ဓမ္မပဒ မြန်မာပြန်

မာတိကာ

၁ – ယမကဝဂ်
၂ – အပ္ပမာဒဝဂ်
၃ – စိတ္တဝဂ်
၄ – ပုပ္ဖဝဂ်
၅ – ဗာလဝဂ်
၆ – ပဏ္ဍိတဝဂ်
၇ – အရဟန္တဝဂ်
၈ – သဟဿဝဂ်
၉ – ပါပဝဂ်
၁၀ – ဒဏ္ဍဝဂ်
၁၁ – ဇရာဝဂ်
၁၂ – အတ္တဝဂ်
၁၃ – လောကဝဂ်
၁၄ – ဗုဒ္ဓဝဂ်
၁၅ – သုခဝဂ်
၁၆ – ပိယဝဂ်
၁၇ – ကောဓဝဂ်
၁၈ – မလဝဂ်
၁၉ – ဓမ္မဋ္ဌဝဂ်
၂၀ – မဂ္ဂဝဂ်
၂၁ – ပကိဏ္ဏကဝဂ်
၂၂ – နိရယဝဂ်
၂၃ – နာဂဝဂ်
၂၄ – တဏှာဝဂ်
၂၅ – ဘိက္ခုဝဂ်
၂၆ – ဗြာဟ္မဏဝဂ်

၁ – ယမကဝဂ်

၁-စက္ခုပါလတ္ထေရဝတ္ထု

၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

၂-မဋ္ဌကုဏ္ဍလီဝတ္ထု

၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

၃-တိဿတ္ထေရဝတ္ထု

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။

၄။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

၄-ကာဠယက္ခိနီဝတ္ထု

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါ မျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

၅-ကောသမ္ဗကဝတ္ထု

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့ သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

၆-မဟာကာဠတ္ထေရဝတ္ထု

၇။ တင့်တယ်၏ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ဝီရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည်အားနည်းသော သစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍ နေသော ဣန္ဒြေတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ) မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

၇-ဒေဝဒတ္တဝတ္ထု

၉။ (ဣန္ဒြေကို) ဆုံးမခြင်းကင်း၍မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာ ဖန်ရည် မကင်းဘဲလျက် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း) ကို ဝတ်သောသူသည် ဖန်ရည်စွန်းသော အဝတ် (သင်္ကန်း)နှင့်မထိုက်တန်။

၁ဝ။ ဣန္ဒြေတို့ကို ဆုံးမလျက်မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းအဝတ်နှင့် ထိုက်တန်၏။

၈-သာရိပုတ္တတ္ထေရဝတ္ထု

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏။ အနှစ်ရှိသောတရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏။ ထိုသူတို့သည်မှားသော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကြကုန်ရကား အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ်မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည်မှန်ကန်သော ကြံစည်မှုလျှင် (ကျက်စားရာ) အာရုံရှိကုန်ရကား အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။

၉-နန္ဒတ္ထေရဝတ္ထု

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ မပွါးထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

၁၄။ အိမ်ကို ကောင်းစွာ မိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ, ဝိပဿနာတို့ဖြင့်) ကောင်းစွာ ပွါးထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

၁ဝ-စုန္ဒသူကရိကဝတ္ထု

၁၅။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန်ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း စိုးရိမ်ရ၏။ ထိုမကောင်းမှု ပြုသူသည် မိမိ၏ ညစ်နွမ်းသော ကံကိုသိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

၁၁-ဓမ္မိကဥပါသကဝတ္ထု

၁၆။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌လည်း ဝမ်းမြောက်ရ၏။ ထိုကောင်းမှုပြုသူသည် မိမိ၏စင်ကြယ်သော ကံကို သိမြင်ရ၍ ဝမ်းမြောက်ရ အလွန် ဝမ်းမြောက်ရ၏။

၁၂-ဒေဝဒတ္ထဝတ္ထု

၁၇။ မကောင်းမှုပြုသူသည် ဤဘဝ၌လည်း ပူပန်ရ၏။ တမလွန်ဘဝ၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း ပူပန်ရ၏။ ”ငါသည် မကောင်းမှုကို ပြုမိပြီ”ဟု ပူပန်ရ၏။ ဒုဂ္ဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

၁၃-သုမနဒေဝီဝတ္ထု

၁၈။ ကောင်းမှုပြုသူသည် ဤဘဝ၌လည်း နှစ်သက်ရ၏။ တမလွန်ဘဝ၌လည်း နှစ်သက်ရ၏။ ပစ္စုပ္ပန်တမလွန် ဘဝနှစ်တန်တို့၌လည်း နှစ်သက်ရ၏။ ”ငါသည် ကောင်းမှုကို ပြုအပ်ပြီ”ဟု နှစ်သက်ရ၏။ သုဂတိဘုံဘဝသို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

၁၄-ဒွေသဟာယကဘိက္ခုဝတ္ထု

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

၂ဝ။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သောအကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍ (ကိလေသာတို့မှ) လွတ်သော စိတ်ရှိသည် ဖြစ်လျက် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း စွဲလမ်းမှု မရှိတော့ပြီ။ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

ရှေးဦးစွာသော ယမကဝဂ် ပြီး၏။

၂ – အပ္ပမာဒဝဂ်

၁-သာမာဝတီဝတ္ထု

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း။ မမေ့မလျော့သောသူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။

၂၂။ မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ၍ မမေ့မလျော့သော သတိတရား၌ ရွှင်လန်းဝမ်းမြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

၂၃။ ထိုပညာရှိတို့သည် (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန် ပြီးလျှင် အမြဲမပြတ် လုံ့လပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြကုန်၏။

၂-ကမ္ဘယာသကဝတ္ထု

၂၄။ ထကြွလုံ့လရှိသူ, သတိရှိသူ, စင်ကြယ်သော ကံသုံးပါးရှိသူ, စူးစမ်း၍ပြုလေ့ ရှိသူ, (ဣန္ဒြေကို) စောင့်စည်းသူ, တရားသဖြင့် အသက်မွေးသူ, မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွါး၏။

၃-စူဠပန္ထကဝတ္ထု

၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့်လည်းကောင်း၊ (သီလ) စောင့်စည်းခြင်းနှင့်လည်းကောင်း၊ (ဣန္ဒြေကို) ဆုံးမခြင်းနှင့်လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသောမှီခိုရာ ကျွန်းကို ပြုလုပ်ရာ၏။ ယင်းသည့်ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။

၄-ဗာလနက္ခတ္တဝတ္ထု

၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကိုအားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကိုအားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟု ဆိုအပ်သောတဏှာနှင့် အကျွမ်းဝင်မှုကိုအားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့် ဆိုသော် မမေ့မလျော့ (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သောကြောင့် တည်း။

၅-မဟာကဿပတ္ထေရဝတ္ထု

၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှု ကင်းသော ရဟန္တာသည် ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာသာဒ်ထက်သို့ တက်၍ စိုးရိမ်မှုရှိသော သတ္တဝါအပေါင်းကို ရှုကြည့်၏။ တောင်ထိပ်၌ တည်သောသူသည် မြေပြင်၌ တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိရဟန္တာသည် (ပုထုဇဉ်) သူမိုက်တို့ကို ရှုကြည့်၏။

၆-ဒွေသဟာယကဘိက္ခုဝတ္ထု

၂၉။ လျင်မြန်သော မြင်းသည် ခွန်အားနည်းသော မြင်းကို ချန်ထား၍ သွားသကဲ့သို့ မေ့လျော့သူအပေါင်းတို့တွင် မမေ့လျော့သော ပညာရှိသည် (မေ့လျော့သူကို) ချန်ထား၍ သွား၏။ သတိလွတ်ကင်းနိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွါးများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်းမရှိသူများကို) စွန့်ထား၍ သွား၏။

၇-မဃဝတ္ထု

၃ဝ။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏။ (ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါ ခပ်သိမ်း ကဲ့ရဲ့အပ်၏။

၈-အညတရဘိက္ခုဝတ္ထု

၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့) သွား၏။

၉-နိဂမဝါသီတိဿတ္ထေရဝတ္ထု

၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။

နှစ်ခုမြောက် အပ္ပမာဒဝဂ် ပြီး၏။

၃ – စိတ္တဝဂ်

၁-မေဃိယတ္ထေရဝတ္ထု

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌) တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။

၃၄။ ရေတည်းဟူသောမှီရာ တည်ရာမှ ထုတ်ဆောင်၍ကုန်း၌ ပစ်ချထားအပ်သော ငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

၂-အညတရဘိက္ခုဝတ္ထု

၃၅။ နှိပ်နင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ (ဆုံးမပြီး၍) ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

၃-ဥက္ကဏ္ဌိတဘိက္ခုဝတ္ထု

၃၆။ အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

၄-သံဃရက္ခိတတ္ထေရဝတ္ထု

၃၇။ အဝေးသို့ သွားတတ်သောတစ်ဦးတည်း ကျက်စားသော ကိုယ်ကောင် အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌မှီသော စိတ်ကို အကြင်သူတို့သည် စောင့်စည်း (ချုပ်တည်း) ကြကုန်၏။ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။

၅-စိတ္တဟတ္ထတ္ထေရဝတ္ထု

၃၈။ မတည်တံ့သော စိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။

၃၉။ (ရာဂ) မစိုစွတ်သော စိတ်ရှိသော, (ဒေါသ) ထိခိုက်သော စိတ်မရှိသော ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ပုဂ္ဂိုလ်အား ဘေးသည် မရှိ။

၆-ပဉ္စသတဘိက္ခုဝတ္ထု

၄ဝ။ ဤ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု သိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌ သက်ဝင်စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏။ (တိုက်ခိုက်၍) အောင်သောတရားကိုလည်း ကပ်ငြိတွယ်တာခြင်း မရှိဘဲ စောင့်ရှောက်ထားရာ၏။

၇-ပူတိဂတ္တတိဿတ္ထေရဝတ္ထု

၄၁။ ဤခန္ဓာကိုယ်သည် ဝိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။

၈-နန္ဒဂေါပါလကဝတ္ထု

၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့်ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။

