ဗုဒ္ဓစကားတော်များ

ပိဋကတ်ကျမ်းစာ

ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓဝစန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။

သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို

  • ဝိမုတ္တိဟူသော ရသအားဖြင့် တပါး။
  • ဓမ္မနှင့်ဝိနယ အားဖြင့် နှစ်ပါး။
  • ပထမ, မဇ္ဈိမ, ပစ္ဆိမ ဟူသော ဗုဒ္ဓဝစနအားဖြင့် သုံးပါး။
  • သုတ္တန်, ဝိနည်း, အဘိဓမ္မာ ဟူသော ပိဋကတ်အားဖြင့် သုံးပါး။
  • ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် ငါးပါး။
  • သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါအားဖြင့် ကိုးပါး။
  • ဓမ္မက္ခန္ဓာအားဖြင့် ( ၈၄,၀၀၀ )

ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။

ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ အရှေ့တိုင်း အနောက်တိုင်းနှင့် ဗုဒ္ဓစာပေကို အလေ့အလာပြုကြသော ကမ္ဘာဒေသအားလုံးမှာပင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်ဖြင့်သာလျှင် ဗုဒ္ဓစာပေကို အမျိုးအစားခွဲခြား စုစည်းခဲ့ကြပေသည်။ ဗုဒ္ဓစာပေနှင့် မကင်းသူ ဗုဒ္ဓစာပေနှင့် ရင်းနှီးဆက်ဆံနေကြရသူများသည် ယင်းသို့တွင်ကျယ်နေသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် ကျမ်းဖွဲ့စည်းပုံကို သိရှိထားသင့်လှပေသည်။

တိပိဋက

လေးဆယ့်ငါးဝါပတ်လုံး မြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူခဲ့သော ဒေသနာများကို စုပေါင်း၍ ပါဠိဘာသာစကားဖြင့် သုတ်ဝိနည်းအဘိဓမ္မာ ဟူ၍ ခွဲခြားသတ်မှတ်ပြီး တိပိဋက (ပါဠိလို) သို့မဟုတ် ပိဋကတ် သုံးပုံ (မြန်မာလို) ဟု ခေါ်ခြင်းဖြစ်သည်။ ပိဋကတ် သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ ဘုရားလက်ထက်တော်အခါ သက်ရှိထင်ရှားဖြစ်တော်မူသော ရဟန္တာအရှင် ကောင်းအရှင်မြတ်များသည် လက်ရှိပုံစံအတိုင်း တိပိဋက ခေါ် ပိဋကသုံးပုံကို ပြုစုမှတ်တမ်းတင်ထာခဲ့ကြသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် လက်ရေးနဲ့ရေးထားတဲ့စာအဖြစ် ထားခဲ့ခြင်းမဟုတ်သော်လည်း ထင်ရှားလှသည့် တပည့်သာဝကကြီးများသည် ထိုတရားဒေသနာတော်များကိုမပျောက်မပျက် ထိန်းသိမ်းရန်အတွက် ပထမတွင် နှုတ်တိုက်အာဂုံဆောင်ထားမှတ်သားထားခဲ့ကြသည်။ တစ်ဆက်ပြီးတစ်ဆက် အာဂုံဆောင်နည်းဖြင့် လက်ဆင့်ကမ်းသင်ကြားပေးခဲ့ကြသည်။

ပိဋကတ်ဟူသည် ခြင်းတောင်းဟု အနက်အဓိပ္ပါယ်ထွက်သည်။ အနောက်တိုင်း ပညာရှင်တို့က ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏ တရားတော်များ သိုလောင်ရာ ရတနာသိုက်ဟု အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုကြသည်။ 

ပါဠိတော် ကျမ်းများ

ယခုအခါ ပိဋကတ်သုံးပုံ ပါဠိတော် (၅၃) ကျမ်းဟု သတ်မှတ်ကြပါသည်။

ဤနိကာယ်အားဖြင့် ကျမ်းရေတွက်နည်းတွင် ပိဋကတ်အားဖြင့် ခွဲခြားလိုလျှင်

  • ဒီဃနိကာယ် ၃-ကျမ်း
  • မဇ္ဈိမနိကာယ် ၃-ကျမ်း
  • သံယုတ္တနိကာယ် ၅-ကျမ်း
  • အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း

ဟူသော ရှေးနိကာယ်လေးရပ် နှင့် ခုဒ္ဒကနိကာယ် တစိတ် (၁၅) ကျမ်း ပေါင်း (၃၇)ကျမ်း သည် သုတ္တန် ပိဋကတ်မည်၏။

ခုဒ္ဒကနိကာယ်အဝင် ဝိနည်း ၅-ကျမ်းသည် ဝိနည်းပိဋကတ်မည်၏။

ခုဒ္ဒကနိကာယ်အဝင် အဘိဓမ္မာ ၇-ကျမ်းသည် အဘိဓမ္မာပိဋကတ်မည်၏။ ဤသို့ခွဲခြားနိုင်သည်။

ဝိနည်းပိဋကတ် (၅)ကျမ်း + သုတ္တန် ပိဋကတ် (၃၇)ကျမ်း +​ အဘိဓမ္မာပိဋကတ် (၇)ကျမ်း = (၄၉)ကျမ်း

ဤသို့လျှင် နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးသွယ်တို့သည် အားလုံးစုပေါင်းလိုက်သော် တရားကိုယ်အားဖြင့် အထူးမရှိ။

(၅၃) ကျမ်း

ဤသို့လျှင် နိကာယ်ငါးရပ်၌ ကျမ်းပေါင်း (၄၉)ကျမ်းရှိသည်။ အထက်ပါ (၄၉)ကျမ်းမှာ စတုတ္ထသံဂါယနာ တင်သည်အထိ အတည်ပြုထားသော ပိဋကတ်သုံးပုံ ကျမ်းစာရင်းဖြစ်သည်။ အောက်ပါ လေးကျမ်းမှာ ပဉ္စမသံဂါယနာ ကျောက်ထက်အက္ခရာ တင်သောအခါကျမှ ပါဠိတော်စာရင်းဝင် ဖြစ်လာသောကျမ်းများဖြစ်သည်။

  • ၅၀။ သုတ္တသင်္ဂဟ
  • ၅၁။ နေတ္တိ
  • ၅၂။ ပေဋကောပဒေသ ပါဠိ
  • ၅၃။ မိလိန္ဒပဥှာ ပါဠိ

(၄၉) ကျမ်း သို့မဟုတ် (၅၃) ကျမ်း အတူတူပင် ဖြစ်ကြောင်း အလွယ်ဖြင့် သိရှိနိုင်ပေသည်။

ဤ (၄၉)ကျမ်း တရားစုကိုပင် ပိဋကတ်တည်းဟူသော ခြင်းတောင်းထဲထည့်လျှင် သုံးတောင်းရသည်။ နိကာယ်တည်းဟူသော ဇလားထဲထည့်လျှင် ငါးဇလားရသည် ဟူသော သဘောကဲ့သို့ မှတ်ရာသည်။

ဤ (၄၉)ကျမ်း သို့မဟုတ် (၅၃)ကျမ်းသော ပိဋကတ်စာပေနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ကျမ်းအမျိုးအစား ငါးမျိုးကိုလည်း သိရှိထားသင့်ပေသည်။ ၎င်းတို့မှာ-

