ဗောဓိပက္ခိယတရား (၃၇) ပါး

မဂ်ဉာဏ်၏အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။

ဗောဓိယာ– မဂ်ဉာဏ်၏၊
ပက္ခေ– အဖို့၌ (ဝါ) အပင်းအသင်း၌၊
ဘဝါ– ဖြစ်ကုန်သောတရားတို့တည်း၊
ဣတိ– ဤသို့သော အကြောင်း ကြောင့်၊
ဗောဓိပက္ခိယာ– ဗောဓိပက္ခိယ မည်ကုန်၏။

(ဗောဓိပက္ခိယဒီပနီ)

ဗောဓိပက္ခိယတရားစုများကား −

(က) သတိပဋ္ဌာန် (၄) ပါး
(ခ) သမ္မပ္ပဓာန် (၄) ပါး
(ဂ) ဣဒ္ဓိပါဒ် (၄) ပါး
(ဃ) ဣန္ဒြေ (၅) ပါး
(င) ဗိုလ် (၅) ပါး
(စ) ဗောဇ္ဈင် (၇) ပါး
(ဆ) မဂ္ဂင် (၈) ပါး

စုစုပေါင်း ၃၇ ပါးရှိသည်။

(က) သတိပဋ္ဌာန် (၄) ပါး

သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်

၎င်းတို့မှာ

ကာယာနုပဿနာ သတိပဋ္ဌာန် – ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှူအမြင် အထင်စွဲမြဲသော သတိတရား။
ဝေဒနာနုပဿနာ သတိပဋ္ဌာန် – သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
စိတ္တာနုပဿနာ သတိပဋ္ဌာန် – သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
ဓမ္မာနုပဿနာ သတိပဋ္ဌာန် – ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။

တို့ဖြစ်သည်။

၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်ပါသည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။

(ခ) သမ္မပ္ပဓာန် (၄) ပါး

သမ္မပ္ပဓာန်ဟူသည် ကောင်းစွာ အလွန်ရွက်ဆောင်တတ်သော တရားဟု အဓိပ္ပာယ်ရရှိပါသည်။ အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာကြွင်းပါစေ၊ အသားအသွေး အကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဝီရိယဟု ဆိုလိုပါသည်။ တနည်းအားဖြင့် ကိစ္စလေးပါးကို ပြီးစေနိုင်သောကြောင့် ချီးမွမ်းထိုက်သော ဝီရိယဟု အဓိပ္ပာယ်ရရှိပါသည်။

တရားကိုယ်အားဖြင့် ဝီရိယ တပါးတည်းဖြစ်သော်လည်း ကိစ္စအားဖြင့်လေးမျိုးဖြစ်သောကြောင့် သမ္မပ္ပဓာန် (၄) ပါး ပြားရပါသည်။ သမ္မပ္ပဓာန် (၄) ပါးကား ဖော်ပြလတ္တံပါအတိုင်း ဖြစ်သည်။

၁။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော အကုသိုလ်တရား(ဥပ္ပန္န အကုသိုလ် – အတိတ်အကုသိုလ်၊ ပစ္စုပ္ပန်အကုသိုလ်)တို့ကို ပယ်ခြင်းငှာ အားထုတ်ခြင်း၊ အကုသိုလ်တရားကို ပြုမိသည့်အတွက် နောင်တတဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ်နေလျှင် အကုသိုလ်များသာ တိုးပွားလာမည်၊ ပူပန်ခြင်းကြောင့်ပြုမိသော အကုသိုလ်လည်း ပျောက်မည်မဟုတ်၊ ဤသို့ ဆင်ခြင်ပြီး ထိုအကုသိုလ်တရားကို လုံးဝဂရုမပြုဘဲ ပယ်စွန့်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

၂။ မိမိသန္တာန်၌ နောင်ဖြစ်လတ္တံသော အကုသိုလ်တရား(အနုပ္ပန္န အကုသိုလ် – အနာဂတ် အကုသိုလ်)တို့ကို နောင်ဘဝအဆက်ဆက် တရံတဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်းငှာ အားထုတ်ခြင်း၊ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော အကုသိုလ်တရားများ မဖြစ်ပွားလာစေခြင်းငှာ ဒါနမှု သီလမှု အားထုတ်ခြင်း၊ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း၊ ဝတ်ကြီးဝတ်ငယ် ပြုခြင်း၊ ပရိယတ္တိကို သင်အံပို့ချ ရေးသားဖြန့်ဖြူးခြင်းများကို အားထုတ်ပြုလုပ်နေရမည်ဟု ဆိုလိုပါသည်။