၉-သော ရေယျဝတ္ထု

၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသောဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။

သုံးခုမြောက် စိတ္တဝဂ် ပြီး၏။

၄ – ပုပ္ဖဝဂ်

၁-ပဉ္စသတဘိက္ခုဝတ္ထု

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကိုလည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်အံ့နည်း? လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သောတရားအစုကို အဘယ်သူသည် ရွေးချယ် စိစစ်နိုင်အံ့နည်း။

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကိုလည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့။ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သောတရားအစုကို သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်လတ္တံ့။

၂-မရီစိကမ္မဋ္ဌာနိကဘိက္ခုဝတ္ထု

၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။

၃-ဝိဋဋူဘဝတ္ထု

၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍ သွား၏။

၄-ပတိပူဇိကကုမာရီဝတ္ထု

၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာ ကပ်ငြိသည့် စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။

၅-မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု

၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။

၆-ပါဝေယျအာဇီဝကဝတ္ထု

၅ဝ။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြု မပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှု မကောင်းမှု ပြု မပြုကိုသာလျှင် ကြည့်ရှုရာ၏။

၇-ဆတ္တပါဏိဥပါသကဝတ္ထု

၅၁။ အဆင်းသာရှိ၍ အနံ့မရှိသောတင့်တယ်လှပသော (ပေါက်ပွင့်စသော) ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။

၅၂။ အဆင်း အနံ့ ပြည့်စုံ၍ တင့်တယ်လှပသော စံပယ် စကား စသောပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

၈-ဝိသာခါဝတ္ထု

၅၃။ ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်ရာသကဲ့သို့ ဖြစ်ပေါ်လာသော သတ္တဝါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

၉-အာနန္ဒတ္ထေရပဥှာဝတ္ထု

၅၄။ ပန်းအနံ့သည် လေညာသို့ မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စပယ် ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့ မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့ သွား၏။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။

၅၅။ စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည်လည်းကောင်း၊ မြလေးပန်းအနံ့သည်လည်းကောင်း ရှိ၏။ ထို ပန်းရနံ့ အမျိုးမျိုးတို့ထက် သီလအနံ့သည်သာ အတုမရှိ မြတ်၏။

၁ဝ-မဟာကဿပတ္ထေရဝတ္ထု

၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် (မပြောပလောက်) အနည်းငယ်မျှသာ ဖြစ်၏။ ဤသီလရှိသောသူတို့၏ (သီလ) အနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌ လှိုင်၏။

၁၁-ဂေါဓိကတ္ထေရဝတ္ထု

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့ နေလေ့ရှိကုန်သော ကောင်းစွာ (ဉာဏ်ဖြင့်) သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့ မမြင်နိုင်ပေ။

၁၂-ဂရဟဒိန္နဝတ္ထု

၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏ အလယ်၌ နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့် လွန်၍ တင့်တယ်၏။

လေးခုမြောက် ပုပ္ဖဝဂ် ပြီး၏။

၅ – ဗာလဝဂ်

၁-အညတရပုရိသဝတ္ထု

၆ဝ။ အိပ်မပျော် နိုးနေသောသူအား ညဉ့်တာ ရှည်လျား၏။ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

၂-မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု

၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

၃-အာနန္ဒသေဋ္ဌိဝတ္ထု

၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏။ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း? အဘယ်မှာလျှင် ဥစ္စာ ရှိပါအံ့နည်း။

၄-ဂဏ္ဌိဘေဒကစောရဝတ္ထု

၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏။ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

၅-ဥဒါယိတ္ထေရဝတ္ထု

၆၄။ ယောက်မသည် ဟင်း၏ အရသာကို မသိဘိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ (သူတော်ကောင်း) တရားကို မသိနိုင်။

၆-တိံသပါဝေယျကဘိက္ခုဝတ္ထု

၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြားလိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း) တရားကို လျင်မြန်စွာ သိနိုင်၏။

၇-သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု

၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို ပြုကြကုန်သော ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ ဖြစ်၍ လှည့်လည်ကြရကုန်၏။

၈-ကဿကဥပါသကဝတ္ထု

၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည်စက်လက် ငိုကြွေးလျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

၉-သုမနမာလာကာရဝတ္ထု

၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။ နှစ်သက်ဝမ်းမြောက်လျက် အကြင်ကံ၏ အကျိုးကို ခံစားရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

၁ဝ-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု

၆၉။ မိုက်သောသူသည် အကြင်ရွေ့လောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုရွေ့လောက်မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏။ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

၁၁-ဇမ္ဗုကတ္ထေရဝတ္ထု

၇ဝ။ မိုက်သောသူသည် လစဉ်လတိုင်း သမန်းမြက်များဖြင့် (အနှစ်တစ်ရာပတ်လုံး ခြိုးခြံသောအကျင့်ကို ကျင့်အံ့ဟု) ဘောဇဉ်ကို စားစေကာမူ ထိုမိုက်သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသောအကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှအဖိုးမထိုက်။

၁၂-အဟိပေတဝတ္ထု

၇၁။ ညှစ်ပြီးစ နို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

၁၃-သဋ္ဌိကူဋပေတဝတ္ထု

၇၂။ သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန် အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏။ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

၁၄-စိတ္တဂဟပတိဝတ္ထု

၇၃။ မလိမ္မာသော ရဟန်းသည် ရဟန်းတို့၏ အလယ်၌ မိမိတွင် ထင်ရှားမရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ ခြံရံလျက် မိမိအား ရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကိုလည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏ (ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။

၇၄။ ငါ့ကြောင့် သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူ ရှင်ရဟန်း နှစ်ဦးတို့မှတ်ထင်စေကုန်သတည်း။ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်စေကြကုန်သတည်းဟု မိုက်သောရဟန်းအား အကြံအစည် အလိုရမ္မက် မာန်မာနသည် တိုးပွါးလေ၏။

၁၅-ဝနဝါသီတိဿသာမဏေရဝတ္ထု

၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း။ ဤသို့ ဤအကျင့် နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍ မြတ်စွာဘုရား၏ တပည့်သားရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ဝိဝေကသုံးပါးကိုသာ တိုးပွါးစေရာ၏။

ငါးခုမြောက် ဗာလဝဂ် ပြီး၏။

၆ – ပဏ္ဍိတဝဂ်

၁-ရာဓတ္ထေရဝတ္ထု

၇၆။ အပြစ်ဖော်ပြ နှိမ့်ချဆုံးမလေ့ရှိသော ထိုသို့ သဘောရှိသော ပညာရှိကို မြှုပ်ထားသော ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏။ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ်သောသူအား မြတ်၏။ မယုတ်ညံ့ပေ။

၂-အဿဇိပုနဗ္ဗသုကဝတ္ထု

၇၇။ ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသူကို သူတော်ကောင်းတို့ ချစ်ခင်နှစ်သက်အပ်၏။ မသူတော်တို့ကား မချစ်မနှစ်သက်ပေ။

၃-ဆန္နတ္ထေရဝတ္ထု

၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ၊ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ၊ မိတ်ဆွေကောင်းတို့ကို ဆည်းကပ်ရာ၏။ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။

၄-မဟာကပ္ပိနတ္ထေရဝတ္ထု

၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသူသည် အထူးသန့်ရှင်း ကြည်လင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏။ ပညာရှိသည် အခါ ခပ်သိမ်း အရိယာသူတော်ကောင်းတို့ ဟောအပ်သော (ဗောဓိပက္ခိယ) တရား၌ မွေ့လျော်၏။

၅-ပဏ္ဍိတသာမဏေရဝတ္ထု

၈ဝ။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။

၆-လကုဏ္ဍကဘဒ္ဒိယဝတ္ထု

၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။

၇-ကာဏမာတာဝတ္ထု

၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သောတရားတို့ကို ကြားနာရ၍ အထူး ကြည်လင်ကုန်၏။

၈-ပဉ္စသတဘိက္ခုဝတ္ထု

၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရားအားလုံးတို့၌ (တပ်မက်မောမှုကို) စင်စစ် စွန့်လွှတ်ကုန်၏။ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည်ဖြစ်၍ မပြောဆိုကုန်။ ပညာရှိတို့သည် ချမ်းသာ ဆင်းရဲနှင့် တွေ့စေကာမူ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြကြကုန်။

၉-ဓမ္မိကတ္ထေရဝတ္ထု

၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့် ဖြစ်စေ၊ သူတစ်ပါးအကြောင်းကြောင့် ဖြစ်စေ (မကောင်းမှုကို မပြု၊) မကောင်းမှုဖြင့် သားသမီး ဥစ္စာတိုင်းပြည် ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။

၁ဝ-ဓမ္မဿဝနတ္ထေရဝတ္ထု

၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏။ နိဗ္ဗာန်ကူးမြောက်သူမှတစ်ပါး ကြွင်းလူများသည် (သက္ကာယဒိဋ္ဌိတည်းဟူသော) ဤမှာဖက်ကမ်း၌သာလျှင် ခေါက်တုံ့ခေါက်ပြန် ပြေးသွားနေ၏။

၈၆။ ကောင်းစွာ ဟောအပ်သောတရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို (ကူးမြောက်၍) နိဗ္ဗာန်တည်း ဟူသော ကမ်းတစ်ဖက်သို့ ရောက်ကုန်လတ္တံ့။

၁၁-ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု

၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာတည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုလျက် ဖြူစင်သော ကုသိုလ်ကို ပွါးများရာ၏။

၈၈။ ပညာရှိသည် ကာမတို့ကို စွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ဝိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။

၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌ စိတ်ကို ကောင်းစွာ ပွါးများအပ်၏။ မစွဲလမ်းမူ၍ဥပါဒါန်ကို စွန့်လွှတ်ရာ (နိဗ္ဗာန်)၌ မွေ့လျော်ကုန်၏။ လောက၌ အာသဝေါ ကုန်ပြီးသော ကြီးသောတန်ခိုးရှိကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။

ခြောက်ခုမြောက် ပဏ္ဍိတဝဂ် ပြီး၏။

၇ – အရဟန္တဝဂ်

၁-ဇီဝကပဥှာဝတ္ထု

၉ဝ။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်) တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာခရီး သွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။