  • ၁။ ပါဠိတော်
  • ၂။ အဋ္ဌကထာ
    • အဋ္ဌကထာဟူသည် မြတ်စွာဘုရားဟောကြားအပ်သော ပိဋကတ်သုံးပုံ ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောစကားဖြစ်သည်။ မြတ်စွာဘုရားသည်ပင် ပိဋကတ်သုံးပုံပါဠိတော်ကို ဟောကြားရာ၌ ပါဠိတော် သက်သက်ကိုသာ ဟောကြားသည်မဟုတ်၊ အနက်အဓိပ္ပာယ်အဖွင့်ဖြစ်သော အဋ္ဌကထာကိုလည်း ဟောကြားတော်မူသည်။ ထို့ကြောင့် မြတ်စွာဘုရားဟောကြားအပ်သော ပြိုးပြွမ်းသော ပကိဏ္ဏကဒေသနာကို အဋ္ဌကထာဟု မှတ်ယူရမည်။ ထိုအဋ္ဌကထာကိုပင် ထိုထိုပါဠိတော်တို့၌ အတ္ထဟူ၍ လည်းကောင်း၊ ပရိပုစ္ဆာဟူ၍လည်းကောင်း၊ သံဝဏ္ဏနာဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲ၍ ဟောကြားသည်ကို တွေ့မြင်ရသည်။
  • ၃။ ဋီကာ
    • ဋီကာမှာ အဋ္ဌကထာ၏အနက်အဓိပ္ပာယ်ကို ဖွင့်ပြသောကျမ်း ဖြစ်သည်။ အချို့က ပါဠိတော်မှထောက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာဟု သုံးခုမြောက်ကျမ်း ဖြစ်သောကြောင့် တိကဖြစ်သည်။ ယင်းမှ ဋီကာဖြစ်လာသည်ဟု ဆိုကြသည်။ အနုဋီကာမှာဋီကာရင်းတွင် မထင်ရှား မပေါ်လွင်သည် ကို ထင်ရှားပေါ်လွင်အောင် တဖန် ထပ်ဆင့်၍ ဖွင့်သောကျမ်း ဖြစ်သည်။ မဓုဋီကာမှာ ဋီကာရင်း၌ကြွင်းကျန်ခြင်း၊ မသိသာခြင်း တို့ကို ကုန်စင်သိသာအောင် ဋီကာရင်းနှင့် ပေါင်း၍ပြသဖြင့် မြိန်မြက်သောကျမ်းဖြစ်သည်။
  • ၄။ ယောဇနာ
    • ယောဇနမှာ ကျမ်းရင်း၌ ခက်ခဲတိမ်မြုပ်နေသော ပုဒ် တို့ကို သိသာပေါ်လွင်သောပုဒ်တို့ဖြင့် ဖွင့်ပြ အနက်ပြန်ဆိုသော ကျမ်းဖြစ်သည်။ 
  • ၅။ ဂဏ္ဌိ ကျမ်း
    • ဂဏ္ဌိမှာ အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ယောဇနတို့ ကဲ့သို့ ပုဒ်စဉ်အတိုင်းမဖွင့်ဘဲ၊ ခက်ခဲဆစ်ဖုသော အရာတို့ကိုသာ ဖွင့်ပြသဖြင့် ဉာဏ်အထူး၏ တည်ရာကျမ်းဖြစ်သည်။

တို့ ဖြစ်ကြသည်။

ထိုငါးမျိုးတွင် ပါဠိတော်-ဆိုသည်မှာ ဘုရားဟောနှင့် ဘုရားရှင် အသိအမှတ်ပြုသော သာဝကဟော မူရင်းကျမ်းများကို ဆိုလိုသည်။

သင်္ဂါယနာတင်သမိုင်း

အကျယ်တဝင့် ဖော်ပြထားသော စာအုပ်များ dhammadownload.com/Tipitaka-Pali-Myanmar(2010)-eBook.htm

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၅) နှစ်အရွယ်တွင် ဘုရားအဖြစ်ရောက်ရှိသည်မှစ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွက် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို ၄၅ တိုင်တိုင် မနားမနေဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား (အာနန္ဒ- ချစ်သားအာနန္ဒာl မယာ- ငါဘုရားသည်l ဝေါ- သင်ချစ်သားတို့အားl ယောဓမ္မောစ- အကြင်သုတ်၊ အဘိဓမ္မာကိုလည်းl ဒေသိတော- ဟောတော်မူအပ်ပြီ၊ ယောဝိနယောစ – အကြင်ဝိနည်းကိုလည်းl ပညတ္တော -ပညတ်အပ်ပြီ l သော – ထို ငါဘုရားဟောကြား ပညတ်အပ်သော သုတ်- အဘိဓမ္မာ – ဝိနည်း ဓမ္မက္ခန္ဓာတို့သည်l မမစ္စယေန- ငါဘုရား ပရိနိဗ္ဗာန်ပြုပြီး၍ မရှိသည့်နောက်၊ ဝေါတုမှာကံ – သင်ချစ်သားတို့အားl သတ္တာ- ဆုံးမမည့်ဆရာတို့ပင်တည်း။ “… – ဟုညွှန်ခဲ့ပေသည်။) – “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။

ထိုမှာကြားချက်အရ “ဓမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။

မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ – ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။

သင်္ဂါယနာ = သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဆိုခြင်း

သင်္ဂါယနာ = စုပေါင်း၍ ရွတ်ဆိုခြင်း

ဂေါတမမြတ်စွာဘုရား၏ “အနေကဇာတိသံသာယံ” အစချီကာ “ဝယဓမ္မာ သင်္ခါရာ အပ္ပာဒေန သမ္ပာဒေထ” အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားသော အဆုံးအမ တရားတော်များကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန် စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ ဘီစီ ၄၈၃) တွင် တတိယသာဝက ရှင်မဟာကဿပ၊ ဝိနည်း ဧတဒ်ရ အရှင်ဥပါလိနှင့် သတိမမေ့မလျော့သည့်အရာ၊ ပညာလျင်သည့်အရာစသည့် ဧတဒ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးပြုသော ပဋိသမ္ပိဒဆဠာဘိဉာရဟန္တာအရှင်မြတ် အပါး ၅၀၀က ခုနှစ်လတိုင်တိုင် အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခဲ့ပြီးနောက် ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ဗုဒ္ဓသာသနိက မြေပုံတော်ချုုပ်

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရာဇဂြိုဟ်ပြည်ရှိ ဝေဘာရတောင်၌ ရှိသော သတ္တပဏ္ဏိ လိုဏ်ဂူရှိ မဏ္ဍပ်တော်တွင် ပြုလုပ်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုများ ရှိလာ၏။ထိုအခါ သာသနာ့ အန္တရာယ်သည် ပေါ်ပေါက်လာ၏။

အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့က အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။

ရဟန္တာအရှင်မြတ်ကြီးငါးရာ စုဝေးပြီး ဗုဒ္ဓ၏တရားတော်များ အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး သင်္ဂါယနာတင်တော်မူခြင်းကို ပထမသင်္ဂါယနာ ဟုနောင်တွင် သတ်မှတ်ကြသည်။

သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ အရှင်အာနန္ဒာကိုယ်တော်ကြီးသည် ကြားဖူးခဲ့သမျှ ဓမ္မဒေသနာတော်များကို “ဧဝံ မေ သုတံ ဆို သုတ္တန်ပိုင်းကို ဖတ်ပြတော်မူရသည်။ ဥပါလိအရှင်မြတ်သည် ၀ိနည်းဒေသနာတော်များကို သူမှတ်သားထားခဲ့သမျှ ရွတ်ဖတ်တော်မူရသည်။

ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု ၃ စု ရရှိပြီး ပိဋကတ် ၃ ပုံဟု ခေါ်တွင်သည်။ ၎င်းပိဋကတ် ၃ ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၄၂၀ဝ၀ ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အားမှီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ၃ ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

ပထမသင်္ဂါယနာတင်ပြီးနောက် အနှစ်တစ်ရာကြာတဲ့အခါ ကာလာသောကမင်း လက်ထက်တွင် တချို့သာဝကကြီးများက ၀ိနည်းသိက္ခာပုဒ်အငယ်အချို့ကို ပြုပြင်ရန် လိုလာပြီဟု ထင်မြင်တော်မူခဲ့ကြသည်။ ရှေးမထေရ်များ၏အလိုကို သဘောကျတော် မူသော မထေရ်များသည် ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာမလိုဘူးဟု ယူဆတော်မူကြသည်။ ထိုအချိန်မှစ၍ အယူအဆမတူသော ဂိုဏ်းဂဏကွဲများ စတင်ပြီး ပေါ်ပေါက်ဖို့ရန် အစို့အညှောက် အကြောင်းခြင်းရာ ပေါ်ပေါက်လာသည်။ ဒုတိယသင်္ဂါယနာတွင် ၀ိနည်းသိက္ခာပုဒ်များအပေါ်တွင် အခြေတည်၍ ဆွေးနွေးခဲ့ကြသည်။ သုတ္တန်ဒေသနာအပေါ်တွင် အငြင်းပွားခြင်း မတွေ့ရပေ။

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း

ဒုတိယသင်္ဂါယနာတွင် ၀ိနည်းသိက္ခာပုဒ်များအပေါ်တွင် အခြေတည်၍ ဆွေးနွေးခဲ့ကြသည်။ သုတ္တန်ဒေသနာအပေါ်တွင် အငြင်းပွားခြင်း မတွေ့ရပေ။

သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီ, ပထမသင်္ဂါယနာတင်ပြီးနောက် အနှစ်တစ်ရာကြာတဲ့အခါ ဝေသာလီပြည် ကာလာသောကမင်း လက်ထက်တွင် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။ ရှေးမထေရ်များ၏အလိုကို သဘောကျတော် မူသော မထေရ်များသည် ၀ိနည်းသိက္ခာပုဒ်တွေကို ဘာတစ်ခုမျှ ပြုပြင်ပြောင်းလဲစရာမလိုဘူးဟု ယူဆတော်မူကြသည်။ ထိုအချိန်မှစ၍ အယူအဆမတူသော ဂိုဏ်းဂဏကွဲများ စတင်ပြီး ပေါ်ပေါက်ဖို့ရန် အစို့အညှောက် အကြောင်းခြင်းရာ ပေါ်ပေါက်လာသည်။

အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာလာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း