၃။ မိမိသန္တာန်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်ကုန်သော ကုသိုလ်တရား(ဥပ္ပန္န ကုသိုလ် – အတိတ်ကုသိုလ်၊ ပစ္စုပ္ပန်ကုသိုလ်)တို့ကို နိယာမအဖြစ်သို့ ရောက်စေရန် လွန်စွာကြီးပွားစေခြင်းငှာ အားထုတ်ခြင်း၊ မိမိ ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါနမှု သီလမှု ဘာဝနာမှု စသည်တို့ကို တိုးတက်ကြီးထွားရန် အားထုတ်ခြင်းကို ဆိုလိုပါသည်။

၄။ မိမိသန္တာန်၌ မဖြစ်ဖူးသေးကုန်သော ကုသိုလ်တရား(အနုပ္ပန္န ကုသိုလ် – အနာဂတ် အကုသိုလ်)တို့ကို မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ အားထုတ်ခြင်း၊ ဒါနမှု သီလမှု ဘာဝနာမှု စသည်ကို ပြုလုပ်ခြင်းငှာ အားထုတ်ခြင်းကို ဆိုလိုပါသည်။

(ဂ) ဣဒ္ဓိပါဒ် (၄) ပါး

ဣဒ္ဓိပါဒ်ဟူသည် ပြည့်စုံခြင်း ပြီးစီးခြင်း အမျိုးမျိုး၏ အခြေခံတရားဟု အဓိပ္ပါယ်ရရှိပါသည်။ ဣဒ္ဓိပါဒ်သည် ဖော်ပြလတ္တံပါအတိုင်း (၄) ပါး ရှိပါသည်။

၁။ ဆန္ဒိဒ္ဓိပါဒ် = ဆန္ဒကြောင့် ပြီးပြည့်စုံမှု၊
၂။ ဝီရိယိဒ္ဓိပါဒ် = ဝီရိယကြောင့် ပြီးပြည့်စုံမှု၊
၃။ စိတ္တိဒ္ဓိပါဒ် = စိတ်ကြောင့် ပြီးပြည့်စုံမှု၊
၄။ ဝီမံသိဒ္ဓိပါဒ် = ပညာကြောင့် ပြီးပြည့်စုံမှု။

၁။ ဆန္ဒိဒ္ဓိပါဒ်ဟူသည် လိုချင်မှု ရချင်မှု ပေါက်ချင်မှု ရောက်ချင်မှုတို့၌ အလွန်အကြူး အထူးထက်သန်သော ဆန္ဒကြောင့် ပြီးစီးပြည့်စုံ လာခြင်းကို ဆိုလိုသည်။ မရလျှင် မနေနိုင်၊ မရလျှင် သေရသည်ကပင် ကောင်းသေး၏ဟု မရဘဲ နေရသည်ထက် သေခြင်းကို အမြတ်ထားနိုင်သော ဆန္ဒမျိုးဖြစ်သည်။

၂။ ဝီရိယိဒ္ဓိပါဒ်ဟူသည် အရေသာ ကြွင်းပါစေ၊ အကြောသာ ကြွင်းပါစေ၊ အရိုးသာ ကြွင်းပါစေ၊ အသားအသွေးအကုန် ခန်းခြောက်ပါစေဟူသော အင်္ဂါလေးပါးရှိသည့် ဝီရိယကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော ဝီရိယနှင့် ပြည့်စုံသောသူသည် ဝီရိယကို စိုက်ထုတ်နိုင်လျှင် ဧကန်ရမည်ရောက်မည်ပေါက်မည်ဟု အထင်ရှိနေသောကြောင့် နေ့နေ့ညည အဘယ်မျှပင် အပန်းခံရသော်လည်း စိတ်မတွန့်၊ ရက်ပေါင်း လပေါင်း နှစ်ပေါင်း မည်မျှကြာအောင် အားထုတ်ရစေကာမူ စိတ်မတွန့်လေပြီ။