၂-မဟာကဿပတ္ထေရဝတ္ထု

၉၁။ သတိရှိသော ပုဂ္ဂိုလ်တို့သည် (ဈာန် ဝိပဿနာတရားတို့၌) လုံ့လပြုကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်။ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွါလျက် ပျံသွားသကဲ့သို့မှီရာတဏှာဟူသမျှကို စွန့်၍ သွားကုန်၏။

၃-ဗေလဋ္ဌသီသတ္ထေရဝတ္ထု

၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည် မရှိ၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်၏။ ရာဂစသည် ကင်းဆိတ်လျက်ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်တို့၏ ကျက်စားရာအာရုံ ဖြစ်၏။ ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိခဲနိုင်၏။

၄-အနုရုဒ္ဓတ္ထေရဝတ္ထု

၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏။ အစာအာဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုဉ်းသော ရာဂစသော နိမိတ် မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏။ ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာဟူသော လားကြောင်းကို မသိနိုင်။

၅-မဟာကစ္စာယနတ္ထေရဝတ္ထု

၉၄။ ရထားထိန်း ကောင်းစွာ ဆုံးမပြီးသော မြင်းတို့သည် ငြိမ်သက်တည်ကြည်ကုန်သကဲ့သို့ အကြင်ရဟန္တာပုဂ္ဂိုလ်၏ ဣန္ဒြေ (ခြောက်ပါး) တို့သည် ငြိမ်သက်တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနကို ပယ်ပြီးသော အာသဝေါ မရှိသောတာဒိဂုဏ်၁နှင့် ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

၆-သာရိပုတ္တတ္ထေရဝတ္ထု

၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသော ရဟန္တာပုဂ္ဂိုလ်သည် မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု၊ ရွှံ့ညွန်ကင်းသော ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်းတို့သည် မဖြစ်ကုန်။

၇-ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရဝတ္ထု

၉၆။ အကြောင်းအားလျော်စွာ (တရားကို) သိ၍ ကိလေသာမှ လွတ်သော ငြိမ်သက်သော ဖောက်ပြန်ခြင်းသဘော မရှိသော ထိုရဟန္တာပုဂ္ဂိုလ်၏ စိတ်သည်လည်း ငြိမ်သက်၏။ နှုတ်အမူအရာသည်လည်းကောင်း၊ ကိုယ်အမူအရာသည်လည်းကောင်း ငြိမ်သက်၏။

၈-သာရိပုတ္တတ္ထေရဝတ္ထု

၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူ မဟုတ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်း ဖြစ်၏။ ဝဋ်သုံးပါး၏ အစပ်ကို ဖြတ်တောက်ပြီးသူလည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူလည်း ဖြစ်၏။ အလုံးစုံသောတဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည်သာစင်စစ် ယောကျာ်းမြတ် ဖြစ်၏။

၉-ခဒိရရေဝတတ္ထေရဝတ္ထု

၉၈။ ရွာ၌ ဖြစ်စေ၊ တော၌ ဖြစ်စေ၊ နိမ့်ရာ၌ ဖြစ်စေ၊ ကုန်းမြင့်၌ ဖြစ်စေ ရဟန္တာ ပုဂ္ဂိုလ်တို့သည် နေကုန်၏။ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။

၁ဝ-အညတရဣတ္ထိဝတ္ထု

၉၉။ တောတို့သည် မွေ့လျော်ဖွယ် ရှိကုန်၏။ ယင်းတောတို့၌ ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတံ္တ့၊ ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။

ခုနစ်ခုမြောက် အရဟန္တဝဂ် ပြီး၏။

၁။ ဤအရာ၌ တာဒိဂုဏ်ဟူသည် လောကဓံတရားရှစ်ပါးတို့နှင့် တွေ့ကြုံသောအခါ ဖောက်ပြန် တုန်လှုပ်မှု မရှိခြင်းပေတည်း။

၈ – သဟဿဝဂ်

၁-တမ္ဗဒါဌိကစောရဃာတကဝတ္ထု

၁ဝဝ။ (တောဖွဲ့ တောင်ဖွဲ့) အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်း တစ်ထောင်ရှိစေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်း ဖြစ်၍ အကျိုးရှိသော ပုဒ်တစ်ပုဒ်သည်သာ ပိုလွန်၍ မြတ်၏။

၂-ဗာဟိယဒါရုစီရိယဝတ္ထု

၁ဝ၁။ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော ဂါထာသည် တစ်ထောင်ပင်ဖြစ်စေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍ မြတ်၏။

၃-ကုဏ္ဍလကေသီထေရီဝတ္ထု

၁ဝ၂။ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ (မမြတ်)၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သောတရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍ မြတ်၏။

၁ဝ၃။ အကြင် စစ်သူရဲတစ်ယောက်သည် စစ်မြေပြင်၌ စစ်သည်ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏။ အကြင် သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင်အမြတ်ဆုံး ဖြစ်၏။

၄-အနတ္တပုစ္ဆကဗြာဟ္မဏဝတ္ထု

၁ဝ၄-၁ဝ၅။ (ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့်) မိမိကိုယ်ကို အောင်နိုင်ခြင်းသည် မြတ်၏။ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်း စသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည် မမြတ်)၊ မိမိကိုယ်ကို ဆုံးမပြီးသော (ကိုယ် နှုတ် နှလုံး သုံးပါး လုံးကို) အမြဲစောင့်စည်းသော အကျင့်ရှိသော ထိုသို့ သဘောရှိသော သတ္တဝါတို့၏ အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဗြဟ္မာနှင့်တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင် မပြုနိုင်ရာ။

၅-သာရိပုတ္တတ္ထေရဿမာတုလဗြာဟ္မဏဝတ္ထု

၁ဝ၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း (တက္ကတွန်းတို့အား) ငွေ တစ်ထောင် အကုန်ခံ၍ ပူဇော်ရာ၏။ ဝိပဿနာပွါးသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏။ (ပူဇော်ခြင်းနှစ်မျိုးတို့တွင်) ထိုဝိပဿနာ ပွါးများသော ရဟန်းတို့အား ထိုတစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏။ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

၆-သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု

၁ဝ၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌ မီးကို လုပ်ကျွေးပူဇော် ရာ၏။ အကြင်သူသည်ကား ဝိပဿနာပွါးများသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏။ (ထိုသူတို့၏ ပူဇော်ခြင်းနှစ်မျိုးတို့တွင်) ထိုဝိပဿနာ ပွါးများသော ရဟန်းတို့အား ထိုတစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏။ အနှစ်တစ်ရာပတ်လုံး မီးပူဇော်ခြင်းသည် မမြတ်။

၇-သာရိပုတ္တတ္ထေရဿသဟာယကဗြာဟ္မဏဝတ္ထု

၁ဝ၈။ လောက၌ ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကို လည်းကောင်း၊ ယဇ်ငယ်ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏။ ထိုပူဇော်ခြင်းအလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို (ရှိခိုးခြင်း စေတနာ၏) လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည်သာ မြတ်၏။

၈-အာယုဝဎ္ နကုမာရဝတ္ထု

၁ဝ၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်း ဟူသော ဤအကျိုးထူး တရားလေးပါးတို့သည် တိုးပွါးကုန်၏။

၉-သံကိစ္စသာမဏေရဝတ္ထု

၁၁ဝ။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ, ဝိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

၁ဝ-ခါဏုကောဏ္ဍညတ္ထေရဝတ္ထု

၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ, ဝိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

၁၁-သဗ္ဗဒါသတ္ထေရဝတ္ထု

၁၁၂။ ပျင်းရိသည်ဖြစ်၍ ဝီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ဝီရိယကို မြဲမြံစွာအားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

၁၂-ပဋာစာရာထေရီဝတ္ထု

၁၁၃။ (ခန္ဓာငါးပါးတို့၏) အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

၁၃-ကိသာဂေါတမီဝတ္ထု

၁၁၄။ သေခြင်းကင်းသော နိဗ္ဗာန်ကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက် ရှည်နေရခြင်းထက် သေခြင်းကင်းသော နိဗ္ဗာန်ကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

၁၄-ဗဟုပုတ္တိကတ္ထေရီဝတ္ထု

၁၁၅။ မြတ်သော လောကုတ္တရာတရားကို မမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် မြတ်သော လောကုတ္တရာတရားကို မြင်သော ပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

ရှစ်ခုမြောက် သဟဿဝဂ် ပြီး၏။

၉ – ပါပဝဂ်

၁-စူဠေကသာဋကဝတ္ထု

၁၁၆။ မကောင်းမှု၌ စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကို တားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

၂-သေယျသကတ္ထေရဝတ္ထု

၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမူ ထိုမကောင်းမှုကို ထပ်ကာ ထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကို မပြုရာ၊ မကောင်းမှုကို ပွါးစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။

၃-လာဇဒေဝဓီတာဝတ္ထု

၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကို ပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာ ထပ်ကာ ပြုရာ၏။ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏။ ကောင်းမှုကို ပွါးစေခြင်းသည် ချမ်းသာခြင်း၏အကြောင်းတည်း။

၄-အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု

၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသောအခါ၌ မူကားမကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

၁၂ဝ။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသရွေ့ ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုး ပေးသောအခါ၌ မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

၅-အသညတပရိက္ခာရဝတ္ထု

၁၂၁။ အနည်းငယ်သော မကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့ သူမိုက်သည် အနည်းငယ်အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန် များလတ်သော် မကောင်းမှုဖြင့် ပြည့်၏။

၆-ဗိဠာလပါဒကသေဋ္ဌိဝတ္ထု

၁၂၂။ အနည်းငယ်သော ကောင်းမှုသည် (ငါ့အား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန် များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

၇-မဟာဓနဝါဏိဇဝတ္ထု

၁၂၃။ အဖော်နည်းသော များသော ဥစ္စာရှိသော ကုန်သည်ကြီးသည် ဘေးအန္တရာယ် များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း၊ အသက်ရှင်လိုသောသူသည် (လတ်တလော သေစေတတ်သော) အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုတို့ကို ရှောင်ကြဉ်ရာ၏။