  1. သိင်္ဂီလောဏကပ္ပ
    • သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  2. ဒွင်္ဂုလကပ္ပ
    • နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  3. ဂါမန္တရကပ္ပ
    • တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  4. အာဝါသကပ္ပ
    • သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  5. အနုမတိကပ္ပ
    • မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  6. အာစိဏ္ဏကပ္ပ
    • ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
  7. အမထိတကပ္ပ
    • နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
  8. ကပ္ပတိ ဇလောဂိံ ပါတုံ
    • သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  9. ကပ္ပတိ အဒသကံ နိသီဒနံ
    • အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  10. ကပ္ပတိ ဇာတရူပ ရဇတံ
    • ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။

တတိယအကြိမ်သင်္ဂါနာတင်ခြင်း

သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။

ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။

အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။

သံဃာအစုအဖွဲ့များကြားတွင် ပေါ်ပေါက်နေသော အမြင်အယူအဆကွဲပြားမှုများကို တတိယသင်္ဂါယနာတွင် ဆွေးနွေးခဲ့ကြသည်။ ထိုသင်္ဂါယနာတွင် ဆွေးနွေးချက်များသည် ၀ိနည်းဒေသနာနှင့်သာ သက်ဆိုင်ကြသည် မဟုတ်တော့ဘဲ သုတ္တန်ဒေသနာတော်များနှင့်လည်း ဆက်နွှယ်ဆွေးနွေးခဲ့ကြပါသည်။ ထိုသင်္ဂါယနာပွဲကြီးအပြီးတွင် သင်္ဂါယနာ၏ဥက္ကဌ(နာယက)ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ကထာဝတ္ထုခေါ်သော အဘိဓမ္မာကျမ်းကို ပြုစုတော်မူသည်။ ထိုကျမ်းတွင် အယူလွဲ အယူမှားများကို သုတ်သင်ရှင်းလင်းတော်မူသည်။

အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း

သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ နှစ်ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။

အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ဝဋ္ဋဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီးအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

သီရိလင်္ကာမှာ ကျင်းပသော ဒီသင်္ဂါယနာပွဲတွင် တိပိဋက ခေါ် ပိဋကသုံးပုံကို စတင်ပြီးပေထက်အက္ခရာတင်တော်မူခဲ့သည်။

ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၁၅၊မြန်မာသက္ကရာဇ် ၁၂၃၃ တန်ခူးလပြည့်ကျော် ၁၁ရက် (ခရစ်နှစ် ၁၅-၄-၁၈၇၁) စနေနေ့တွင် သင်္ဂါယနာစတင်ကြ၍ ၁၂၃၃ တော်သလင်းလပြည့်ကျော် ၁၄ရက် (၁၂-၉-၁၈၇၁)တွင် သင်္ဂါယနာတင်ခြင်းအမှုပြီးမြောက်အောင်မြင်ပါသည်။ 

မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စသော အန္တရာယ်များမှ ကာကွယ်ရန် ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ် ၁၂၂၂ တန်ဆောင်မုန်းလဆန်း ၁ရက် (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်၌စတင်ထွင်းထု၍ ၁၂၃၀ ကဆုန်လဆန်း ၁၄ရက်(၄-၅-၁၈၆၈)တွင်ကျောက်ထက်အက္ခရာပြီးစီးသည်။ ကျောက်ထက်အက္ခရာတင်ခြင်းအပြီး သုံးနှစ်လွန်သောအခါတွင်မှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်းပဉ္စမသင်္ဂါယနာတင်တော်မူခဲ့ရာ သစ်ဆိမ့်တိုက်က ဝိနည်းပိဋကတ်တော်ကိုလည်းကောင်း၊ စလင်းတိုက်က သုတ္တန်ပိဋကတ်တော်ကိုလည်းကောင်း၊ စံကျောင်းတိုက်က အဘိဓမ္မာပိဋကတ်တော်ကိုလည်းကောင်း အသီးသီတာဝန်ယူကာ ရွှေနန်းတော်ကြီးအတွင်း ဗြဲတိုက်တော် ရာဇပလ္လင်ပေါ်၌ တစ်လှည့်စီ ပြန်ဆိုတော်မူကြရသည်။

ထိုအခါ စံကျောင်းတိုက်သား ရဟန်းတစ်ပါးဖြစ်သော အရှင်ဉာဏဓဇသည် ကထာဝတ္ထုပါဠိတော်ကို တာဝန်ယူပြန်ဆိုတော်မူခဲ့သည်။ ယောအတွင်းဝန်၏ ဩဝါဒစကားလျှောက်ထားချက်အရ ရဟန်းတော် အရှင်ဉာဏဓဇသည် ကထာဝတ္ထုအဋ္ဌကထာကို အထူးကျွမ်းကျင်နိုင်နင်းအောင် သင်ကြားလေ့ကျင့်ထားသည့်အတိုင်း ဗြဲတိုက်တော်ရာဇပလ္လင်ထက်၌ ကထာဝတ္ထုပါဠိတော်ကို အောင်မြင်စွာ ပြန်ဆိုတော်မူနိုင်ခဲ့ခြင်း ဖြစ်သည်။[လယ်တီဆရာတော်မှ][၃]

မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော (တစ်ခြားနိုင်ငံသံဃာတော်များပါဝင်ခြင်းမရှိ) မြန်မာနိုင်ငံမှသံဃာတော် အပါး ၂၄၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။ 

ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်သည်။

ရဟန်းသံဃာဘက်မှ ဦးဆောင်သူ ဆရာတော်များမှာ :

  • အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော် ဘဒ္ဒန္တ ရေဝတ (သံဃမဟာနာယကဥက္ကဋ္ဌ)
  • အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ သူရိယ (ဘာရနိတ္ထာရက ဝန်ဆောင်သံဃအဖွဲ့ ဥက္ကဋ္ဌ)
  • အဂ္ဂမဟာပဏ္ဍိတ ဗားကရာဆရာတော် ဘဒ္ဒန္တ နာဂဝံသ (အကျိုးတော်ဆောင်ဆရာတော်)
  • အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇာလင်္ကာရဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ (အကျိုးတော်ဆောင်ဆရာတော်)
  • အဂ္ဂမဟာပဏ္ဍိတဂါရိက မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏ(ပုစ္ဆက-အမေးဆရာတော်)
  • တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက-အဖြေဆရာတော်) အဖြစ်ဆောင်ရွက်တော်မူကြပြီး ထိုင်းသံဃရာဇာ၏ ကိုယ်စားလှယ် ဖရဝိမလဓမ္မ၊ လာအို သံဃရာဇာ ဖရဗုဒ္ဓဇိနောရသ်၊ ကမ္ဘောဒီးယား သံဃရာဇာ မဟာသုမေဓာဓိပတိဇောတဉာဏ၊ သီရိလင်္ကာ အမရပူရနိကာယဂိုဏ်း သံဃရာဇာ ဝိမလဇောတိ၊ သျှာမနိကာယဂိုဏ်း သံဃရာဇာ ဝေလိဝိဋဓမ္မကိတ္တိစသော မဟာထေရ်ကြီးများတက်ရောက်ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။

ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။ ပိဋကတ်သုံးပုံကို တည်းဖြတ်ရာ၌ မန္တလေးပဉ္စမမူကို အခြေပြု၍ ထိုင်းမူ၊ ကမ္ဗောဒီးယားမူ၊ လာအိုမူ၊ သီဟိုဠ်မူ၊ လန်ဒန်ပီတီအက်စ်မူတို့နှင့် ညှိနှိုင်းတိုက်ဆိုင်၍ တည်းဖြတ်သုတ်သင်ကြသည်။ ထိုမူခြောက်ခုစလုံး၏ မူကွဲများကို သီခြားမှတ်တမ်းတင်၍ ပြုစုခဲ့လေသည်။

သင်္ဂါယနာတင်သမိုင်း ကိုးကား

  1. သီတဂူဆရာတော် – သင်္ဂီတိ(သင်္ဂါယနာသမိုင်းအကျဉ်း) ၂၀၀၈
  2. ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ – မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
  3. လူထုဒေါ်အမာ-ကမ္ဘာ့အကြီးဆုံးစာအုပ် ၁၉၉၅

ပိဋက

“ပိဋက” ဟူသောအသုံးသည် ပါဠိဝေါဟာရဖြစ်သည်။ မူလ အဓိပ္ပာယ်မှာ “ခြင်း၊ တောင်း” ဟု အဓိပ္ပာယ်ရသည်။ “ဗုဒ္ဓဝစန” တို့ကို “ပိဋက” ဟူသော အသုံးနှင့် တွဲဖတ်ခေါ်တွင်ခြင်းနှင့် ပတ်သက်၍ အယူအဆ နှစ်မျိုးရှိသည်။

  • ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) တို့သည် မျိုးတူဝတ္ထုပစ္စည်းတို့ကို ခွဲခြားသိုလှောင်ရာ ဖြစ်သကဲ့သို့ ဗုဒ္ဓဝစနတို့ကို သိုလှောင်ရာဖြစ်သည် ဟု မှတ်သားရသည်။
  • ဒုတိယအဆိုကမူ အစဉ်အဆက် ဆင်းသက်လာခြင်းသဘောကြောင့်ဟု ဆိုသည်။ ရှေးခေတ် အိန္ဒိယနိုင်ငံတွင် အလုပ်သမားများ မြေတူးသယ်ပို့ရာတွင် စနစ်တစ်ခုရှိပါသည်။ လူအများ တန်းစီ၍ သယ်ယူမည့်ပစ္စည်းကို ခြင်း (ပိဋက) တို့တွင်ထည့်၍ လက်ဆင့်ကမ်း သယ်ယူကြသည်။ ထို့အတူ ပိဋက စာပေတို့ကိုလည်း ဗုဒ္ဓလက်ထက်မှစ၍ ခေတ်အဆက်ဆက် ဆရာမှတပည့်သို့ တဆင့်စီ လက်ဆင့်ကမ်း သင်ကြားပို့ချပေးသော စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူသည်ကို အစွဲပြု၍ ပိဋက အမည်ပေးသည်ဟု ဆိုကြပါသည်။
    • မဟာယာနဂိုဏ်းသားတို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဟူသော အမည်ဖြင့် ခေါ်ဆိုကြသောကြောင့် ဤအယူအဆသည်လည် ယုတ္တိတန်သည်ဟု ယူဆရပါသည်။

၄၅ ဝါအတွင်း ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသည့် တရားစကားတော်များကိုလည်းကောင်း ထို ၄၅ ဝါအတွင်း၌ဖြစ်စေ ထို့နောက်မှဖြစ်စေ ဗုဒ္ဓရှင်တော်ဘုရား၏ တပည့်သားတို့က ဗုဒ္ဓရှင်တော်ဘုရား၏ နည်းနာနိဿယကိုယူ၍ ဟောကြားတော်မူခဲ့ကြသည့် တရားစကားတော်များကို လည်းကောင်း ပါဠိတော်(စကားတော်အစဉ်) ဟု ခေါ်ဝေါ်ကြလေသည်။ ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မှုပြုတော်မှုကြသည့် အရှင်မြတ်တို့က-

  • ဝိမုတ္တိရသအားဖြင့် ၁
  • ဓမ္မဝိနယအားဖြင့် ၂
  • ဝစနာအားဖြင့် ၃
  • ပိဋကအားဖြင့် ၃
  • နိကာယ်အားဖြင့် ၅
  • ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀

ဟု ပိုင်းခြားခွဲဝေ၍ သတ်မှတ်ထားတော်မူကြသည်။

ပိဋကတ်သုံးပုံ

တနည်းအားဖြင့် ဝိနယ ပိဋက၊ အဘိဓမ္မာ ပိဋက နှင့် သုတ္တန္တ ပိဋက ဟူ၍ သုံးမျိုးခွဲခြားထားသည်။

စုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။

ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့်

သုတ္တန်ပိဋကတွင် ၂၁၀၀၀၊
ဝိနည်းပိဋကတ်တွင် ၂၁၀၀၀၊
အဘိဓမ္မာ ပိဋကတ်တွင် ၄၂၀၀၀ စုစုပေါင်း ဓမ္မ ခန္ဓာပေါင်း ၈၄ဝဝဝ ရှိသည်။

ဝိနယပိဋကတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ဝိနည်းပိဋကတ်

ဝိနယပိဋက၌ အပိုင်းသုံးပိုင်းရှိသည်။ ကျမ်းအရေအတွက်အားဖြင့် ငါးကျမ်းဖြစ်သည်။ မူလအရင်းအမြစ်သည် ပါတိမောက္ခဖြစ်၏။ ပါတိမောက္ခဟူသည် ရဟန်းတော်များ၏ သိက္ခာပုဒ်များနှင့် ၎င်းတို့ကို ကျူးလွန်လျှင် သင့်ရောက်မည့် အာပတ်များကို ကုစားနည်းနှင့်တကွ ဖော်ပြထားသော ကျမ်းဖြစ်သည်။ 

ဝိနည်းပိဋကတ်တော်ထဲတွင် အောက်ပါကျမ်းများ ပါဝင်ပါသည်။

၁။ ပါရာဇိကဏ်       (အပြစ်ကြီးများ)
၂။ ပါစိတ်                (အပြစ်ငယ်များ)
၃။ မဟာဝဂ္ဂ             (အပိုင်းကြီး)
၄။ စူဠဝဂ္ဂ                 (အပိုင်းငယ်များ)
၅။ ပရိဝါရ                (၀ိနည်းအကျဉ်းသင်္ခေပ)

သုတ္တန္တပိဋကတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – သုတ္တန္တပိဋကတ်

သုတ္တန်ဒေသနာတွင် မြတ်ဗုဒ္ဓ အခါအားလျော်စွာ ဟောကြားတော်မူသော တရားများကိုစုစည်းတင်ပြထားသောအပိုင်း ဖြစ်သည်။ ထိုသုတ္တန်များထဲတွင် ဗုဒ္ဓ၏ ထင်ရှားသောတပည့်သာဝကကြီးများ ဟောကြားတော်မူသောတရားအချို့လည်းပါဝင်ပါသည်။ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာမောဂ္ဂလာန်အရှင်မြတ်စသည့် မထေရ်များ ဟောကြားသော တရားဒေသနာများဖြစ်သည်။ သုတ္တန်တရားများတွင် အနာနှင့် ဆေးတည့်အောင်ပေးထားသော ကာလ၊ဒေသနှင့်ပုဂ္ဂိုလ်စရိုက်ကို လိုက်၍ ဟောထားသော ဆေးစာညွှန်းနှင့်တူသော ဓမ္မဒေသနာများ ဖြစ်ကြသည်။ အခါအခွင့်အားလျော်စွာပုဂ္ဂိုလ်၏ စရိုက်ကိုလိုက်၍ ဟောထားသော ဆေးစာညွှန်းနှင့်တူသည့် တရားများဖြစ်သည့်အတွက် တချို့တရားနှင့် တချို့တရားများသည် ဝိရောဓိသဘော ဆန့်ကျင်နေသယောင် ဖြစ်နေခြင်းများ ပါတတ်ပါသည်။ တလွဲ အဓိပ္ပါယ် မဖွင့်သင့်ပေ။

သုတ္တန်ပိဋကကို နိကာယ်ငါးရပ်ဖြင့် ခွဲခြားဖေါ်ပြထားပါသည်။ နိကာယ်ဆိုသည်မှာ အစုအပေါင်းဟု ဆိုလိုသည်။ ပါဝင်သောနိကာယ်များ –

၁။ ဒီဃနိကာယ်                 (ရှည်လျားတဲ့သုတ္တန်အပေါင်း)
၂။ မဇ္စျိမနိကာယ်                (မတိုမရှည်သုတ္တန်အပေါင်း)
၃။ သံယုတ္တနိကာယ်            (သဘောတူရာဆိုသောသုတ္တန်အပေါင်း)
၄။ အင်္ဂုတ္တရနိကာယ်             (အရေအတွက်အားဖြင့်ပြသောသုတ္တန်အပေါင်း)
၅။ ခုဒ္ဒကနိကာယ်                (ငယ်သောသုတ္တန်အပေါင်း)

နိကာယ်ငါးရပ်တွင် ထပ်မံ၍ ကျမ်း(၁၅)မျိုး ခွဲပြထားပါသည်။

၁။ ခုဒ္ဒကပါဌ  (Shorter text)
၂။ ဓမ္မပဒ       (The way of Truth)
၃။ ဥဒါန         (Heartfelt sayings)
၄။ ဣတိဝုတ္တက (Thus said Discourse)
၅။ သုတ္တနိပါတ (Collected Discourses)
၆။ ၀ိမာနဝတ္ထု (Stories of Celestial Mansions)
၇။ ပေတဝတ္ထု (Stories of Petas)
၈။ ထေရာဂါထာ (Psalms of the Brothers)
၉။ ထေရီဂါထာ (Psalms of the Sisters)
၁၀။ ဇာတက   (Birth Stories)
၁၁။ နိဒ္ဒေသ    (Expositions)
၁၂။ ပဋိသမ္ဘိဒါ  (Analytical Knowledge)
၁၃။ အပါဒါန   (Lives of Saints)
၁၄။ ဗုဒ္ဓဝံသ    (History of The Buddha)
၁၅။ စရိယာပိဋက (Modes of Conduct)

အဘိဓမ္မာပိဋကတ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – အဘိဓမ္မာပိဋကတ်