၃။ ဝီမံသိဒ္ဓိပါဒ်ဟူသည် အပါယိကဒုက္ခ ဝဋ်ဒုက္ခကြီးကျယ်ပုံကို ကောင်းစွာမြင်နိုင်သော ပညာ၊ ဣဒ္ဓိတို့၏ အကျိုးအာနိသင်ကို ကောင်းစွာ မြင်နိုင်သော ပညာ၊ ခက်ခဲနက်နဲသော တရားဓမ္မသဘာဝတို့၌ ပြန့်ပြူးစွာ ကျက်စားနိုင်သော ပညာကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုသည်။ ထိုပညာနှင့် ပြည့်စုံသောသူသည် လောကီတရား ချမ်းသာစီးပွားမှုတို့၌ စိတ်အရသာကို ရှာကြံ၍ မရဘဲ နက်နဲသော ဖော်ပြပါ ပညာတို့၌သာ စိတ်အရသာကို တွေ့နိုင်တော့သည်။ နက်နဲသောတရား ဆိုလေလေ ပေါက်ရောက်အောင် လုပ်ကြံချင်လေ ဖြစ်တော့သည်။

၄။ စိတ္တိဒ္ဓိပါဒ်ဟူသည် သာသနာတော်ကို တွေ့ကြုံ၍ သာသနဓမ္မကို ကြားနာရသည့်အခါမှစ၍ အလွန်အကြူး ထက်သန်ခိုင်မာသော စိတ်စွမ်းအားကြောင့် ပြီးစီးခြင်း ပြည့်စုံခြင်းကို ဆိုလိုပါသည်။ လောက၌ အတင့်အတယ် အဖွယ်အရာ ချမ်းသာစီးပွားမှု၊ ဘုန်းတန်ခိုး လာဘ်လာဘ ကျမ်းဂန်ပရိယတ်မှုများ၌ နေရသော်လည်း ထိုအမှုတို့၌ စိတ်မပါ စိတ်မရှိ၊ မိမိလိုလားမှု၌ ထိုထိုဤဤ ကြံစည်နေရမှသာ စိတ်ချမ်းသာခွင့်ကို ရရှိတော့သည်။

(ဃ) ဣန္ဒြေ (၅) ပါး

ဣန္ဒြေငါးပါး ၌ ဣန္ဒြေဆိုသည်ကား “ဣန္ဒဿ ကမ္မံ ဣန္ဒြိယံ၊ ဣန္ဒဿ = အစိုးရမင်း၏၊ ကမ္မံ = အစိုးရမှုသည်၊ ဣန္ဒြိယံ = ဣန္ဒြေမည်၏။ အစိုးရမင်း၏ အစိုးမှုဆိုသည်ကား မိမိအုပ်ချုပ်ရာဌာန၌ မိမိအလိုကို တစ်စုံတစ်ယောက်သောသူကမျှ မလှန်မပြန်နိုင်မှုတည်း။ ဤအရာ၌ကား စိတ်ကို အစိုးရမှုသည် လိုရင်းတည်း။ ထိုဣန္ဒြေသည် ငါးပါးရှိ၏။ ၎င်းငါးပါးတို့မှာ

(၁) သန္ဓိန္ဒြေ
(၂) ဝီရိယိန္ဒြေ
(၃) သတိန္ဒြေ
(၄) သမာဓိန္ဒြေ
(၅) ပညိန္ဒြေ
(ဤသည်တို့သည် ဣန္ဒြေငါးပါး ဖြစ်သည်။)

(၁) သန္ဓိန္ဒြေ

သန္ဓိန္ဒြေ ဆိုသည်မှာ သဒ္ဓါပင် ဖြစ်သည်။ ထိုသဒ္ဓါသည် အစိုးရမျိုး ဖြစ်သည်။ ပကတိသဒ္ဓါ, ဘာဝနာသဒ္ဓါဟူ၍ နှစ်ပါးရှိသည်။