၈-ကုက္ကုဋမိတ္တနေသာဒဝတ္ထု

၁၂၄။ လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

၉-ကောကသုနခလုဒ္ဒကဝတ္ထု

၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာပုဂ္ဂိုလ်အား ပြစ်မှား၏။ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူမှုန့်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျလာဘိသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။

၁ဝ-မဏိကာရကုလူပကတိဿတ္ထေရဝတ္ထု

၁၂၆။ အချို့သောသူတို့သည် (ဤလူ့ပြည်၌) အမိဝမ်းဝယ် ပဋိသန္ဓေ နေရကုန်၏။ မကောင်းမှုပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏။ ကောင်းသော ပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏။ အာသဝေါကင်းသော ရဟန္တာပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

၁၁-တယောဇနဝတ္ထု

၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း တောင်ခေါင်းသို့ ဝင်၍ တည်နေသော်လည်းကောင်း (မကောင်းမှုမှ မလွတ်ရာ၊) အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏။ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

၁၂-သုပ္ပဗုဒ္ဓသကျဝတ္ထု

၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာ အလယ်၌ တည်နေသော်လည်းကောင်း၊ တောင်ခေါင်းသို့ ဝင်၍ တည်နေသော်လည်းကောင်း (သေမင်းမှ မလွတ်ရာ၊) အကြင်အရပ်၌ တည်နေသော် သေမင်းမှ မညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

ကိုးခုမြောက်ပါပဝဂ် ပြီး၏။

၁ဝ – ဒဏ္ဍဝဂ်

၁-ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

၁၂၉။ အလုံးစုံသော သတ္တဝါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏။ အလုံးစုံသော သတ္တဝါတို့သည် သေခြင်းမှ ကြောက်ကုန်၏။ မိမိကိုယ်ကို ဥပမာပြု၍ (သတ္တဝါတို့ကို) မသတ်ဖြတ် မညှဉ်းဆဲရာ။

၂-ဆဗ္ဗဂ္ဂိယဝတ္ထု

၁၃ဝ။ အလုံးစုံသော သတ္တဝါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏။ အလုံးစုံသော သတ္တဝါတို့သည် (မိမိတို့၏) အသက်ကို ချစ်၏။ မိမိကိုယ်ကို ဥပမာပြု၍ (သတ္တဝါတို့ကို) မသတ်ဖြတ် မညှဉ်းဆဲရာ။

၃-သမ္ဗဟုလကုမာရဝတ္ထု

၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကို ရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန်ဖြင့် ညှဉ်းဆဲ၏။ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။

၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကို ရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်လှံကန်ဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘဝ၌ ချမ်းသာကို ရနိုင်၏။

၄-ကောဏ္ဍဓာနတ္ထေရဝတ္ထု

၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း။ (သူတစ်ပါးကို ဒဏ်ပြုက) အတုံ့အလှည့် ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက်တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။ ခြုတ်ခြယ်မှု မရှိ။

၅-ဥပေါသထိကဣတ္ထီနံဝတ္ထု

၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည်လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တဝါတို့၏ အသက်ကို မောင်းနှင်ကုန်၏။

၆-အဇဂရပေတဝတ္ထု

၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကို ပြုသောသူမိုက်သည် ထိုပြုသောအခါ၌ မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။

၇-မဟာမောဂ္ဂလ္လာနဝတ္ထု

၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ တုတ်လှံကန် စသည်ဖြင့် ပြစ်မှား၏။ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။

၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ (လက်ပြတ် ခြေပြတ် စသော) ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော (နူနာစသော) အနာစွဲကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွပ်စွဲခံရခြင်းသို့လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့လည်းကောင်း၊ စည်းစိမ်ဥစ္စာတို့၏ ယိုယွင်းပျက်စီးခြင်းသို့လည်းကောင်း ရောက်၏။

၁၄ဝ။ ထို့ပြင် ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်း လောင်၏။ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။

၈-ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု

၁၄၁။ အဝတ်မဝတ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန်အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်လည်းကောင်း၊ မြေ၌ အိပ်၍နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန့်အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့် ထိုင်၍ကျင့်ခြင်း သည်လည်းကောင်း ဝိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။

၉-သန္တတိမဟာမတ္တဝတ္ထု

၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏။ ဣန္ဒြေကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ မြတ်သောအကျင့်ရှိ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပပြုသူ ‘ဗြာဟ္မဏ’ မည်၏။ ကိလေသာငြိမ်းပြီးသူ ‘သမဏ’ မည်၏။ ကိလေသာဖျက်ဆီးပြီးသူ ‘ဘိက္ခု’ မည်၏။

၁ဝ-ပိလောတိကတိဿတ္ထေရဝတ္ထု

၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏ အိပ်ပျော်ခြင်းကို နိုးကြားစေ၏။ မိစ္ဆာဝိတက်ကို ရှက်ကြောက်ခြင်းဖြင့် တားမြစ်၏။ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။

၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးဖြင့် ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ (သင်တို့သည်လည်း) လုံ့လရှိကုန်သည် ထိတ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း ‘သဒ္ဓါ’နှင့်လည်းကောင်း၊ သီလနှင့်လည်းကောင်း၊ ဝီရိယနှင့်လည်းကောင်း၊ တည်ကြည်ခြင်း ‘သမာဓိ’နှင့်လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း (ပြည့်စုံကြလျက်) အသိ ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သော သတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။

၁၁-သုခသာမဏေရဝတ္ထု

၁၄၅။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် သစ်ကို လိုတိုင်းရအောင် ရွေကုန်၏။ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။

ဆယ်ခုမြောက် ဒဏ္ဍဝဂ် ပြီး၏။

၁၁ – ဇရာဝဂ်

၁-ဝိသာခါယ သဟာယိကာ (ပဉ္စသတဥပါသိကာ) ဝတ္ထု

၁၄၆။ (လူအပေါင်း၌) အမြဲ (ကိလေသာမီး) တောက်လောင်နေပါလျက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း? အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း? အဝိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး (မြှေးယှက်) အပ်ကုန်သည် ဖြစ်ပါလျက် (သင်တို့သည်) အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

၂-သိရိမာဝတ္ထု

၁၄၇။ အဆန်းတကြယ် ပြုလုပ်အပ်သော အရုပ်နှင့်တူသော (အရိုးစုသုံးရာတို့ဖြင့်) ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော (ကိုးပေါက်ဒွါရ) အမာဝရှိသော ကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။

၃-ဥတ္တရာထေရီဝတ္ထု

၁၄၈။ ဤရူပကာယသည် ဆွေးမြေ့ အိုမင်းတတ်၏။ အနာရောဂါတို့၏ တည်နေရာလည်း ဖြစ်၏။ ယိုယွင်းပျက်စီးတတ်၏။ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။

၄-သမ္ဗဟုလအဓိမာနိကဘိက္ခုဝတ္ထု

၁၄၉။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကို မြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ် ရှိနိုင်အံ့နည်း။

၅- (ဇနပဒကလျာဏီ) ရူပနန္ဒာထေရီဝတ္ထု

၁၅ဝ။ အရိုးတို့ကို (စိုက်ထူ၍) အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်း ဟူသော မြို့ ကို (တဏှာလက်သမားသည်) ဆောက်လုပ်အပ်၏။ ယင်းမြို့၌ အိုခြင်း သေခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

၆-မလ္လိကာဒေဝီဝတ္ထု

၁၅၁။ (ရတနာတို့ဖြင့်) ကောင်းစွာ ဆန်းကြယ်သော မင်း၏ရထားတို့သည် ဆွေးမြေ့အိုမင်းကြကုန်သေး၏။ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏။ သူတော်ကောင်းတို့၏ တရားတော်သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေး ပြောကြားကြကုန်၏။

၇-လာလုဒါယီထေရဝတ္ထု

၁၅၂။ အကြားအမြင်နည်းသော ဤယောကျာ်းသည် နွားလားကဲ့သို့ အချည်းနှီး ကြီးထွားလာ၏။ ထိုယောကျာ်းအား အသားတို့သာ တိုးပွါးကုန်၏။ ပညာမူကား မတိုးပွါး။

၈-ဥဒါနဝတ္ထု

၁၅၃။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ (တဏှာလက်သမား) ကို ရှာသော ငါသည် (ထိုတဏှာ လက်သမားကို မြင်နိုင်သောဉာဏ်) မရသေးသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည် သင့်ကို (ပညာမျက်စိဖြင့်) ယခုမြင်အပ်ပြီ။ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရတော့မည် မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို (ငါ) ချိုးဖျက်အပ်ပြီ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။ (ငါ၏) စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။

၉-မဟာဓနသေဋ္ဌိဝတ္ထု

၁၅၅။ (သူမိုက်တို့သည်) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် ငါးကုန်ခန်းသော ညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ) ကြံမှိုင်၍သာ နေကြရကုန်၏။

၁၅၆။ (သူမိုက်တို့သည်) အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သော မြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း (သုခ) တို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။

တစ်ဆယ့်တစ်ခုမြောက် ဇရာဝဂ် ပြီး၏။

၁၂ – အတ္တဝဂ်

၁-ဗောဓိရာဇကုမာရဝတ္ထု

၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသော အရွယ်၌ (လုံ့လထုတ်ကာ) သုတ်သင်ရာ၏။

၂-ဥပနန္ဒသကျပုတ္တတ္ထေရဝတ္ထု

၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏။ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

၃-ပဓာနိကတိဿတ္ထေရဝတ္ထု

၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ (သူတစ်ပါးကို) ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။

၄-ကုမာရကဿပမာတုတ္ထေရီဝတ္ထု

၁၆ဝ။ မိမိသည်သာ မိမိ၏ကိုးစားရာ ဖြစ်၏။ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်း? မိမိသည် ကောင်းစွာ ယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော ကိုးစားရာ အရဟတ္တဖိုလ်ကို ရနိုင်၏။