လေးနက်စွာ တွေးခေါ်တတ်သူများအတွက် အဘိဓမ္မာသည် အရေးကြီးဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပိဋကဖြစ်သည်။ အဘိဓမ္မာထဲတွင် ပိုရှင်းပြီး နားလည်းလွယ်သော သုတ္တန်ပိဋကနှင့် နှိုင်းယှဥ်လျှင် ပိုပြီးလေးနက် ပညာသားပါသော အတွေးအခေါ်ဒဿနများပါ ဝင်ပါသည်။

သုတ္တန်ပိဋကထဲတွင် မကြာခဏ လူပုဂ္ဂိုလ်စသည်ကို ရည်ညွှန်းပြီး ဟောကြားသကဲ့သို့ မကြာခဏတွေ့မြင်ရသည်။ အဘိဓမ္မာထဲကျတွင် သမုတိသစ္စာကို ဖေါ်ပြသောစကားလုံးများအစား ပရမတ္ထသစ္စာကို ဖေါ်ပြသော (ပုဂ္ဂိုလ်သတ္တဝါကို မဖေါ်ပြဘဲ)ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ တွေ့ကြရသည်။ သုတ္တန်ပိဋကထဲတွင် ဝေါဟာရဒေသနာလို့ခေါ်သော သမုတိသစ္စာကိုပြသော ဟောကြားချက်များကို တွေ့ရတသည်။ အဘိဓမ္မာထဲတွင် ပရမတ္ထဒေသနာခေါ်သော အကြွင်းမဲ့ သစ္စာတရားနဲ့ဆိုင်သော ဟောပြောချက်တွေသာ တွေ့ရသည်။

အဘိဓမ္မာထဲမှာ အရာရာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး ဟောတော်မူပါတယ်။ ဒါကြောင့် အဘိဓမ္မာကို ခွဲခြမ်းစိတ်ဖြာတဲ့တရား (၀ိဘဇ္ဇဝါဒ)လို့ ခေါ်ကြတာဖြစ်တယ်။

အဘိဓမ္မာထဲတွင် ပရမတ္ထသစ္စာလေးပါးကို ရေတွက်ပြထားသည်။ စိတ်(consciousness)၊ စေတသိက်(mental concomitants)၊ရုပ်(matter)၊နိဗ္ဗာန် (extinction of all Sufferings) တို့ ဖြစ်သည်။

ဒီအဘိဓမ္မာဒေသနာတွင် ပုဂ္ဂိုလ်သတ္တဝါဟုခေါ်သော ဖြစ်တည်ခြင်း သဘောကို အနုစိတ်ခွဲခြမ်းစိတ်ဖြာပြထားသည်။ အစိတ်အပိုင်းတစ်ခုစီကိုလည်း ခရေစေ့တွင်းကျ ဖေါ်ပြထားသည်။ နောက်ဆုံးတွင် ရောက်ရမည့် ဘဝပန်းတိုင်သဘောကို၎င်း၊ ထိုပန်းတိုင်ကို ဆိုက်ရောက်ကြောင်းနည်းလမ်းကောင်းကို၎င်း လိုအပ်တဲ့အသေးစိတ်အချက်အလက်မှန်သမျှကို ရှင်းလင်းဖေါ်ပြထားသည်။

အဘိဓမ္မပိဋကတွင် ပါဝင်သော ကျမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဓမ္မသင်္ဂဏီ    (Enumeration of Phenomena)
၂။ ဝိဘင်္ဂ            (The Book of Treatises)
၃။ ကထာဝတ္ထု    (Points of controversy)
၄။ ပုဂ္ဂလပညတ်   (Description of Individuals)
၅။ ဓာတုကထာ    (Discourses on Elements)
၆။ ယမိုက်           (The Book of Pairs)
၇။ ပဌာန်း            (The Book of Relations)

ကိုး – Dr. k sridha mmanda (ဦးဆန်းလွင်)

နိကာယ် ငါးရပ်

နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။ ဓမ္မဒေသနာတို့အား သဘောတူရာ တူရာစု၍ အောက်ပါအတိုင်း “နိကာယ (အစုအပေါင်း)” ငါးစု (တနည်း နိကာယ် ငါးရပ်) ခွဲခြားခဲ့ကြပါသည်။

  1. ဒီဃနိကာယ (Collection of Long Discourses) – သုတ္တန်အရှည်များ စုစည်းထားသော အုပ်စု
  2. မဇ္ဈိမနိကာယ (Collection of Middle Length Discourses) – အလယ်အလတ်သုတ္တန်များ စုစည်းထားသော အုပ်စု
  3. သံယုတ္တနိကာယ (Collection of Connected Discourses) – အချင်းချင်း ဆက်နွယ်နေသော သုတ္တန်များအား စုထားသော အုပ်စု
  4. အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses) – အင်္ဂါအရည်အတွက်အလိုက်စုစည်းထားသော နိကာယ်
  5. ခုဒ္ဒကနိကာယ (Collections of Minor Texts) – အရွယ်အစား သေးငယ်သော သုတ္တန်များနှင့် အဘိဓမ္မာဒေသနာအုပ်စု

၁။ ဒီဃနိကာယ (Collection of Long Discourses)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ဒီဃနိကာယ်

ဗုဒ္ဓဒေသနာတော်များအား အကျဉ်းချုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော အုပ်စုသုံးစုရသည်။ ဒီဃနိကာယ်တွင် ပါဝင်သော သုတ္တန်များသည် သီလ, သမာဓိ, ပညာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားထားသော သုတ္တန်များဖြစ်သည်။

  • မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးအကြောင်း ဟောကြားသော ဗြဟ္မဇာလသုတ်၊
  • ရဟန်းပြုရခြင်း၏ သာမည အကျိုးကျေးဇူးကို အဇာတသတ်မင်းအား ဟောကြားသော သာမညဖလသုတ်၊
  • ဗုဒ္ဓ၏ နောက်ဆုံးကာလ ဖြစ်စဉ်များအား ဟောကြားထားသော မဟာပရိနိဗ္ဗာနသုတ်၊
  • နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်သည့် သတိပဋ္ဌာန်လေးပါးကို ဟောကြားသော မဟာသတိပဋ္ဌာနသုတ်၊
  • မိဘဝတ်, သားသမီးဝတ် စသဖြင့် လူမှုကျင့်ဝတ်များကို ဟောကြားထားသော သိင်္ဂါလောဝါဒသုတ်

တို့သည် ဒီဃနိကာယ်လာ သုတ္တန်များဖြစ်သည်။ ယေဘုယျအားဖြင့် ဒီဃနိကာယ်လာသုတ်များသည် ဘာသာခြားတို့အား ဗုဒ္ဓအဆုံးမ, ဗုဒ္ဓသာသနာကို လိုက်နာသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဟောကြားထားသော သုတ်များဖြစ်သည်ဟု ဆိုနိုင်သည်။ အသောကမင်းလက်ထက်တွင် အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် ဒီဃနိကာယ်၏ ပထမဆုံးသုတ်ဖြစ်သော ဗြဟ္မဇာလသုတ်ကို ဟောကြား၍ သုဝဏ္ဏဘုမ္မိအရပ်တွင် သာသနာပြုခဲ့ ခြင်းဖြစ်သည်။

စုစုပေါင်း သုတ္တန် ၃၄-ပုဒ်ပါဝင်သော ဤဒီဃနိကာယ်အား “ဝဂ္ဂ (=အစု)” ခေါ် အစုသုံးစု ကျမ်းသုံးကျမ်း ခွဲခြားထားသည်။

  1. သီလက္ခန္ဓဝဂ္ဂ (မြန်မာအခေါ် သုတ်သီလက္ခန်) – သုတ်ပေါင်း ၁၃-သုတ်
  2. မဟာဝဂ္ဂ (မြန်မာအခေါ် သုတ်မဟာဝါ) – သုတ်ပေါင်း ၁၁-သုတ်
  3. ပါထိကဝဂ္ဂ (မြန်မာအခေါ် သုတ်ပါထေယျ) – သုတ်ပေါင်း ၁၀-သုတ်

ပါဠိစာပေတို့တွင် ကျမ်းစာ၏ အရွယ်ပမာဏတို့ကို မရပ်မနားပဲ တစ်ကြိမ်တည်း ရွတ်ဆိုနိုင်သော ပမာဏဖြင့် တိုင်းတာလေ့ရှိသည်။ ယင်းပမာဏအား “ဘာဏဝါရ” ဟုခေါ်သည်။ တစ်ဘာဏဝါရတွင် အက္ခရာအလုံးရည် ရှစ်ထောင်ရှိသည်။ ဒီဃနိကာယ်အား ဘာဏဝါရဟူသော unit ဖြင့်တိုင်းထွာက ၆၄-ဘာဏဝါရ ရှိသည်။

၂။ မဇ္ဈိမနိကာယ (Collection of Middle Length Discourses)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – မဇ္ဈိမနိကာယ်