ပကတိသဒ္ဓါ

ပကတိ လူတို့၌ ဒါနမှု, သီလမှု, အတုအပ ဘာဝနာမှုနှင့် ဖြစ်၍နေသော သဒ္ဓါသည် ပကတိသဒ္ဓါမည်၏။ ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးရ၏ ဆိုသော်လည်း အထက်၌ ပြဆိုခဲ့ပြီးသော သူရူးဥပမာအတိုင်း ပကတိလူတို့ စိတ်ရူးစိတ်နောက်ကို ပျောက်ငြိမ်းအောင် အုပ်ချုပ်နိုင်သည်မဟုတ်၊ ထိုစိတ်ရူးစိတ်နောက်အတိုင်းမှာ အလိုက်သင့် လိုက်လျော၍ ဒါနပြုရုံမျှ စိတ်ကို အစိုးရ၏။ သဒ္ဓါမရှိခဲ့လျှင် စိတ်သည်ဘယ်အခါမှ ကောင်းမှုကုသိုလ်ဆီ မသိပြီ၊ မကောင်းမှုု၌သာ မွေ့လျော်၏။ သီလဝိသုဒ္ဓိဖြည့်ကျင့်မှု, တရားကျမ်းဂန် သင်ကြားလေ့ကျင့်မှု စသည်တို့၌လည်း အတူတူပင် ဖြစ်သည်။

ဤကား ပွားများခြင်း မရှိသော ပကတိသဒ္ဓါ၏ အစိုးရမှုနှင့် ဖြစ်နိုင်သော ပကတိကုသိုလ်မျိုး ဖြစ်သည်။ ကမ္မဋ္ဌာန်းအမှုနှင့် တွေ့ခဲ့လျှင် ထိုပကတိသဒ္ဓါသည် စိတ်ကို အစိုးမရ၊ စိတ်သည် သဒ္ဓါကို လှန်ပြန်ကန်ကျောက်၍ လွတ်ရာတပါးသို့ ထွက်သွား၏၊ ပကတိသဒ္ဓါကို ဤအရာ၌ မလိုအပ်။

ဘာဝနာသဒ္ဓါ

ဘာဝနာသဒ္ဓါဆိုသည်မှာ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်းအလုပ် အစရှိသော ဘာဝနာအလုပ်ဖြင့် အားခွန်ဗလ တေဇတန်ခိုး တိုးတက်ပွားစီး ဆင်ပြောင်ကြီးကဲ့သို့ ကြီးပွားလေအောင် ပျိုးထောင်ပြုပြင်၍ ထားအပ်သော သဒ္ဓါသည် ဘာဝနာသဒ္ဓါ မည်၏။

ဤဘာဝနာသဒ္ဓါကို ဗောဓိပက္ခိယအရာ၌ သဒ္ဓိန္ဒြေ ဆိုသည်။ ကမ္မဋ္ဌာန်းအာရုံတို့၌ စိတ်ရူး, စိတ်နောက် ပျောက်ငြိမ်း၍ စိတ်ကြည်ရောက်ခြင်း ဖြစ်သည်။ စိတ်မည်သည် သူကြည်ရာအာရုံ၌ နေရမှ ငြိမ်သက်တော့သည်။ အာနာပါနဿတိ အစရှိသော ကာယဂတာသတိကို အားထုတ်မှုသည် ထိုဘာဝနာသဒ္ဓါကို ပျိုးထောင်ပြုပြင်မှုပင် ဖြစ်သည်။ ကာယဂတာသတိစွဲ၍ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါထဲ၌ စိတ်ကို မြဲအောင် ထားနိုင်လျှင်ပင် ဘာဝနာသဒ္ဓါကို ရသည်။ သမထကိစ္စ, ဝိပဿနာကိစ္စတို့နှင့် အဆင့်ဆင့်ပွားများ၍ သွားပါမူကား ယခုဘဝ၌ပင်လျှင် သက္ကာယဒိဋ္ဌိနိုင်ငံကြီး (၃) ရပ်ကို အကုန်ဖြိုဖျက်နိုင်သော အားအစွမ်းသို့ ရောက်၏။ သမထအလုပ်, ဝိပဿနာအလုပ်တို့ကိုမူကား ကျမ်းဂန်အရာ၌ အလွန်လိမ္မာသော ဆရာဥပနိဿယကိုမှီ၍လုပ်မှ နေရာကျနိုင်မည်။