၅-မဟာကာလဥပါသကဝတ္ထု

၁၆၁။ ကျောက်မှဖြစ်သော စိန်သည် (မိမိမှီရာ) ကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့် ဖြစ်သော မကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။

၆-ဒေဝဒတ္တဝတ္ထု

၁၆၂။ မာလောနွယ်သည်မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ် သီလမရှိသောသူ၏ အဖြစ်တည်းဟူသောတဏှာအလွှမ်းမိုးခံရသူသည် ရန်သူ အလိုရှိတိုင်း (မိမိအကျိုးမဲ့ကို) မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။

၇-သံဃဘေဒပရိသက္ကနဝတ္ထု

၁၆၃။ အပြစ်ရှိ၍ မိမိ၏ အကျိုးစီးပွါး မရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏။ အပြစ်ကင်း၍ အကျိုးစီးပွါးရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

၈-ကာလတ္ထေရဝတ္ထု

၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သောတရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏။ ဝါးသီးတို့သည် ဝါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာဖြစ်၏။

၉-စူဠကာလဥပါသကဝတ္ထု

၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏။ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာ ဖြစ်၏။ သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို (ကိလေသာ အညစ် အကြေးမှ စင်ကြယ်အောင်) မသုတ်သင်နိုင်။

၁ဝ-အတ္တဒတ္တတ္ထေရဝတ္ထု

၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွါးအတွက်ကြောင့် မိမိ၏ အကျိုးစီးပွါးကို (အနည်းငယ်မျှ) မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွါးကို သိ၍ မိမိ အကျိုးစီးပွါးကို တိုးပွါးအောင် လေ့ကျက်အားထုတ်ရာ၏။

တစ်ဆယ့်နှစ်ခုမြောက် အတ္တဝဂ် ပြီး၏။

၁၃ – လောကဝဂ်

၁-ဒဟရဘိက္ခုဝတ္ထု

၁၆၇။ (ကာမဂုဏ်) အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့လျော့လျော့ မနေရာ၊မှားသော အယူကို မယူရာ၊ လောကကြီးပွါးရေးအတွက် သက်သက်မဖြစ်ရာ။

၂-သုဒ္ဓေါဒနဝတ္ထု

၁၆၈။ ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ်သော အကျင့်တရားကို ကျင့်ရာ၏။ တရားကို ကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။

၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏။ ဒုစရိုက်တရားကို မကျင့်ရာ၊ တရားကို ကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။

၃-ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု

၁၇ဝ။ ရေပွက်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တံလျှပ်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း ဤအတူ (ခန္ဓာငါးပါးဟူသော) လောကကို ရှုကြည့်သူကို သေမင်းသည် မမြင်နိုင်။

၄-အဘယရာဇကုမာရဝတ္ထု

၁၇၁။ လာကြကုန်လော့ (ရတနာခုနစ်ပါးဖြင့်) ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော (အဝတ်တန်ဆာတို့ဖြင့်) ဆန်းကြယ်သော ဤခန္ဓာငါးပါးတည်းဟူသော လောကကို ရှုကြကုန်လော့၊ ယင်းလောက၌ မိုက်သူတို့သည် နစ်မြုပ်ကြကုန်၏။ ပညာရှိတို့အား ကပ်ငြိတွယ်တာမှုသည် မရှိ။

၅-သမ္မဇ္ဇနတ္ထေရဝတ္ထု

၁၇၂။ ရှေး (ငယ်စဉ်) အခါ က (ကုသိုလ်၌) မေ့လျော့ခဲ့၍ နောင် (ကြီးပြင်းသော) အခါ၌ မမေ့မလျော့သောသူသည် တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤလောကကို (မဂ်ဉာဏ်ရောင်ဖြင့်) ထွန်းလင်းတောက်ပစေ၏။

၆-အင်္ဂုလိမာလတ္ထေရဝတ္ထု

၁၇၃။ မိမိပြုခဲ့သော မကောင်းမှု အကုသိုလ်ကံကို (အရဟတ္တမဂ်) ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို (အရဟတ္တမဂ် ဉာဏ်ရောင်ဖြင့်) ထွန်းလင်းတောက်ပစေ၏။

၇-ပေသကာရဓီတာဝတ္ထု

၁၇၄။ ဤလူအပေါင်းသည် (ပညာမျက်စိမရှိသဖြင့်) အကန်းအတိသာ ဖြစ်၏။ ဤလောက၌ အနည်းငယ်မျှသောသူသည်သာ (အနိစ္စ စသော သဘောအားဖြင့်) ရှုမြင်နိုင်၏။ ပိုက်ကွန်မှ လွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းငယ်မျှသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်နိုင်၏။

၈-တိံသဘိက္ခုဝတ္ထု

၁၇၅။ ဟင်္သာတို့သည် နေမင်းလမ်းကြောင်း ကောင်းကင်ခရီး၌ သွားကုန်၏။ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားကုန်၏။ ပညာရှိတို့သည် စစ်သည် ဗိုလ်ပါနှင့် တကွသော မာရ်မင်းကို အောင်၍ လောကမှ ထွက်မြောက်ကုန်၏။

၉-စိဉ္စမာဏဝိကာဝတ္ထု

၁၇၆။ သစ္စာတရားတစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘဝအတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်းမရှိသောသူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။

၁ဝ-အသဒိသဒါနဝတ္ထု

၁၇၇။ စေးနှဲဝန်တိုသူတို့သည် နတ်ပြည်သို့ မရောက်နိုင်ကြကုန်။ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်။ ပညာရှိသည်သာ အလှူဒါနကို ဝမ်းမြောက်နိုင်၏။ ထိုဝမ်းမြောက်မှုကြောင့် သာလျှင် ထိုပညာရှိသည် တမလွန်ဘဝ၌ ချမ်းသာရ၏။

၁၁-အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု

၁၇၈။ မြေတစ်ပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက်လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။

တစ်ဆယ့်သုံးခုမြောက် လောကဝဂ် ပြီး၏။

၁၄ – ဗုဒ္ဓဝဂ်

၁-မာရဓီတရဝတ္ထု

၁၇၉။ အကြင် မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန် အောင်ဖွယ်မလို၊ လောက၌ အကြင်မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာ နောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်း မရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

၁၈ဝ။ အကြင် မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သောတဏှာသည် မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

၂-ဒေဝေါရောဟနဝတ္ထု

၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့ကျက်အားထုတ်ကုန်၏။ ကာမမှ ထွက်မြောက်မှု ကိလေသာငြိမ်းမှု၌ မွေ့လျော်ကုန်၏။ သစ္စာလေးပါးတရားကို ကောင်းစွာ သိကုန်သော လွန်ကဲသော သတိရှိကုန်သော ထိုပညာရှိတို့အား နတ် ဗြဟ္မာတို့သည်လည်း ချစ်မြတ်နိုးကြကုန်၏။

၃-ဧရကပတ္တနာဂရာဇဝတ္ထု

၁၈၂။ လူအဖြစ်ကို ရခြင်းသည် ခဲယဉ်း၏။ သတ္တဝါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဉ်း၏။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာရခြင်းသည် ခဲယဉ်း၏။

၄-အာနန္ဒတ္ထေရပဥှာဝတ္ထု

၁၈၃။ မကောင်းမှုဟူသမျှကို မပြုရာ၊ ကုသိုလ်နှင့် ပြည့်စုံစေရာ၏။ မိမိစိတ်ကို ဖြူစင်စေရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၁၈၄။ တိတိက္ခာဟု အမည်ရသော သည်းခံမှု ခန္တီသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။ ရဟန်းဟူသည် သူတစ်ပါးကို မညှဉ်းဆဲ၊ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် ရဟန်း မဟုတ်။

၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွွဲရာ မညှဉ်းဆဲရာ၊ပါတိမောက္ခသံဝရသီလကို စောင့်ရှောက်ရာ၏။ စားဖွယ်၌ အတိုင်းအရှည်ကို သိရာ၏။ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏။ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တ သိက္ခာကို ပွါးများအားထုတ်ရာ၏။ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၅-အနဘိရတိဘိက္ခုဝတ္ထု

၁၈၆-၁၈၇။ အသပြာမိုး ရွာသွန်းပေးသဖြင့်လည်း ကာမတို့၌ ရောင့်ရဲတင်းတိမ်မှု မရှိ၊ ကာမတို့သည်သာယာဖွယ်သဘောမရှိကုန်၊ ဆင်းရဲကုန်၏ဟု သိ၍ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ပညာရှိသည် နတ်၌ဖြစ်သော ကာမတို့၌သော်လည်း မမွေ့လျော်၊ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။

၆-အဂ္ဂိဒတ္တဗြာဟ္မဏဝတ္ထု

၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။

၁၈၉။ ဤ တော တောင် အရံ အထိကရသစ်ပင်စသော ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်။

၁၉ဝ-၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ‘ဒုက္ခသစ္စာ’, ဆင်းရဲခြင်း၏အကြောင်းရင်းအမှန် ‘သမုဒယသစ္စာ’, ဆင်းရဲလွတ် မြောက်ရာအမှန် ‘နိရောဓသစ္စာ’, ဆင်းရဲငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအမှန် ‘အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ’ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။

၁၉၂။ ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်း မည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။

၇-အာနန္ဒတ္ထေရပဥှာဝတ္ထု

၁၉၃။ ယောကျာ်းအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ဖြစ်ထွန်းပေါ်ပေါက်နိုင်ခဲ၏။ ထိုယောကျာ်းအာဇာနည်ပုဂ္ဂိုလ်မျိုးသည် ခပ်သိမ်းသောအရပ်ဒေသ ခပ်သိမ်းသော အမျိုးအနွယ်တို့၌ မဖြစ်ထွန်းနိုင်၊ ပညာရှိသော အာဇာနည်ယောကျာ်းပုဂ္ဂိုလ်မျိုးသည် အကြင်အမျိုးအနွယ်၌ ဖြစ်၏။ ထိုအမျိုးအနွယ်သည် ချမ်းသာခြင်းသို့ ရောက်၏။