ဒီဃနိကာယ်လာ သုတ်များသည် ကျယ်ကျယ်ပြန့်ပြန့် ရှည်ရှည်လျားလျား ဟောကြားထားသော သုတ်များဟုဆိုပါက၊ မဇ္ဈိမနိကာယ်မှ သုတ်များသည် နက်နက်ရှိုင်းရှိုင်း ဟောကြားထားသော သုတ်များဟု ဆိုနိုင်သည်။ မဇ္ဈိမနိကာယ်လာ သုတ် အများစုသည် ဗုဒ္ဓဘာသာရဟန်းတော်များအား ရည်ရွယ်ဟောကြားထားသည်ဟု ဆိုနိုင်သည်။

  • မူလပရိယာယသုတ်၊
  • သဗ္ဗာသဝသုတ်၊
  • သမ္မာဒိဋ္ဌိသုတ်၊
  • ဓာတုဝိဘင်္ဂသုတ်၊ စူ
  • ဠကမ္မဝိဘင်္ဂသုတ်၊
  • တဏှာသင်္ခယသုတ်၊
  • စူဠဝေဒလ္လသုတ်၊
  • အာနာပါနဿတိသုတ်၊
  • ဆဆက္ကသုတ်

စသော အဓိပ္ပါယ်လေးနက်သည့် သုတ္တန်များသည် မဇ္ဈိမနိကာယ်လာ သုတ်များဖြစ်သည်။

မဇ္ဈိမနိကာယ်မှသုတ်များသည် အရွယ်အစားအားဖြင့် ဒီဃနိကာယ်မှ သုတ်များလောက် မရှည်လျားသော်လည်း၊ အခြားနိကာယ်များမှ သုတ်များလောက် တိုတောင်းခြင်း မရှိပေ။ ထို့ကြောင့်ပင် မဇ္ဈိမ (အလယ်အလတ်) နိကာယ်ဟု ခေါ်ခြင်းဖြစ်သည်။

မဇ္ဈိမနိကာယ်တွင် သုတ်အရေအတွက်အားဖြင့် ၁၅၂ သုတ်ရှိကာ၊ ကျမ်းတစ်ကျမ်းလျှင် သုတ် ၅၀-ခန့်ဖြင့် ပဏ္ဏာသ ခေါ် ကျမ်း သုံးကျမ်း ခွဲထားသည်။ ပဏ္ဏာသဟူသည် ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။

  1. မူလပဏ္ဏာသ (ရှေးဦးအစ သုတ်ငါးဆယ်)
  2. မဇ္ဈိမပဏ္ဏာသ (အလယ် သုတ်ငါးဆယ်)
  3. ဥပရိပဏ္ဏာသ (အဆုံးသုတ် ငါးဆယ်)

မှတ်ရ, ခေါ်ရလွယ်ရန် ပဏ္ဏာသ (ငါးဆယ်) ဟုဆိုရသော်လည်း နောက်ဆုံး ဥပရိပဏ္ဏာသတွင် သုတ်အရေတွက်အားဖြင့် ၅၂-သုတ်ရှိ၍ စုစုပေါင်း ၁၅၂-သုတ်ရှိသည်။ တဖန် ပဏ္ဏာသတစ်ခုစီတွင် သုတ် ၁၀-သုတ်စီအား “ဝဂ္ဂ”ခေါ် အခန်း တစ်ခန်းစီ ခွဲ၍ ထားသည်။ မဇ္ဈိမနိကာယ် တစ်ခုလုံးအနေဖြင့် ဘာဏဝါရ ၈၀ ရှိ၍ ဒီဃနိကာယ်ထက် ပို၍ အရွယ်ပမာဏကြီးမားသည်။

၃။ အင်္ဂုတ္တရနိကာယ (Collections of Numerical Discourses)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – အင်္ဂုတ္တရနိကာယ်

ဗုဒ္ဓလက်ထက် အိန္ဒိယနိုင်ငံ စာပေသင်ကြားပို့ချသော နည်းစနစ်သည် နှုတ်တိုက်သင်ယူပို့ချသော နည်းစနစ်ဖြစ်သည်။ ထို့ကြောင့် ကျက်မှတ်ရလွယ်ကူစေရန် အချက်အလက် တစ်ခုရှိသောတရားများ၊ အချက်အလက် နှစ်ခုရှိသော တရားများ စသဖြင့် အင်္ဂါ (အချက်အလက်) အရေအတွက်ကို မူတည်၍ သင်ယူပို့ချလေ့ရှိသည်။ အင်္ဂုတ္တရနိကာယ်သည် ဤသို့ အင်္ဂါအချက်လက်အရေအတွက် ပေါ်မူတည်၍ စုစည်းထာသော နိကာယ်ဖြစ်သည်။

နိပါတ (နိပါတ်) ခေါ် အခန်း ၁၁-ခန်းဖြင့် ဖွဲ့စည်းထားသည်။

ပထမအခန်း ဧကကနိပါတတွင် အင်္ဂါတစ်ပါးရှိသော သုတ်များ၊
ဒုတိယအခန်း ဒုကနိပါတ်တွင် အင်္ဂါနှစ်ပါးရှိသော သုတ်မျာ၊
တိကနိပါတ်တွင် အင်္ဂါသုံးပါးရှိသော သုတ်များ စသဖြင့် အခန်း ၁၁-ခန်းရှိသည်။

အင်္ဂုတ္တရနိကာယ်သည် ဘာဏဝါရအားဖြင့် ၁၂၀ ဘာဏဝါရရှိ၍ သုတ် အရေတွက်အားဖြင့် ၉၅၅၇-သုတ်ရှိသည်ဟု အဋ္ဌကထာများကဆိုသည်။ (ဘိက္ခုဗောဓိအလိုအရ သုတ်ပေါင်း ၂၃၄၄-သုတ်သာတွေ့ရသည်ဟု ဆို၏။ ရေတွက်ပုံကွဲလွဲ၍ ဖြစ်ပေမည်။) နိပါတ်တစ်ခုစီအား ဝဂ္ဂ ခေါ် အစုများထပ်မံ ခွဲခြားထားရာ စုစုပေါင်း ဝဂ် ၁၆၀ ပါဝင်သည်။ ဝဂ်တစ်ခုစီတွင် အကြမ်းအားဖြင့် သုတ် ၁၀-သုတ်မျှ ပါဝင်သည်။ သို့သော်လည်း အချို့ဝဂ်များတွင် ၇-သုတ်သာပါသည်ရှိသလို၊ အချို့တွင် ၂၆၂-သုတ်ထိပါဝင်သည်ကို တွေ့ရသည်။

အကြောင်းအရာအားဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ထို့ကြောင့် ဤနိကာယ်သည် ဗုဒ္ဓဘာသာ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။

၄။ ခုဒ္ဒကနိကာယ (Collections of Minor Texts)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ခုဒ္ဒကနိကာယ်

ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို အရှင်အာနန္ဒာမထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။

  1. ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)
  2. ဓမ္မပဒ
  3. ဥဒါန (ဥဒါန်း)
  4. ဣတ္တိဝုတ္တက (ဣတ္တိဝုတ်)
  5. သုတ္တနိပါတ (သုတ္တနိပါတ်)
  6. ဝိမာနဝတ္ထု
  7. ပေတဝတ္ထု
  8. ထေရဂါထာ
  9. ထေရီဂါထာ
  10. အပဒါန (အပါဒါန်)
  11. ဗုဒ္ဓဝံသ (ဗုဒ္ဓဝင်)
  12. စရိယာပိဋက
  13. ဇာတက (ဇာတ်)
  14. နိဒ္ဒေသ (မဟာနိဒ္ဒေသ နှင့် စူဠနိဒ္ဒေသ)
  15. ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသမ္ဘိဒါမဂ်)
  16. နေတ္တိ
  17. ပေဋကောပဒေသ
  18. မိလိန္ဒပဉှာ

နေတ္တိကျမ်းနှင့် ပေဋကောပဒေသကျမ်းတို့ကို ထိုင်းနိုင်ငံမူတွင် သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြု။ မိလိန္ဒပဉှာကို ထိုင်းနိုင်ငံရော, သီရိလင်္ကာနိုင်ငံကပါ သံဂါယနာတင်ကျမ်းအဖြစ်အသိမှတ်မပြုပေ။

ခုဒ္ဒကပါဌ်သည် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံဖတ်စာဟု ခေါ်ဆိုနိုင်သည်။ သရဏဂုံဆောက်တည်ခြင်း၊ ဆယ်ပါးသီလခံယူခြင်း၊ ၃၂-ကောဋ္ဌာသဆင်ခြင်ခြင်း၊ သာမဏေငယ်လေးများအတွက် အမေးအဖြေတို့ ပါဝင်သည်။ ပရိတ်ကြီး ၁၁-သုတ်အနက်မှ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ်တို့သည်လည်း ဤခုဒ္ဒကပါဌပါဠိတော်တွင် ပါဝင်သည်။