(၂) ဝီရိယိန္ဒြေ

ဝီရိယိန္ဒြေ ဆိုသည်မှာ ဝီရိယပင် ဖြစ်သည်။ ပကတိဝီရိယ, ဘာဝနာဝီရိယဟူ၍ နှစ်ပါး ရှိ၏။ ကာယကဝီရိယ, စေတသိကဝီရိယဟူ၍လည်း နှစ်ပါး ရှိ၏။ ပကတိဝီရိယတွင် သိသာပြီ။ လောကမှုတို့၌ ပကတိဝီရိယလွန်ကဲသောသူတို့မှာ ဘာဝနာဝီရိယ ထမြောက်လွယ်၏။ ပိဏ္ဍပါတ်ဓုတင်၊ နိသဇ်ဓုတင်၊ ရုက္ခမူဓုတင်၊ အဗ္ဘောကာသိကဓုတင်၊ သုသာန်ဓုတင် အစရှိသော ဓုတင်မှုကြီးများသည် ကာယိကဝီရိယဘာဝနာမှုတို့ပင် ဖြစ်သည်။ ကာယိကဝီရိယဘာဝနာကို ထူထောင်မိ၍ အအိပ်အနေ နည်းပါးသဖြင့် ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံငြားသော်လည်း ဘာဝနာမနသိကာရ ထက်သန်မှုဟူသော စေတသိကဝီရိယ မရှိခဲ့သည်ရှိသော် ထွက်သက်ဝင်သက်စသော ကမ္မဋ္ဌာန်းအာရုံသည် ထင်မြင်စွဲမြဲခြင်းသို့ မရောက်နိုင်။ နေ့, ရက်, လ, နှစ်သာ ကြာညောင်း၍ သွား၏။ အာရုံမူကား ထူးလှသည်မရှိ၊ စိတ်ကြည်မှုလည်း ထူးလှသည်မရှိ။

ခပ်သိမ်းသော လုပ်မှုကိုင်မှုတို့၌ပင်လျှင် အလုပ်ကို လူက မြန်မြန်နိုင်တဲမှ နေရာကျသည်။ လူကို အလုပ်ကနိုင်နေလျှင် နေရာမကျပြီ။ လူကို အလုပ်က နိုင်မှုဆိုသည်မှာ အတုအပ ဝီရိယနှင့်သွပ်၍ အလုပ်အရာမထင်တဲ့နိုင်ဘဲ နေ့ရက်ကြာညောင်းရှိလတ်သော် ဣရိယပထဒုက္ခညှဉ်းဆဲမှုနှင့်ပင် ထိုအလုပ်၌ ပျင်းရိခြင်းဖြစ်၍ နေ၏။ ပျင်းရိခြင်း ဖြစ်လေလေ အလုပ်အရာမထင်လေလေ၊ အလုပ်အရာမထင်လေလေ ပျင်းရိခြင်း ဖိစီး၍ လာလေလေ ဖြစ်၏။ ထိုအရပ်ကို လွှတ်၍ အလုပ်တစ်ပါး ပြောင်းရသော် ကောင်းနိုးနိုးထင်၏၊ မကြာမကြာ အလုပ်ပြောင်း၏၊ ဝီရိယညံ့ဖျင်းသောသူကို အလုပ်ကနိုင်မှုတည်း။

ကမ္မဋ္ဌာန်းအလုပ်မည်သည် ကာယိကဝီရိယ, စေတသိကဝီရိယ (၂) ပါး ပြည့်စုံသောသူမှသာ အမြန်အထမြောက်နိုင်၏။

ကာယဂတာသတိ တည်ထောင်မိသည်မှစ၍ တစ်နေ့တစ်ခြား တိုးပွား၍လာသော ဘာဝနာဝီရိယကို ဤဗောဓိပက္ခိယအရာ၌ ဝီရိယိန္ဒြေဆိုသည်။ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ပျင်း, စိတ်ရိ ပျောက်ငြိမ်း၍ စိတ်ထက်သန်မှုသို့ ရောက်ခြင်းတည်း၊ စိတ်မည်သည် စိတ်သန်ရာ အာရုံ၌ နေရမူ ပျော်တော့သည်။ ဤသည်နောက်၌ ဘာဝနာဝီရိယ ထူထောင်မှု အဆင့်ဆင့် ပွားများမှုတို့မှာ သဒ္ဓိန္ဒြေအတိုင်း သိလေ။

(၃) သတိန္ဒြေ, (၄) သမာဓိန္ဒြေ, (၅) ပညိန္ဒြေ

သတိန္ဒြေဆိုသည်မှာ ဤဗောဓိပက္ခိယအရာ၌ ထွက်သက်ဝင်သက်စသော မိမိကိုယ်အင်္ဂါ၌ ကောင်းစွာတည်ထောင်မိသော ကာယဂတာသတိမှစ၍ လောကုတ္တရာ သမ္မာသတိမဂ္ဂင်တိုင်အောင် ကြီးပွား၍သွားသော သတိပဋ္ဌာနခေါ်သော ဘာဝနာသတိကို ဆိုလိုသည်။ သမာဓိန္ဒြေ, ပညိန္ဒြေ တို့လည်း ဤနည်းတူ ဖြစ်သည်။