၈-သမ္ဗဟုလဘိက္ခုဝတ္ထု

၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။

၉-ကဿပဒသဗလဿသုဝဏ္ဏစေတိယဝတ္ထု

၁၉၅-၁၉၆။ ပူဇော်ထိုက်ကုန်သောတဏှာ မာန ဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော စိုးရိမ်ပူဆွေး ငိုကြွေးခြင်းကို လွန်မြောက်ပြီးကုန်သော ကိလေသာ ငြိမ်းအေးပြီးကုန်သော တစ်စုံတစ်ခု ဘေးရန်မရှိကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်တို့ကိုလည်းကောင်း ပူဇော်သောသူ၏ ကောင်းမှုကို ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံတစ်ယောက်သောသူသည်လည်း ရေတွက်ခြင်းငှါ မတတ်ကောင်း။

တစ်ဆယ့်လေးခုမြောက် ဗုဒ္ဓဝဂ် ပြီး၏။

ပဌမဘာဏဝါရ ပြီး၏။

၁၅ – သုခဝဂ်

၁-ဉာတိကလဟဝူပသမနဝတ္ထု

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသောသူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲအလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ကိလေသာ အနှိပ်စက် ခံရသောသူတို့အလယ်၌ ကိလေသာအနှိပ်စက်မခံရကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

၁၉၉။ ကာမဂုဏ်ကိုကြောင့်ကြစိုက်ကုန်သောသူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့ နေနိုင်ကြကုန်၏။

၂-မာရဝတ္ထု

၂ဝဝ။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏။ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်း ဟူသော အစာကိုအားထား၍ နေကြကုန်အံ့။

၃-ကောသလရညော ပရာဇယဝတ္ထု

၂ဝ၁။ အနိုင်ရသူသည် ရန်ကို ပွါးစေ၏။ ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ (ကိလေသာ) ငြိမ်းပြီးသောသူသည် အနိုင်အရှုံးကို စွန့်၍ ချမ်းသာစွာ နေရ၏။

၄-အညတရကုလဒါရိကာဝတ္ထု

၂ဝ၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲ ‘ဒုက္ခ’ မရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာ မရှိ။

၅-ဧကဥပါသကဝတ္ထု

၂ဝ၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏။ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။ (ပညာရှိသည်) ဤသို့ ဟုတ်တိုင်းမှန်စွာ သိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

၆-ပသေနဒိကောသလဝတ္ထု

၂ဝ၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။

၇-တိဿတ္ထေရဝတ္ထု

၂ဝ၅။ တရားတည်းဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကို လည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏။ မကောင်းမှုမှလည်း ကင်း၏။

၈-သက္ကဝတ္ထု

၂ဝ၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည် ကောင်း၏။ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါ ခပ်သိမ်း ချမ်းသာ၏။ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

၂ဝ၇။ သူမိုက်နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလရှည်မြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့်အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါ ခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိနှင့့် အတူတကွ နေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

၂ဝ၈။ ထို့ကြောင့် သာလျှင် တည်ကြည်လည်း တည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသော ဝန်ကိုလည်း ဆောင်လေ့ရှိသော သီလဓုတင် (ဖြူစင်သော) အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့ သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့မှီဝဲဆည်းကပ်ရာ၏။

တစ်ဆယ့်ငါးခုမြောက် သုခဝဂ် ပြီး၏။

၁၆ – ပိယဝဂ်

၁-တယောဇနပဗ္ဗဇိတဝတ္ထု

၂ဝ၉။ မိမိကိုယ်ကိုအားမထုတ်သင့်ရာ၌အားထုတ်လျက်အားထုတ်သင့်ရာ၌အားမထုတ်ဘဲ အကျိုးစီးပွါးကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ်သူတို့၏ (အကျိုးစီးပွါးကို ငါရမူကား ကောင်းလေစွဟု) လိုလားတောင့်တ၏။

၂၁ဝ။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ရံတစ်ဆစ်မျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

၂၁၁။ ထို့ကြောင့် (လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ) ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့ ‘ဂန္ထ’ တို့ မရှိကြကုန်။

၂-အညတရကုဋမ္ဗိကဝတ္ထု

၂၁၂။ ချစ်ခင်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

၃-ဝိသာခါဝတ္ထု

၂၁၃။ မြတ်နိုးမှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ မြတ်နိုးမှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

၄-လိစ္ဆဝီဝတ္ထု

၂၁၄။ မွေ့လျော်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ မွေ့လျော်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ မွေ့လျော်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

၅-အနိတ္ထိဂန္ဓကုမာရဝတ္ထု

၂၁၅။ ကာမကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ ကာမကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ ကာမမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့ နည်း။

၆-အညတရဗြာဟ္မဏဝတ္ထု

၂၁၆။ တဏှာကြောင့် စိုးရိမ်မှု ဖြစ်ရ၏။ တဏှာကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏။ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့ နည်း။

၇-ပဉ္စသတဒါရကဝတ္ထု

၂၁၇။ သီလနှင့်လည်းပြည့်စုံ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ်အမှုကိစ္စကိုလည်း ပြုတတ်သူကို လူ အပေါင်းသည် ချစ်ခင်မြတ်နိုး၏။

၈-ဧကအနာဂါမိတ္ထေရဝတ္ထု

၂၁၈။ နိဗ္ဗာန်ကိုအားကြီးစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့် တွေ့ထိကာ ကာမဘုံတို့၌ ကပ်ငြိစိတ်မရှိသူကို အထက်အကနိဋ္ဌဘုံသို့ အစဉ်အတိုင်း သွားမည့်သူဟု ဆိုအပ်၏။

၉-နန္ဒိယဝတ္ထု

၂၁၉။ ကြာမြင့်စွာ ကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို (မြင်၍) ဆွေမျိုး မိတ်ဆွေချစ်ကျွမ်းဝင်သူတို့သည် ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကုန်၏။

၂၂ဝ။ ထိုနည်းတူစွာလျှင် ဤပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ သွားသော ပြုပြီးသော ကောင်းမှုရှိသူကိုလည်း ဆွေမျိုးတို့သည် ပြန်ရောက်လာသော ချစ်ခင်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏။

တစ်ဆယ့်ခြောက်ခုမြောက် ပိယဝဂ် ပြီး၏။

၁၇ – ကောဓဝဂ်

၁-ရောဟိနီခတ္တိယကညာဝတ္ထု

၂၂၁။ အမျက် ‘ဒေါသ’ကို စွန့်ရာ၏။ မာနကို ပယ်ရာ၏။ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏။ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

၂-အညတရဘိက္ခုဝတ္ထု

၂၂၂။ လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာ ပြေးသွားသော ရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက် ‘ဒေါသ’ကို စင်စစ် တားမြစ်နိုင်သူကို ‘လိမ္မာသော ရထားထိန်း’ ဟူ၍ ငါဆို၏။ ဤမှတစ်ပါး ပြကတေ့ ရထားထိန်းသည် ရထားကြိုးကိုင်သာ မည်၏။

၃-ဥတ္တရာဥပါသိကာဝတ္ထု

၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့် အောင်ရာ၏။ မကောင်းသော သဘောရှိသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။ မဟုတ်မမှန် ပြောသောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

၄-မဟာမောဂ္ဂလ္လာနပဥှာဝတ္ထု

၂၂၄။ မှန်သော စကားကို ပြောဆိုရာ၏။ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏။ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ ရောက်ရ၏။

၅-ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု

၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရ စသည်တို့ဖြင့် အမြဲစောင့်စည်းတတ် ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

၆-ပုဏ္ဏဒါသီဝတ္ထု

၂၂၆။ အခါ ခပ်သိမ်း နိုးကြား ထကြွကုန်သည်ဖြစ်၍ နေ့ညဉ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်း ကွယ်ပျောက်ကြကုန်၏။

၇-အတုလဥပါသကဝတ္ထု

၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာ ပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့ လွတ်သောသူမည်သည် မရှိပေ။

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူ မည်သည် ရှေးကလည်း မရှိခဲ့စဖူး၊ နောင်အခါ လည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်း မရှိ။

၂၂၉-၂၃ဝ။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သော ပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိဂုဏ်ရှိသောသူကို ပညာရှိတို့သည် ဟုတ်မှန်စွာ သိ၍ နေ့တိုင်း နေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့်တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း? ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏။ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

၈-ဆဗ္ဗဂ္ဂိယဝတ္ထု

၂၃၁။ ကိုယ်အမူအရာပျက်စီးမှု (ကာယဒုစရိုက်သုံးပါး) ကို စောင့်ရှောက်ရာ၏။ ကာယဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ ကာဒုစရိုက်ကို ပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ဝစီဒုစရိုက်လေးပါး) ကို စောင့်ရှောက်ရာ၏။ ဝစီဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ ဝစီဒုစရိုက်ကို ပယ်စွန့်၍ ဝစီသုစရိုက်ကို ကျင့်ရာ၏။

၂၃၃။ စိတ်အမူအရာပျက်စီးမှု (မနောဒုစရိုက်သုံးပါး) ကို စောင့်ရှောက်ရာ၏။ မနောဒွါရဖြင့် (ဒုစရိုက်ဝင်ရောက်လာမှုကို) တားမြစ်ပိတ်ပင်ရာ၏။ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

၂၃၄။ ပညာရှိတို့သည် ကိုယ်ဖြင့် ဝင်ရောက်လာသော ဒုစရိုက်, နှုတ်ဖြင့် ဝင်ရောက် လာသော ဒုစရိုက်, စိတ်ဖြင့် ဝင်ရောက်လာသော ဒုစရိုက်တို့ကို တားမြစ် ပိတ်ပင်နိုင်ကုန်၏။ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။

တစ်ဆယ့်ခုနစ်ခုမြောက် ကောဓဝဂ် ပြီး၏။

၁၈ – မလဝဂ်

၁-ဂေါဃာတကပုတ္တဝတ္ထု

၂၃၅။ (ဥပါသကာ) သင်သည် ယခုအခါ ဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ခဲ့ပြီ။ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ။ ဆုတ်ယုတ် ပျက်စီးခြင်း၏အစ (ဘဝအဆုံး)၌လည်း တည်ခဲ့ပြီ။ သင့်အား (ဘဝတစ်ပါးသို့ သွားရန် ကောင်းမှု) ရိက္ခာလည်း မရှိ။