ထေရဂါထာ, ထေရီဂါထာနှင့် ဓမ္မပဒတို့သည် ဂါထာသက်သက်ဖြစ်၍၊ သုတ္တနိပါတ်, ဥဒါန်းနှင့် ဣတ္တိဝုတ်တို့သည် စကားပြေအနည်းငယ်ရောထားသော ဂါထာများဖြစ်၍ ဂါထာပေါင်းချုပ်ကျမ်းများ ဟုဆိုနိုင်သည်။ ထေရဂါထာနှင့် ထေရီဂါထာသည် ရဟန္တာအရှင်များ၊ အရှင်မများ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်သော ဂါထာများ၊ အမေးအဖြေများ၊ ပရိနိဗ္ဗာန်ပြုခါနီး သံဝေဂရဖွယ် မြွက်ကြားသော ဂါထာများဖြစ်သည်။

သုတ္တနိပါတ်ပါဠိတော်၌ ပစ္စေကဗုဒ္ဓတို့ကဲ့သို့ တစ်ပါးတည်း ဧကစာရီကျင့်သုံးသော ရသေ့ရဟန်းတို့၏ ခဂ္ဂဝိသာဏသုတ် (ကြံချိုပမာကျင့်ဖွယ်တရား)၊ မုနိသုတ်တို့ပါဝင်သည်။ နိဒ္ဒေသပါဠိတော်သည် သုတ္တနိပါတ်လာ အဋ္ဌကဝဂ်၊ ပါရာယနဝဂ်နှင့် ခဂ္ဂဝိသာဏသုတ်တို့၏ အဖွင့်ကျမ်းဖြစ်သည်။

ဝိမာနဝတ္ထု (ဝိမာန= ဗိမာန်) သည် မည်သည့်အကြောင်းကြောင့် နတ်စည်းစိမ်ခံစားရပုံ ဝတ္ထုသာဓကများဖြစ်၍၊ ပေတဝတ္ထုသည် မည်သို့ ပြိတ္တာဘဝရောက်ရပုံ၊ မည်သို့ကျွတ်လွတ်ပုံ ဝတ္ထုသာဓကများဖြစ်သည်။

ဗုဒ္ဓဝင်သည် သုမေဓာရှင်ရသေ့ ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ဗျာဓိတ်ခံပုံ၊ ပါရမီဖြည့်ပုံနှင့် ဒီပင်္ကရာ မြတ်စွာဘုရားမှသည် ဂေါတမမြတ်စွာဘုရားတိုင် ၂၅-ဆူသော မြတ်စွာဘုရားတို့၏ အတ္ထုပ္ပတ္တိ အကျဉ်းဖြစ်သည်။ စရိယာပိဋကကျမ်းသည် မြတ်စွာဘုရားအလောင်းတော်ဘဝက ပါရမီဖြည့်ကျင့်တော်မူခဲ့ပုံ ပုံဝတ္ထု ၃၅-ပုဒ်အား ပါရမီ ၁၀-ပါး အစီအစဉ်ဖြင့် ဖော်ပြထားသည်။ အပါဒါန်ပါဠိတော်သည်လည်း ဘုရား၊ ပစ္စေကဗုဒ္ဓနှင့် ရဟန္တာ အရှင် အရှင်မတို့၏ အတ္ထုပ္ပတ္တိကျမ်း ဖြစ်သည်။

ဇာတကကျမ်းအား ၅၅၀-နိပါတ်တော်ဟူသော အမည်ဖြင့် အသိများသည်။ မြတ်စွာဘုရားလက်ထက်တွင် ဖြစ်ပျက်သော အကြောင်းအရာတို့ ဆက်နွယ်၍ အတိတ်ကိုဆောင်ကာ ရှေးက ဤသို့ဖြစ်ခဲ့ဖူးသည်ဟု ဟောကြားထားသော ဇာတ်တော်များ ဖြစ်သည်။ ဇာတ်တော်ပုံပြင် ၅၄၇-ပုဒ်သာ ရှိသော်လည်း အခေါ်လွယ်စေရန် ငါးရာငါးဆယ်ဇာတ်ဟုသာ ခေါ်တွင်ခြင်းဖြစ်သည်။

ပဋိသမ္ဘိဒါမဂ်သည် ဓမ္မဒေသနာတို့အား အဘိဓမ္မာဆန်ဆန် အသေးစိတ် ခွဲခြားဝေဖန် ဟောကြားထားသော ကျမ်းဖြစ်သည်။ သုတမယဉာဏ်, သီလမယဉာဏ်မှ အစချီကာ သဗ္ဗညုတဉာဏ်, အနာဝရဏဉာဏ်တိုင် ၇၃-မျိုးသော ဉာဏ်များအား ဉာဏကထာခန်းတွင် ပိုင်းခြားပြသည်။ သစ္စာအနက် ၁၆-ချက်၊ ၅၂၈-သွယ် မေတ္တာပွားနည်းတို့သည် ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒေသနာများဖြစ်သည်။

ပေဋကောပဒေသ (ပိဋကတ်လမ်းညွှန်ကျမ်း) နှင့် နေတ္တိ (လမ်းညွှန်ကျမ်း)တို့သည် ပိဋကတ်သုံးပုံအား စနစ်တကျ ခြုံငုံလေ့လာသော လမ်းညွှန်ကျမ်းဖြစ်၍ ပိဋကတ်တော်တို့၏ အဖွင့် အဋ္ဌကထာ၊ ဋီကာ၊ ဒီပနီကျမ်းပြုဆရာတို့၏ လက်စွဲကျမ်း တစ်စောင်ဖြစ်သည်။

မိလိန္ဒပဉှာကျမ်းသည် ဂရိနွယ်ဖွား တစ်ဦးဖြစ်သော သာဂလပြည်ဘုရင် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန (အရှင်နာဂသိန်)တို့ တရားဓမ္မနှင့်စပ်၍ စကားစစ်ထိုးသော ကျမ်းဖြစ်သည်။

နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက်

(၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)

(၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ)

(၃) ဝိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။

ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။

နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။

ကထာဝတ္ထုနှင့် မိလိန္ဒပဉှာကျမ်း

လက်ရှိ ပါဠိပိဋကတ်တော်၌ တွေ့ရသည့် ကထာဝတ္ထုကျမ်းနှင့် မိလိန္ဒပဉှာကျမ်းတို့မှာ ပထမသင်္ဂါယနာနှင့် ဒုတိယသင်္ဂါယနာတို့ထက် နောက်ကျသောကာလမှ ပေါ်ထွက်လာခဲ့သော ကျမ်းများ ဖြစ်ကြသည်။ သို့ပင်ဖြစ်သော်လည်း ထေရဝါဒ ဆက်လက်တည်တံကာ ရေရှည်ပြန့်ပွားထွန်းကားနိုင်ရေးကို ရှေးရှုထားသည့် ကျမ်းများဖြစ်၍ ယင်းကျမ်းစာနှစ်ဆူကို ပါဠိပိဋကတ်တော်စာရင်းတွင် ထည့်သွင်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။ 

ကထာဝတ္ထု

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – ကထာဝတ္ထု

ကထာဝတ္ထုကျမ်းသည် မူရင်းပိဋကတ်တွင် မပါဝင်ပဲ တတိယသင်္ဂါယနာတင်ပြီးချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အယူဝါဒမှားယွင်းပုံကို ထောက်ပြဝေဖန်ခဲ့သည့် ကျမ်းဖြစ်သည်။ အသောကမင်းကြီးလက်ထက်တွင် မင်းကြီးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာသောအခါ ယခင်လှူဒါန်းခဲ့ဖူးသော တက္ကတွန်း ခြောက်သောင်းတို့အား ရှေးကကဲ့သို့ နန်းတော်သို့ အဝင်မခံပဲ နှင်ထုတ်ခဲ့သည်။ ထိုအခါ ဗြဟ္မဏရဟန်း၊ ဂျိန်းရဟန်း၊ အာဇီဝက တက္ကတွန်းစသော အခြားဘာသာရေးဂိုဏ်းသားများသည် အနေအစားချောင်စေရန် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ရဟန်းပြုခဲ့ကြသည်။ ရဟန်းပြုခွင့်မရသူများကလည်း မိမိတို့ဘာသာ သင်္ကန်းကို ဝတ်ရုံကာ ရဟန်းအသွင်ဆောင်ခဲ့ကြလေသည်။