ဤန္ဒြေငါးပါး တစ်လုံးတစ်စည်းတည်းဖြစ်ခြင်း

ထွက်သက်ဝင်သက်အစရှိသော သတိပဋ္ဌာန်အာရုံ၌ စိတ်၏ မငြိမ်မသက်မှုကို သမာဓိန္ဒြေသည် ပယ်သတ်၏။ စိတ်၏ တွေဝေမှုန်မှေးမှုကို ပညိန္ဒြေသည် ပယ်သတ်၏။ ရှေး၌ဖြစ်သော သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ (၃) ပါးတို့ကား သမာဓိန္ဒြေ, ပညိန္ဒြေ (၂) ပါးတို့ကို အထွတ်အမြတ်သို့ရောက်အောင် မင်းမြှောက်သမားတို့ပေတည်း။ ကာယဂတာသတိပဋ္ဌာန်တည်ထောင်မိ၍ စိတ်ကိုအစိုးရသောဖြစ်သို့ ရောက်ကြသောအခါ သမထလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သမာပတ်ရှစ်ပါးဖြစ်လာ၏၊ ပညိန္ဒြေသည် ဣန္ဒိဝိဓ အစရှိသော အဘိညာဉ် (၅) ပါး ဖြစ်လာ၏။ ဝိပဿနာလမ်းသို့ လိုက်ခဲ့လျှင် သမာဓိန္ဒြေသည် သုညတသမာဓိ, အနိမိတ္တသမာဓိ, အပ္ပဏိဟိတသမာဓိ (၃)ပါး ဖြစ်လာ၏။ ပညိန္ဒြေသည် ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅)ပါး, အနုပဿနာဉာဏ်သုံးပါး, ဝိပဿနာဉာဏ်ဆယ်ပါး, မဂ်ဉာဏ်လေးပါး, ဖိုလ်ဉာဏ်လေးပါး, ပစ္စဝေက္ခဏာဉာဏ် (၂၆) ပါး ဖြစ်လာသည်။

ဤကား ဣန္ဒြေငါးပါးတို့၏ တစ်လုံးတစ်စည်းတည်း ဖြစ်ကြပုံကို ပြဆိုခန်း ဖြစ်သည်။

(င) ဗိုလ် (၅) ပါး

၁။ သဒ္ဓါဗိုလ် = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၂။ ဝီရိယဗိုလ် = ဝိရီယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၃။ သတိဗိုလ် = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၄။ သမာဓိဗိုလ် = သမာဓိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊
၅။ ပညာဗိုလ် = ပညာဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း၊

ယင်းဗိုလ်များမှာလည်း ဣန္ဒြေငါးပါးကဲ့သို့ပင် ပကတိဗိုလ်များမဟုတ်ဘဲ ဘာဝနာဗိုလ်များဖြစ်ကြသည်။

(စ) ဗောဇ္ဈင် (၇) ပါး

ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိပါသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်။

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

(၃) ဝီရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။

(၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။ စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။

မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ စာမျက်နှာ (၆ဝ)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၇၈)၌ အကျယ်ရှု။

ဗောဓိဿ+အင်္ဂါ = ဗောဇ္ဈင်္ဂါ

ဗောဓိဿ = သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏
အင်္ဂါ = အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း

ဗောဇ္ဈင်္ဂါ – သစ္စာလေးပါး သိကြောင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကိုပွားစီးစေရသည် ဟူ၏။

ဗောဇ္ဈင် ၇-ပါး

(၁) သတိသမ္ဗောဇ္ဈင် – အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “သတိ စေတသိက်”
(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင် – တရား စိစစ်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “ပညာ စေတသိက်”
(၃) ဝီရိယသမ္ဗောဇ္ဈင် – လုံ့လစိုက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “ဝီရိယစေတသိက်”
(၄) ပီတိသမ္ဗောဇ္ဈင် – နှစ်သက်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “ပီတိ စေတသိက်”
(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် – အေးမြခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်”
(၆) သမာဓိသမ္ဗောဇ္ဈင် – စိတ်၏တည်ကြည်ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “ဧကဂ္ဂတာစေတသိက်”
(၇) ဥပေက္ခာသမ္ဗောဇ္ဈင် – လျစ်လျူရှုခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်အပိုင်း “တတြမဇ္ဈတ္တတာစေတသိက်”