၂၃၆။ ထိုသင်သည် မိမိ၏မှီရာကျွန်းနှင့်တူသော ကောင်းမှုကို ပြုလော့၊ လျင်စွာအားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကို ပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

၂၃၇။ (ဥပါသကာ) သင်သည် ယခုအခါ အရွယ်လွန်ချေပြီ။ သေမင်း၏ အထံသို့ သွားချိန် ရောက်ခဲ့ပြီ။ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား (ဘဝတစ်ပါးသို့ သွားရန်ကောင်းမှု) ရိက္ခာလည်း မရှိ။

၂၃၈။ (ဥပါသကာ) သင်သည် မိမိ၏မှီရာကျွန်းနှင့်တူသော ကောင်းမှုကို ပြုလော့၊ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေလော့၊ အညစ်အကြေးကို ပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန်ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့လတ္တံ့။

၂-အညတရဗြာဟ္မဏဝတ္ထု

၂၃၉။ ပန်းထိမ်သည်သည် ရွှေ၏ အညစ်အကြေးကို တဖြည်းဖြည်း ထုတ်သကဲ့သို့ ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း အခွင့်ရတိုင်း (ရာဂစသော အညစ်အကြေးကို) ထုတ်ပယ်ရာ၏။

၃-တိဿတ္ထေရဝတ္ထု

၂၄ဝ။ သံချေးသည် သံမှပင် ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် (ပြန်၍) စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှုတို့သည် ဒုဂ္ဂတိဘဝသို့ ဆောင်ကုန်၏။

၄-လာဠုဒါယီဝတ္ထု

၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်း (လှပခြင်း) ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေး မည်၏။

၅-အညတရကုလပုတ္တဝတ္ထု

၂၄၂။ (လင်ကို) လွန်ကျူး၍ ကျင့်ခြင်းသည် မိန်းမ၏ (ပျက်စီးကြောင်း) အညစ် အကြေးမည်၏။ နှမြောဝန်တိုခြင်းသည် ပေးလှူသူ၏ (ပျက်စီးကြောင်း) အညစ် အကြေးမည်၏။ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ဧကန်ပျက်စီးကြောင်း အညစ်အကြေး မည်ကုန်၏။

၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးကား အမှန်ကို မသိမှု ‘အဝိဇ္ဇာ’ ပင်တည်း။ ရဟန်းတို့ ဤ (အလွန်ကဲဆုံး) အဝိဇ္ဇာ အညစ်အကြေးကို သတ်၍ အညစ်အကြေး ကင်းစေကုန်လော့။

၆-စူဠသာရိဘိက္ခုဝတ္ထု

၂၄၄။ အရှက်မရှိသူသည် ရဲတင်းသော ကျီးနှင့် တူသဖြင့်လည်းကောင်း၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးသဖြင့်လည်းကောင်း၊ သူတစ်ပါးပြုသည်ကို မိမိပြုယောင် ဆောင်သဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသောအကျင့်ဖြင့်လည်းကောင်း အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။

၂၄၅။ အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တို သဖြင့်လည်းကောင်း၊ မကြမ်းကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက် မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့်လည်းကောင်း အသက်မွေးမှု ပြုသောကြောင့် အသက်မွေးခဲယဉ်း၏။

၇-ပဉ္စဥပါသကဝတ္ထု

၂၄၆-၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏။ မဟုတ်မမှန်သော စကားကိုလည်းပြောဆို၏။ ပိုင်ရှင်မပေးသောသူ့ဥစ္စာကို ခိုးယူ၏။ သူတစ်ပါးသားမယားကိုလည်း သွားလာ၏။ သေရည်သေရက်ကိုလည်းသောက် စား၏။ ထိုသူသည် ဤဘဝ၌ပင်လျှင် မိမိ၏ မူလရင်းအခြေ၏ အမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏။

၂၄၈။ အိုယောကျာ်း ကိုယ်စသည်ကို စောင့်စည်းမှု ကင်းဝေးသူတို့သည် ယုတ်ညံ့သော သဘောရှိကုန်၏ဟု သိလေလော့၊ လောဘသည်လည်းကောင်း ဒေါသသည်လည်းကောင်း သင့်ကို ကြာမြင့်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေလင့်။

၈-တိဿဒဟရဝတ္ထု

၂၄၉။ လူအပေါင်းသည် တစ်စုံတစ်ယောက်အား ယုံကြည်သည့်အလျောက် ကြည်ညိုသည့် အလျောက် ပေးကမ်းလှူဒါန်း၏။ စားဖွယ်သောက်ဖွယ်စသည်ကို သူတစ်ပါးတို့ ပေးလှူရာ၌ မျက်နှာမသာသူသည် နေ့အခါ၌လည်းကောင်း၊ ညဉ့်အခါ၌လည်းကောင်း စိတ်၏ တည်ကြည်မှုကို မရ။

၂၅ဝ။ အကြင်သူသည် ဤမျက်နှာမသာမှုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏။ ထိုသူသည် နေ့အခါ၌လည်းကောင်း၊ ညဉ့်အခါ၌လည်းကောင်း စိတ်၏ တည်ကြည်မှုကို ဧကန်ရ၏။

၉-ပဉ္စဥပါသကဝတ္ထု

၂၅၁။ ရာဂနှင့်တူသော မီးသည် မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သတ္တဝါသည် မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ၊ တဏှာနှင့်တူသော မြစ်သည် မရှိ။

၁ဝ-မေဏ္ဍကသေဋ္ဌိဝတ္ထု

၂၅၂။ သူတစ်ပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိ၏ အပြစ်ကိုကား မြင်နိုင် ခဲ၏။ ထိုသူသည် ဖွဲကို လွှင့်သကဲ့သို့ သူတစ်ပါးတို့၏ အပြစ်ကို လွှင့်၏။ စဉ်းလဲ ကောက်ကျစ်သော ငှက်မုဆိုးသည် ကိုယ်ကို (သစ်ရွက်စသည်ဖြင့်) ဖုံးလွှမ်းသကဲ့သို့ မိမိ၏ အပြစ်ကို မူကား ဖုံးလွှမ်း၏။

၁၁-ဥဇ္ဈာနသညိတ္ထေရဝတ္ထု

၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

၁၂-သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု

၂၅၄။ ကောင်းကင်၌ ခြေရာ မရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်း မရှိ၊ သတ္တဝါတို့သည် သံသရာချဲ့ထွင်တတ်သော (တဏှာမာနဒိဋ္ဌိ) တရား၌ မွေ့လျော်ကုန်၏။ ဘုရားရှင်တို့သည် သံသရာချဲ့ထွင်တတ်သောတရားမှ ကင်းကုန်၏။

၂၅၅။ ကောင်းကင်၌ ခြေရာ မရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်း မရှိ၊ မြဲကုန်သော သင်္ခါရတရားတို့သည် မရှိကုန်။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်း မရှိ။

တစ်ဆယ့်ရှစ်ခုမြောက် မလဝဂ် ပြီး၏။

၁၉ – ဓမ္မဋ္ဌဝဂ်

၁-ဝိနိစ္ဆယမဟာမတ္တဝတ္ထု

၂၅၆။ ဆုံးဖြတ်အပ်သော (အမှု) သဘောကိုနိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌ တည်သူတရားသူကြီး မဟုတ်၊ ပညာရှိသည်ဟုတ်မှန်သော အကြောင်းမဟုတ် မမှန်သော အကြောင်း နှစ်ပါးစုံကို (စုံစမ်းမေးမြန်း၍) ဆုံးဖြတ် ရာ၏။

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါတို့ကိုနိုင်ခြင်း ရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သောတရား၌ တည်သူ တရားသူကြီးဟု ဆိုအပ်၏။

၂-ဆဗ္ဗဂ္ဂိယဝတ္ထု

၂၅၈။ စကားများစွာ ပြောကာမျှဖြင့် ပညာရှိမဖြစ်၊ ဘေးမရှိ ရန်မလာ ကြောက်ရွံ့မှု ကင်းကွာသူကို ပညာရှိဟူ၍ ဆိုအပ်၏။

၃-ဧကုဒါနခီဏာသဝဝတ္ထု

၂၅၉။ စကားများစွာ ပြောကာမျှဖြင့် တရားကို ဆောင်သူ မမည်၊ အကြင်သူသည် အနည်းငယ်သောတရားစကားကို ကြားရရုံမျှဖြင့်လည်း သစ္စာလေးပါး တရားကို မဂ်ဉာဏ်ဖြင့် မြင်၏။ ထိုသစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူ မည်၏။

၄-လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု

၂၆ဝ။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုဦးခေါင်း ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ် မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟု ဆိုအပ်၏။

၂၆၁။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်း ရှိ၏။ တရားလည်း ရှိ၏။ ညှဉ်းဆဲမှု မရှိ၊ သီလစောင့်ခြင်းရှိ၏ (ဣန္ဒြေကိုလည်း) ဆုံးမ၏။ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိ ပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏။

၅-သမ္ဗဟုလဘိက္ခုဝတ္ထု

၂၆၂။ ငြူစူတတ်သော ဝန်တိုသော စဉ်းလဲတတ်သော ပုဂ္ဂိုလ်သည် ကောင်းသောစကားကို ပြောတတ်ကာမျှဖြင့်လည်းကောင်း၊ ရုပ်အဆင်းလှပကာမျှဖြင့်လည်းကောင်း ကောင်းသော သဘောရှိသည် မမည်။

၂၆၃။ အကြင်သူသည် ငြူစူခြင်း ဝန်တိုခြင်း စဉ်းလဲခြင်းဟူသော ထိုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏။ ကိလေသာအပြစ်ကို ထွေးအန်ပြီးသော ထိုပညာရှိကို ကောင်းသော သဘောရှိသူဟု ဆိုအပ်၏။