ထိုသူများသည် ဗုဒ္ဓသာသနာတော်အတွင်းဝင်လျက် မိမိတို့၏ မူလအယူဝါဒများကို ဗုဒ္ဓဘာသာအယူဝါဒများ ဖြစ်လေဟန် ဟောပြောခဲ့သည်။ မူလကျင့်စဉ်များကိုလည်း သင်္ကန်းဝတ်ဖြင့် ဆက်လက်ကျင့်သုံးကာ စိတ်ထင်တိုင်းပြုခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်များသည် နေရာတိုင်းလိုလို ရဟန်းကောင်းများနှင့် ရောနှောပါဝင်နေသောကြောင့် ရဟန်းကောင်းများအဖို့ သံဃကံကိုဆောင်ရန် အခတ်အခဲရှိလာကာ ဥပုပ်ပဝါရဏာ မပြုနိုင်ဖြစ်လာသည်။ ထိုအခါ အသောကမင်းကြီး၏ ကောင်းမှု အသောကာရုံကျောင်းကြီးတွင် သံဃာတော်များ ဥပုပ်ပဝါရဏာ မပြုနိုင်ပဲ ခုနှစ် နှစ် ရပ်ဆိုင်းသွားခဲ့သည်။ အသောကမင်းကြီးက ကျောင်းတိုက်အတွင်း ဖြစ်ပေါ်စေသော ပြဿနာများ ဖြေရှင်းစေရန် အမတ်တစ်ယောက်ကို စေလွှတ်ခဲ့ရာ ထိုအမတ်သည် ရဟန်းကောင်းများကို ဥပုပ်ပဝါရဏာ မပြုသောကြောင့် အမိန့်မနာခံဟု ဆိုကာ သတ်ဖြတ်ပစ်လေသည်။ ထိုအခါ အသောကမင်းကြီးမှာ လွန်စွာစိတ်ဆင်းရဲရ၍ ထိုပြဿနာကို ဖြေရှင်းနိုင်မည့် ပုဂ္ဂိုလ်ကို ရှာဖွေစုံစမ်းရာ သံဃာတော်တို့၏ ညွှန်ကြားချက်အရ အဟောဂင်္ဂါတောင်၌ သီတင်းသုံးနေသာ အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကို နေပြည်တော်သို့ ပင့်ဖိတ်၍ ဩဝါဒခံယူခဲ့သည်။ ထို့နောက် ရဟန်းတော်အားလုံးကို အသောကရုံကျောင်းတိုက်သို့ ပင့်ဖိတ်ကာ ရဟန်းတော်တို့အား အယူဝါဒတူရာ အုပ်စုအလိုက် မင်းကြီးကိုယ်တိုင် မေးမြန်းစိစစ်သည်။ “မြတ်စွာဘုရားသည် မည်သည့်အယူရှိသနည်း” ဟု မေးမြန်းသော် ဗုဒ္ဓဝစနတို့ကို မသင်ယူဖူးသူတို့က မိမိတို့ထင်ရာ၊ မြင်ရာ ပြောကြသည်။ ထိုသူများကို အဝတ်ဖြူလဲစေကာ သာသနာတော်မှ နှင်ထုတ်သည်။ “ဘုရားရှင်သည် ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဖြေကြားသော ရဟန်းတော်များကို သာသနာတော်၌ ဆက်လက်နေခွင့်ပြုသည်။

ထိုသို့အသောကမင်းကြီး စိစစ်ပြီးနောက်၊ ဒုတိယအဆင့်အဖြစ် အရှင်မောဂ္ဂလိပုတ္တတိဿကိုယ်တိုင် ရဟန်းတော်များကို မေးမြန်း စိစစ်ကာ ထေရဝါဒီစစ်စစ်များကိုသာ ရွေးချယ် လက်ခံခဲ့သည်။ ထိုသို့ အရှင်မြတ် အသေးစိတ်မေးမြန်းစိစစ်ရာ၌ ဝါဒတစ်ခုချင်းကို အပြန်အလှန်အမေးအဖြေပြုကာ စိစစ်ဖယ်ထုတ်တော်မူခဲ့သည်။ ဤသို့ အခြားဂိုဏ်းသားများ၏ အယူဝါဒများမှားယွင်းပုံကို အရှင်မြတ် ထောက်ပြဝေဖန်သည့်ကျမ်းကို ကထာဝတ္ထုပါဠိတော်ဟု ခေါ်သည်။ [၃]

မိလိန္ဒပဉှာကျမ်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – မိလိန္ဒအမေးအဖြေ

အသောကမင်းကြီးနောက်မင်း (၆) ဆက်မြောက်၌ သုင်္ဂပုရှာမိတြအမည်ရှိ ဗြဟ္မဏစစ်သူကြီးသည် ဘုရင်ကို လုပ်ကြံကာ ထီးနန်းရယူပြီး သုင်္ဂမင်းဆက်ကို တည်ထောင်ခဲ့သည်။ မောရိယမင်းဆက်ပျက်သုဉ်းပြီးနောက်၊ သုင်္ဂမင်းဆက် ပေါ်ထွက်လာသောအခါတွင်၌မူ ဂရိအနွယ်ဝင်တို့ ပြန်လည်ခေါင်းထောင်လာကာ သီးခြားလွတ်လပ်သော နိုင်ငံငယ်များ ထူထောင်လာကြသည်။ ထိုဂရိအနွယ်ဝင်မင်းများအနက် သာသနာသက္ကရာဇ် (၅၀၀) ခန့်၌ ပေါ်ပေါက်ခဲ့သော မိလိန္ဒမင်းသည် ထင်ရှားခဲ့သည်။ မိလိန္ဒမင်းသည် ဗုဒ္ဓဘာသာကို စူးစမ်းသည်။ စိတ်ဝင်စားသည်။ မိမိမရှင်းသော အချက်များ၊ ရှေ့နောက်မညီဟု ယူဆသော အကြောင်းအရာများကို ရဟန္တာအရှင်မြတ် အရှင်နာဂသေနအား မေးမြန်းလျှောက်ထားသည်။ မထေရ်မြတ်သည် မင်းကြီး၏အမေးတို့ကို ထေရဝါဒအမြင်ဖြင့် ရှင်းလင်းဖြေကြားခဲ့သည်။ ထိုမိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေတို့ကို မှတ်တမ်းတင်ထားသည့် ကျမ်းကို မိလိန္ဒပဉှာပါဠိတော်ဟု နောင်တွင်ခေါ်ခဲ့ကြသည်။

မိလိန္ဒပဉှာကျမ်းမှာ ထေရဝါဒနှင့်မတူသော အယူအဆများ၊ ထေရဝါဒအပေါ် သံသယဝင်သောအချက်များကို အရှင်နာဂသေနက ဖြေရှင်းပြထားသော ကျမ်းဖြစ်သည်။ တနည်းဆိုရသော် ထေရဝါဒ ဆက်လက်တည်တံ့နိုင်အောင် အားထုတ်ထားသော ကျမ်းပင် ဖြစ်သည်။ ဤကျမ်းကို အဋ္ဌကထာဆရာကြီးများက ပိဋကတ်တော်ကျမ်းများကဲ့သို့ပင် အလေးထား တန်ဖိုးထားခဲ့ကြသည်။ မျက်မှောက်ကာလတွင် ထေရဝါဒနိုင်ငံများ၌ ဤကျမ်းကို ခုဒ္ဒကနိကာယ်ပါဠိတော်ကျမ်းတစ်ဆူအဖြစ် အသိအမှတ်ပြုထားကြသည်။

ပိဋကတော်၏ နက်နဲခြင်း ၄-ပါး

ပိဋက ၃-ပုံတို့တွင် တပါး တပါးသော ပိဋက၌ နက်နဲခြင်းအပြား လေးပါး။

  1. ဓမ္မ ဂမ္ဘီရ- ပါဠိတော်၏နက်နဲ ခက်ခဲခြင်း၊
  2. အတ္ထ ဂမ္ဘီရ- ထိုပါဠိ၏ အနက်အဓိပ္ပါယ်များ နက်နဲ ခက်ခဲခြင်း၊
  3. ဒေသနာ ဂမ္ဘီရ- နှလုံးပိုက်၍ သိုက်မြိုက် ဟောကြားတော်မူအပ်သော ဝစီဘေဒ သဒ္ဒါအစဉ်၏နက်နဲ ခက်ခဲခြင်း၊
  4. ပဋိဝေဓ ဂမ္ဘီရ- ထို ဓမ္မ, အတ္ထ, နှစ်ရပ်ကို အဟုတ်အဟတ် တပ်အပ်သေချာစွာ သိသောဉာဏ်၏နက်နဲ ခြင်း။

ပိဋကတော်၏ အင်္ဂါ ၉-ပါး။ ။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။

ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး

ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။

(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုတ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။

(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။

(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။

မှတ်ချက်။ ။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်၎င်း၊ နိဿရဏတ္ထပရိယတ္တိ သော်၎င်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။

သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖေါ်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း ။ဋ္ဌ။ပ။ ၁၉။ ၂၀။ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ပ။ ၁၉။ သာရတ္ထ။ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။

ကိုးကား

  1.  Dr. Tin Swe,MBBS,Ph.D – Illustrated History of Buddha’s Sasana (Vol.2. 1990)
  2. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)
  3.  နန္ဒာသိန်းဇံ – ထေရဝါဒနှင့် ပတ်သက်သောမှတ်ချက်များ

References