ရုပ် (၂၈)ပါး – ရုပ် (၄၂) ပါး

ရုပ် (၂၈)ပါး

တစ်ကိုယ်လုံးဖြစ်
ဆယ့်နှစ်အထည်
အချယ်ခြောက်ဆူ
အမူရုပ် ငါး
ရန်လေးပါးနှင့်
အခြားရုပ် တစ်
နှစ်ဆယ့်ရှစ်သည်
မှတ်လစ်ရုပ်ပေါင်း အရေအတွက်တည်း။

ထည်ကိုယ်ရုပ် ၁၂ ပါး = ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ ကာယပသာဒ၊ ဇီဝိတ၊ ဣတ္ထိဘာဝ၊ ပုမ္ဘာဝ

ချယ်ရုပ် ၆ ပါး = စက္ခုပသာဒ၊ သောတာပသာဒ၊ ဃာနပသာဒ၊ ဇိဝှာပသာဒ၊ ဟဒယဝတ္ထု၊ သဒ္ဒ

မူရုပ် ၅ ပါး = ကာယဝိညတ်၊ ဝစီဝိညတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ

ရန်သူရုပ် ၄ ပါး = ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ

အခြားရုပ် ၁ ပါး = ပရိစ္ဆေဒ (အာကာသ)

ထည် ချယ် တစ်ဆယ့်ရှစ်ကို ရုပ်စစ်ဆို၊
မူ ရန် အခြား၊ ဆယ်ပါး ရုပ်တုဆို။

ရုပ် (၄၂) ပါး

လူတို့ကိုယ်ကို လေးဆယ့်နှစ်ပုံ စုပုံ ခွဲထား၍ ကျမ်းဂန်တို့၌ ပြသည်။

လေးဆယ့်နှစ်ပုံ ဟူသည်ကား –
အမာအဖတ် ပထဝီဓာတ် နှစ်ဆယ်၊
အရည်အပျော် အာပေါဓာတ် တစ်ဆယ့်နှစ်ပါး၊
အငွေ့အရှိန် တေဇောဓာတ် လေးပါး၊
ဝါယောလေဓာတ် ခြောက်ပါး၊
ပေါင်း ဤလေးဆယ့်နှစ်ပါးတည်း။

အမာအဖတ် ပထဝီဓာတ် နှစ်ဆယ်ဆိုသည်မှာ – 
ဆံ၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အပြင်(အဖျဉ်း)၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက် 
– ဤနှစ်ဆယ်တည်း။ (၂၀)

အရည်အပျော် အာပေါဓာတ် တစ်ဆယ့်နှစ်ပါးဆိုသည်မှာ – 
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် 
– ဤတစ်ဆယ့်နှစ်ပါးတည်း။ (၁၂)

အငွေ့အရှိန် တေဇောလေးပါးဆိုသည်မှာ –
ပြောင်ထင်းထင်း ပူသော တေဇောပျက်ဟူသော သန္တပ္ပနတေဇော
မခံသာအောင် ပူသော တေဇောပျက်ဟူသော ဒဟနတေဇော၊
ညီမျှပူနွေး၍ ကြီးပွားရင့်ကျက်စေတတ်သော ဇီရဏတေဇော၊
မျိုသွင်းအပ်သော အရည်အဖတ် အစာအာဟာရတို့ကို ကျေကျက်စေတတ်သော ပါစကတေဇော
– ဤလေးမျိုးတည်း။ (၄)

ဝါယောခြောက်ပါးဆိုသည်မှာ –
အထက်သို့ ဆန်တက်သော ဥဒ္ဓင်္ဂမလေ
အောက်သို့ စုန်သော အဓောဂမလေ၊ ဝမ်းတွင်း၌တည်သော ကုစ္ဆိသယလေ
အူ၏အတွင်း၌တည်သော ကောဋ္ဌာသယလေ
အင်္ဂါကြီးငယ်သို့ လျှောက်သွားသော အင်္ဂါမင်္ဂါနုသာရီလေ
ထွက်သက်ဝင်သက်ဟူသော အဿာသပဿာသလေ
– ဤခြောက်ပါးတည်း။ (၆)

(တတိယ ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်း မှ)

မဟာဘုတ်ကြီး

မဟာဘုတ်ကြီး ဆိုသည်မှာ အလွန်ကြီးပွားတတ်သည်ကို ဆိုလိုသည်။ မဟာဘုတ်ကြီး (၄)ပါး ရှိသည်။ ၎င်းတို့မှာ

(၁) ပထဝီဓာတ်
(၂) အာပေါဓာတ်
(၃) တေဇောဓာတ်
(၄) ဝါယောဓာတ် တို့ ဖြစ်ကြသည်။

(၁) ပထဝီဓာတ်

ပထဝီဓာတ်ဆိုသည်မှာ မြေဓာတ်ဖြစ်သည်။ မြေဓာတ်ဆိုသည်မှာ ရုပ်တရားတို့၏ တည်ရန်၊ မှီရန် အမာခံသဘော ဖြစ်သည်။ ထိုမြေဓာတ်သည် ခက်မာမျိုး၊ ခက်မာသည်ထက် ခက်မာမျိုး၊ နူးညံ့မျိုး၊ နူးညံ့သည်ထက် နူးညံ့မျိုးဟူ၍ အဆင့်ဆင့်ရှိသည်။

(၂) အာပေါဓာတ်

အာပေါဓာတ်ဆိုသည်မှာ ရေဓာတ်ဖြစ်သည်။ ရေဓာတ်ဆိုသည်မှာ ရုပ်တရားတို့ကို အတုံးအခဲ ဖြစ်စေရန် ဖွဲ့စည်းမှုဖြစ်သည်။ ထိုရေဓာတ်သည် ဖွဲ့စည်းမှု အတင်းအလျော့ ရှိသည်။

(၃) တေဇောဓာတ်

တေဇောဓာတ်ဆိုသည်မှာ မီးဓာတ်ဖြစ်သည်။ မီးဓာတ်ဆိုသည်မှာ ရုပ်တရားတို့ကို လောင်မှု၊ မြိုက်မှု၊ ရင့်စေမှု ဖြစ်သည်။ ထိုလောင်မြိုက်မှုသည် ပူ၍လောင်မှု၊ အေး၍လောင်မှုဟု နှစ်မျိုး ရှိသည်။

(၄) ဝါယောဓာတ်

ဝါယောဓာတ်ဆိုသည်မှာ လေဓာတ်ဖြစ်သည်။ လေဓာတ်ဆိုသည်မှာ ထောက်ကန်မှု ဖြစ်သည်။ ထိုလေဓာတ်သည် ထောက်ကန်လေ၊ ထမ်းဆောင်လေ၊ တွန်းဝှေ့လေ၊ တိုင်လွှင့်လေဟူ၍ အမျိုးမျိုး ရှိသည်။

ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြသည်။

ကိုးကား – လယ်တီဆရာတော် (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ တိုက် (၄)၊ အခန်း (၄၀၂)၊ ကျီတော်အိမ်ရာ၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ ရန်ကုန်မြို့: မိခင်ဧရာဝတီစာအုပ်တိုက်။ pp. ၂၀။ 

References