(ဆ) မဂ္ဂင် (၈) ပါး

၁။ သမ္မာဒိဋ္ဌိ = မှန်သောအယူအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်သောအကြံ၊
၃။ သမ္မာဝါစာ = မှန်သောစကား၊
၄။ သမ္မာကမ္မန္တ = မှန်သောအမှုအလုပ် ၊
၅။ သမ္မာအာဇီဝ = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊
၆။ သမ္မာဝါယာမ = မှန်သောအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊
၈။ သမ္မာသမာဓိ = မှန်သော တည်ကြည် စူးစိုက်မှု၊

၁။ သမ္မာဒိဋ္ဌိ

မှန်ကန်သော အသိအမြင်ကို ခေါ်သည်။

ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း၊

၂။ သမ္မာသင်္ကပ္ပ

မှန်ကန်သော အကြံအစည်ကို ခေါ်သည်။

ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း၊[၃]

၃။ သမ္မာဝါစာ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။

မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[၃]

၄။ သမ္မာကမ္မန္တ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောအမှုကို ပြုခြင်းကို ခေါ်သည်။

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊[၃]

၅။ သမ္မာအာဇီဝ

မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။

အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်ခြင်း၊

၆။ သမ္မာဝါယာမ

မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။

မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း၊

၇။ သမ္မာသတိ

မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။

ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း၊

၈။ သမ္မာသမာဓိ

မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။

ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း၊

မဂ္ဂင်ရှစ်ပါးဖြစ်ပေါ်ပုံ

သက္ကာယဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ စသော မိစ္ဆာဒိဋ္ဌိ (အယူမှား) နိုင်ငံကြီးကို ဖျက်ဆီးပြီး သစ္စာလေးပါးအလင်းတရားကိုမြင်နိုင်သော သမ္မာဒိဋ္ဌိအယူရှိသူ၌ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်းအကြံအစည်မျိုး၊ သတ္တဝါတပါးကို မပျက်စီးစေလိုသော အကြံအစည်မျိုး၊ သတ္တဝါတပါးကို မပင်ပန်းစေလိုသောအကြံအစည်မျိုးဟူသော သမ္မာသင်္ကပ္ပအကြံသာ ဖြစ်သည်။ ယင်း သမ္မာသင်္ကပ္ပ အကြံအစည်မျိုးရှိသောသူသည် ဝစီဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော အပြောအဆို ဝစီကံဟူသော သမ္မာဝါစာတမျိုးကိုသာ ပြောဆိုမည်ဖြစ်ပါသည်။ ဒုစရိုက်ကင်းသော သမ္မာဝါစာရှိသူသည် ထို့ထက်ရုန်းရင်းသော ကာယဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ်မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။

အမြင်များ၊ အကြံအစည်များ ကာယကံများ ဝစီကံများ စင်ကြယ်လျက်ရှိသော ပုဂ္ဂိုလ်သည် ယုတ်ညံ့သော အသက်မွေးမှုများကို ပြုလုပ်တော့မည်မဟုတ်သည့်အတွက် သမ္မာအာဇီဝ ဖြစ်လာပါသည်။ အမြင် အကြံ ကာယကံ ဝစီကံနှင့် အသက်မွေးမှု စင်ကြယ်သော် ဝီရိယ သာ အမြဲတည်သောကြောင့် သမ္မာဝါယာမ ဖြစ်လာရပြန်ပါသည်။ ထိုအခါ သီလ သမာဓိ ပညာ အမှုတို့၌ စွဲမြဲသော သမ္မာသတိမဂ္ဂင် နှင့် သမ္မာသမာဓိမဂ္ဂင်တို့လည်း ဆက်ကာဆက်ကာ တည်ရှိလာရပါသည်။

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစုဖြစ်၍ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု ဖြစ်သည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ − အဒိန္နာဒါန−ကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ − ပိသုဏဝါစာ − ဖရုဿဝါစာ − သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။

ကိုး – ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန

Reference

ဗောဓိပက္ခိယတရားဆိုင်ရာ

၁-ပဌမဗောဓိသုတ် – ဥဒါန်းပါဠိတော် – suttacentral.com