ဝိပဿနာပညာဖြင့်မြင်၍ ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏။ ရဟန်းတို့ ထို့ကြောင့် ထိုအခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သော လုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် တရားတို့၌ တရားကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ (၄)

ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော အာနာပါနဿတိသည် သတိပဋ္ဌာန်လေးပါးတို့ကို ပြည့်စေ၏။

၁၅ဝ။ ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော သတိပဋ္ဌာန်လေးပါးတို့သည် ဗောဇ္ဈင် ခုနစ်ပါးတို့ကို ပြည့်စေကုန်သနည်း။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ် သောလုံ့လ, ဆင်ခြင်တတ်သောပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ပထဝီစသော ဓာတ်လေးပါးဟူသော အပေါင်း ‘ကာယ’ ၌ ဝါယောဓာတ်တည်းဟူသော အစိတ် ‘ကာယ’ ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ထိုအခါ၌ ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၁)

ထိုသို့သော အခြင်းအရာအားဖြင့် သတိပြည့်စုံစွာနေသော ထိုရဟန်းသည် ထိုတရားကို ဝိပဿနာ ပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ ရဟန်းတို့ အကြင်အခါ၌ ထိုသို့သော အခြင်း အရာအားဖြင့် သတိပြည့်စုံစွာနေသော ရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၂)

ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ထိုပုဂ္ဂိုလ် အား အားထုတ်မှုဝီရိယသည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ ရဟန်းတို့ အကြင်အခါ၌ ထိုတရားကို ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ရဟန်းအား အားထုတ်မှုဝီရိယသည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ် ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဝီရိယ သမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၃)

အားထုတ်အပ်သော ဝီရိယရှိသူအား ကိလေသာမှကင်းသော ပီတိသည် ဖြစ်၏။ ရဟန်းတို့ အကြင် အခါ၌ အားထုတ်အပ်သော ဝီရိယရှိသော ရဟန်းအား ကိလေသာမှကင်းသော ပီတိသည် ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၄)

နှစ်သိမ့်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ရဟန်းတို့ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ထိုအခါ၌ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈ င်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်း သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်း သို့ ရောက်၏။ (၅)

ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်၏ စိတ်သည် တည်ကြည်၏။ ရဟန်းတို့ အကြင်အခါ၌ ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏၊ ထို အခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၆)

ထိုပုဂ္ဂိုလ်သည် ထိုသို့သော အခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူ ရှုခြင်းရှိ၏၊ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုသို့သော အခြင်းအရာအားဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ့်၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင် သည် ပွါးများမှု ပြည့်ခြင်းသို့ ရောက်၏။ (၇)

၁၅၁။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ကိလေသာကို ပူပန်စေတတ်သောလုံ့လ, ဆင်ခြင် တတ်သော ပညာ, အောက်မေ့တတ်သောသတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာဟူသော လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်ပြီးလျှင် ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ တရားတို့၌ တရားကို အဖန်ဖန်ရှုလေ ့ရှိသည်ဖြစ်၍ နေ၏၊ ထိုအခါ၌ ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ။ ရဟန်း တို့ အကြင်အခါ၌ ရဟန်းအား သတိသည် ရှေးရှုထင်၏၊ ပျောက်ပျက်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သတိသမ္ဗောဇ္ဈင်သည် ပွါးများမှု ပြည့်ခြင်းသို့ ရောက်၏။ (၁)

ထိုသို့သော အခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသည်ဖြစ်၍နေသော ထိုရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ ရဟန်းတို့ အကြင်အခါ၌ ထိုသို့သော အခြင်းအရာအားဖြင့် သတိနှင့် ပြည့်စုံသည်ဖြစ်၍နေသော ရဟန်းသည် ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်၏၊ စူးစမ်း၏၊ စုံစမ်းခြင်းသို့ရောက်၏။ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို အား ထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ပွါးများမှု ပြည့်ခြင်းသို့ ရောက်၏။ (၂)

ထိုတရားကို ဝိပဿနာပညာဖြင့် ဆင်ခြင်သော စူးစမ်းသော စုံးစမ်းခြင်းသို့ရောက်သော ထိုရဟန်း အား အားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ။ ရဟန်းတို့ အကြင်အခါ၌ ထိုတရားကို ဆင်ခြင်သော စူးစမ်းသော စုံစမ်းခြင်းသို့ရောက်သော ရဟန်းအား အားထုတ်မှု ‘ဝီရိယ’ သည် ဖြစ်၏၊ ဝီရိယသည် တွန့်တိုဆုတ်နစ်ခြင်း မရှိ၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ပြီး ဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင် သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၃)

အားထုတ်အပ်သော ဝီရိယရှိသောသူအား ကိလေသာမှကင်းသော ပီတိသည်ဖြစ်၏။ ရဟန်းတို့ အကြင်အခါ၌ အားထုတ်အပ်သော ဝီရိယရှိသောရဟန်းအား ကိလေသာမှကင်းသော ပီတိသည်ဖြစ်၏၊ ထို အခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပီတိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၄)

နှစ်သိမ့်သော စိတ်ရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏။ ရဟန်းတို့ အကြင်အခါ၌ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည်လည်း ငြိမ်းအေး၏၊ စိတ်သည်လည်း ငြိမ်းအေး၏၊ ထိုအခါ၌ ရဟန်းသည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်း သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်း သို့ ရောက်၏။ (၅)

ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ပုဂ္ဂိုလ်၏စိတ်သည် တည်ကြည်၏။ ရဟန်းတို့ အကြင်အခါ၌ ငြိမ်းအေးသောကိုယ်ရှိသော ချမ်းသာခြင်းရှိသော ရဟန်း၏စိတ်သည် တည်ကြည်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား သမာဓိသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ (၆)

ထိုရဟန်းသည် ထိုသို့သောအခြင်းအရာအားဖြင့် တည်ကြည်သောစိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ထိုသို့သောအခြင်းအရာအားဖြင့် တည်ကြည်သောစိတ်ကို ကောင်းစွာ လျစ်လျူရှုခြင်း ရှိ၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို အားထုတ်ပြီးဖြစ်၏၊ ထိုအခါ၌ ရဟန်းသည် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏၊ ထိုအခါ၌ ရဟန်းအား ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများမှုပြည့်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော သတိပဋ္ဌာန်လေးပါးတို့ သည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စေကုန်၏။ (၇)

၁၅၂။ ရဟန်းတို့ အဘယ်သို့ ပွါးများလေ့လာထားသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဝိဇ္ဇာဝိမုတ္တိဟု ဆိုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အကျိုးဖြစ်သော နိဗ္ဗာန်ကို ပြည့်စေကုန်သနည်း။ ရဟန်း တို့ ရဟန်းသည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက်စေတတ်သော သတိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ် ငြိမ်ခြင်း ‘ဝိဝေက’ ၌ မှီသော တပ်စွန်းမှု ‘ရာဂ’ ကင်းရာ၌ မှီသော ချုပ်ရာ ‘နိရောဓ’ ၌ မှီသော (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု ‘ဝေါဿဂ္ဂ’ ကို ရင့်ကျက် စေတတ်သော ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့ ပွါးများလေ့လာထားသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ဝိဇ္ဇာ ဝိမုတ္တိဟု ဆိုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အကျိုးဖြစ်သော နိဗ္ဗာန်ကို ပြည့်စေကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကုန်ပြီ။

ရှစ်ခုမြောက် အာနာပါနဿတိသုတ် ပြီး၏။

References