ကမ္ဘာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၃၁ ဘုံဟာ သတ္တဝါမျိုးစုံတို့ရဲ့ ကျင်လည်ရာ ဖြစ်တယ်။ ကံအားလျော်စွာ သတ္တဝါတွေ သံသရာထဲမှာ လှည့်ပတ်နေကြရတယ်။ အဘိဓမ္မာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ “ကံတရား”က အဓိကပဲ။ ကံတရားကနေ ဖန်တီးထားတဲ့ ပဋိသန္ဓေအားလျော်စွာ ထိုထိုဘုံဘဝမှာ သတ္တဝါတွေ ဖြစ်ကြရတယ်။ ဖြစ်လာတဲ့ ဘုံဘဝမှာ ကုသိုလ်ကောင်းမှုကို မလုပ်နိုင်ဘဲ အကုသိုလ်တွေကို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင် သံသရာဝဋ်ထဲမှာ တည်ငြိမ်မှုရမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ဗမာစကားထဲမှာ အဆိုစကားတစ်ခု ရှိတယ်၊ “ဗြဟ္မာပြည်မှာ တဝင်းဝင်း၊ ဝက်စားကျင်းမှာ တရှုံ့ရှုံ့” တဲ့။ ဗြဟ္မာဘဝက ချက်ချင်းကြီး ဝက်ဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဗြဟ္မာတွေရဲ့ သမထကျင့်စဉ် စွမ်းအားကုသိုလ်က အင်မတန်မှ ကြီးမားလို့ ဗြဟ္မာပြည်ကသေပြီး ချက်ချင်း ဝက်မဖြစ်နိုင်ဘူးပေါ့။ လူ့ဘုံဖြစ်ဖြစ် နတ်ဘုံဖြစ်ဖြစ် တစ်ဘုံဘုံမှာ ဖြစ်ပြီးတဲ့နောက် တတိယဘဝ ကျတော့မှ ဝက်ဖြစ်ဖို့ အလားအလာရှိတယ်။ မလွတ်သေးဘူးတဲ့။
ဘာဖြစ်လို့ မလွတ်သေးတာတုန်းဆိုရင် “အတွင်းသန္တာန်”မှာ မရှင်းသေးဘူးတဲ့။ ဘုန်းကြီးတို့တတွေ အတွင်းရှင်းအောင် အရင်လုပ်ရမယ်။ အတွင်းထဲမှာ ရှုပ်နေတယ်။ အဲဒါ အဓိကပဲ။ အတွင်းက အရှုပ်တွေဆိုတာ ဘာတွေတုန်းဆိုရင် “လောဘ ဒေါသ မောဟ” စတဲ့ ကိလေသာပဲ။ အဲဒီ လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေ ရှိနေသေးသမျှ အမှားအယွင်းလို့ဆိုတဲ့ အကုသိုလ်ကံတွေကို လုပ်နေဦးမှာပဲ။ လုပ်မိနေသမျှ ၃၁ ဘုံမှာ လှည့်လည် ဖြစ်နေဦးမှာပဲ။ ကောင်းတာလုပ်မိတဲ့အလှည့် ကောင်းတဲ့ဘက် ရောက်သွားလိုက်၊ မကောင်းတာလုပ်မိတဲ့အလှည့် မကောင်းတဲ့ဘက် ရောက်သွားလိုက်နဲ့ စုန်ချည်ဆန်ချည် မတည်မကျဘဝခရီးမှာ ဒီလိုလျှောက်လှမ်းနေကြရဦးမှာဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ ၃၁ ဘုံဝါဒက ကံကိုအခြေပြုတယ်။ ကံပေါ်မှာ အခြေတည်နေသည့်အတွက်ကြောင့် မိမိသာလျှင် ပဓာနပဲ။
“ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့” ဆိုတာ ဆရာတော်ကြီးတစ်ပါး ပြောတာ။ ခေါင်းမရွေ့ဘူးဆိုတာ ဘာပြောတာတုန်း ဆိုရင် လူတွေကြည့်လိုက် တဲ့။ ကိုယ်မကောင်းသည့်အတွက်ကြောင့် ခေါင်းက ရွေ့ရွေ့သွားတယ်၊ ခွေးခေါင်းကြီးဖြစ်လိုက်၊ နွားခေါင်းကြီးဖြစ်လိုက်နဲ့ ခေါင်းတွေက အမျိုးကို စုံနေတာပဲ။ လူခေါင်းလေးတင် ဖြစ်တာမဟုတ်ဘူး။ တခြားခေါင်းတွေပါ တပ်တပ်လာတယ်။ ချိုပါတဲ့အခါ ပါလိုက်။ ဒါကြောင့် ကိုယ်ကောင်းဖို့ရန် အင်မတန် အရေးကြီးတယ်။ ကိုယ်ကောင်းဖို့ဆိုတာ ကိုယ့်ရဲ့နှလုံးသား “အဇ္ဈတ္တ”က အရေးကြီးတယ်။ ကိုယ့်ရဲ့ နှလုံးသားထဲမှာ အကုသိုလ်တရားတွေ မဖြစ်ဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာ ကိုယ်စီကိုယ်ငှ သဘောပေါက်ကြပြီး အကုသိုလ်တရားတွေ ဖယ်ရှားနိုင်အောင် ကုသိုလ်တရားတွေ တိုးပွားနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေသတည်း။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၃၆) အခန်း – ၇ သတ္တဝါတို့၏ ၃၁-ဘုံအကြောင်း)