၆-ဟတ္ထကဝတ္ထု

၂၆၄။ ဦးပြည် း ခေါင်းတုံးကာမျှဖြင့် ရဟန်းမည်သည် မဖြစ်၊ သီလအကျင့် ဓုတင်အကျင့်လည်း မရှိသော ချွတ်ယွင်းသော စကားကိုလည်း ပြောတတ်သော လိုချင် မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာ ရဟန်းဟုတ်နိုင်ပါအံ့နည်း။

၂၆၅။ အကြင်ပုဂ္ဂိုလ်သည် အသေးအကြီးဖြစ်သော မကောင်းမှုတို့ကို အချင်းခပ်သိမ်း ငြိမ်းစေ၏။ ထိုပုဂ္ဂိုလ်ကို မကောင်းမှုအလုံးစုံကို ငြိမ်းစေတတ်သောကြောင့် ‘ရဟန်း’ဟူ၍ ဆိုအပ်၏။

၇-အညတရဗြာဟ္မဏဝတ္ထု

၂၆၆။ သူတစ်ပါးတို့ထံ တောင်းစားကာမျှဖြင့် ရဟန်းမည်သည် မဖြစ်၊ တရားနှင့် မညီညွတ်သောအကျင့်ကို ယူ၍ ကျင့်ကာမျှဖြင့် ရဟန်းမည်သည် မဖြစ်။

၂၆၇။ ဤသာသနာတော်၌ အကြင်သူသည် မြတ်သောအကျင့်ရှိသည်ဖြစ်၍ ကောင်းမှု မကောင်းမှုကို ပယ်နုတ်လျက် ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့် ဆင်ခြင်၍ ကျင့်၏။ ထိုသူကို ‘ရဟန်း’ဟု ဆိုအပ်၏။

၈-တိတ္ထိယဝတ္ထု

၂၆၈-၂၆၉။ အသိပညာ မရှိပါဘဲ တွေဝေသော သဘောရှိသောသူသည် ဆိတ်ဆိတ် နေကာမျှဖြင့် မုနိမမည်၊ အကြင်ပညာရှိသည် ချိန်ခွင်ကို ကိုင်၍ ချိန်စက်သကဲ့သို့ ကောင်းမှုတည်းဟူသော အမြတ်တရားကို ယူ၍ မကောင်းမှု အကုသိုလ်တရားတို့ကို ကြဉ်ရှောင်၏။ ထို့ကြောင့် ထိုပညာရှိသည် မုနိ မည်၏။ အကြင် သူသည် အဇ္ဈတ္တဗဟိဒ္ဓ ခန္ဓာနှစ်ပါးတို့ကို သိ၏။ ထိုသူသည်လည်း မုနိ မည်၏။ ထိုအကြောင်းနှစ်ပါးကြောင့် ‘မုနိ’ဟု ဆိုအပ်၏။

၉-ဗာဠိသိကဝတ္ထု

၂၇ဝ။ အကြင်ကြောင့် သတ္တဝါတို့ကို ညှဉ်းဆဲ၏။ ထိုညှဉ်းဆဲခြင်းကြောင့် အရိယာမဖြစ်၊ သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

၁ဝ-သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု

၂၇၁-၂၇၂။ သီလအကျင့် ရှိကာမျှဖြင့်လည်းကောင်း အကြားအမြင် များကာမျှဖြင့် လည်းကောင်း၊ တည်ကြည်မှု သမာဓိရကာမျှဖြင့်လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့် လည်းကောင်း ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာအဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏ဟူ၍ သက်သာရာ (ရပ်နားခြင်း)သို့ မရောက်ပါစေလင့်။

တစ်ဆယ့်ကိုးခုမြောက် ဓမ္မဋ္ဌဝဂ် ပြီး၏။

၂ဝ – မဂ္ဂဝဂ်

၁-ပဉ္စသတဘိက္ခုဝတ္ထု

၂၇၃။ လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော လမ်းခရီး’မဂ်’သည် အမြတ်ဆုံး ဖြစ်၏။ သစ္စာအားလုံးတို့တွင် အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏။ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏။ အခြေနှစ်ချောင်းရှိသော သတ္တဝါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။

၂၇၄။ ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီး ‘မဂ်’သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်း အတွက် ခရီးမှန် ဖြစ်၏။ ဤလမ်းခရီး ‘မဂ်’မှ တစ်ပါးသော ခရီးသည် မရှိတော့ပြီ။ ထို့ကြောင့် သင်တို့သည် ဤခရီးမှန်ကိုသာ သွားကြကုန်လော့၊ ဤခရီးမှန်သည် မာရ်မင်း မမြင်နိုင်သော လမ်းခရီးတည်း။

၂၇၅။ သင်တို့သည် ဤမဂ်ဟူသော လမ်းမှန်ကို သွားကြကုန်သည်ရှိသော် ဆင်းရဲအဆုံးကို ပြုရကုန်လတ္တံ့။ ငါသည် ရာဂစသော ဆူးငြောင့်ကင်းသော လမ်းမှန်ကို ကိုယ်တိုင်သိ၍ သင်တို့အား မဂ်ဟူသော လမ်းမှန်ကို ညွှန်ကြားအပ်ပြီ။

၂၇၆။ သင်တို့သည် (ကိုယ်တိုင်) ပြုဖွယ်ကိစ္စကိုအားထုတ်ကြကုန်လော့၊ ဘုရားရှင်တို့သည် (လမ်းမှန်ကို) ညွှန်ကြားရုံမျှ ဖြစ်ကုန်၏။ ကျင့်ကြကုန်၍ ကိလေသာကို ရှို့မြှိုက်ကြကုန်သူတို့ သည်သာ မာရ်မင်းအနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။

၂-အနိစ္စလက္ခဏဝတ္ထု

၂၇၇။ အကြင်အခါ ”(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

၃-ဒုက္ခလက္ခဏဝတ္ထု

၂၇၈။ အကြင်အခါ ”(ရုပ်နာမ်ဓမ္မ) သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

၄-အနတ္တလက္ခဏဝတ္ထု

၂၇၉။ အကြင်အခါ ”သဘာဝတရားအားလုံးတို့သည် အတ္တမဟုတ်ကုန်”ဟု ဝိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၏။

၅-ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု

၂၈ဝ။ ပျိုမျစ်နုထွား ခွန်အားနှင့် ပြည့်စုံပါသော်လည်း ထကြွသင့်သောအခါ၌ ထကြွမှု လုံ့လမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံ ‘ဝိတက်’ များ၍ အလွန် ပျင်းရိသူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယမဂ်ကို မရနိုင်။

၆-သူကရပေတဝတ္ထု

၂၈၁။ ဝစီဒုစရိုက်ကို ကောင်းစွာ ရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကို အစဉ်စောင့် ရှောက်ရာ၏။ စိတ်ဖြင့် မနောဒုစရိုက်ကို စောင့်စည်းရာ၏။ ကိုယ်ဖြင့်လည်း အကုသိုလ်ကို မပြုရာ၊ ထိုကမ္မပထတရား သုံးပါးတို့ကို သုတ်သင်ပြီးလျှင် မြတ်စွာဘုရား ဟောကြားအပ်သော မဂ်ကို ပြီးစေရာ၏။

၇-ပေါဋ္ဌိလတ္ထေရဝတ္ထု

၂၈၂။ ကမ္မဋ္ဌာန်းအာရုံ၌အားထုတ်မှုလုံ့လကြောင့် ပညာ ဖြစ်ပွါး၏။အားထုတ်မှု လုံ့လမရှိခြင်းကြောင့် ပညာကုန်ခန်း၏။ ပညာဖြစ်ပွါးခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်း နှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာ တိုးပွါး၏။ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။

၈-ပဉ္စမဟလ္လကဘိက္ခုဝတ္ထု

၂၈၃။ ရဟန်းတို့ တဏှာတည်းဟူသော တောကို ခုတ်ဖြတ်ကြကုန်လော့၊ (ပြကတေ့) သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊ (တဏှာဟူသော) တောကြောင့် (ဇာတိ စသော) ဘေး ဖြစ်၏။ တဏှာဟူသော တောကြီး တောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသော တောမှ ထွက်မြောက်ကြကုန်လော့။

၂၈၄။ နို့မခွဲသေးသော နွားငယ်သည် အမိ (နွားမ)သို့ ကပ်သကဲ့သို့ ယောကျာ်းအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောကျာ်းသည် ကပ်ငြိသောစိတ် ရှိသည်ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်၏။

၉-သုဝဏ္ဏကာရတ္ထေရဝတ္ထု

၂၈၅။ တန်ဆောင်မုန်းလရာသီ၌ (လရောင်ကြောင့် ) ပွင့်သော ကုမုဒြာကြာပန်းကို လက်ဖြင့်ဖြတ်သကဲ့သို့ မိမိ၏ ချစ်ခြင်းတဏှာကို ဖြတ်လော့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်ကိုသာ ဟောတော်မူအပ်၏။ နိဗ္ဗာန်သို့ ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်တရားကိုသာလျှင် ပွါးများလေလော့။

၁ဝ-မဟာဓနဝါဏိဇဝတ္ထု

၂၈၆။ ဤအရပ်၌ မိုးအခါ ပတ်လုံး ငါ နေမည်၊ ဤအရပ်၌ ဆောင်းအခါ နွေ အခါတို့ပတ်လုံး ငါ နေမည်ဟု လူမိုက်သည် အထူးထူး အထွေထွေ ကြံစည်၏။ (ဘယ်အခါ ဘယ်အရပ်မှာ ငါ သေမည်ဟု မိမိ၏) အသက်အန္တရာယ်ကိုမူကား မသိရှာလေ။

၁၁-ကိသာဂေါတမီဝတ္ထု

၂၈၇။ သားသမီး ကျွဲနွား ဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။

၁၂-ပဋာစာရာဝတ္ထု

၂၈၈။ သေမင်းနှိပ်စက်ခံရသူအား (သေမင်းမှ) စောင့်ရှောက်ရန်အတွက် သား သမီးတို့ မရှိကုန်။ အမိအဖတို့လည်း မရှိကုန်။ အဆွေခင်ပွန်းတို့လည်း မရှိကုန်။ ဆွေမျိုးတို့တွင် စောင့်ရှောက်နိုင်မည့်သူလည်း မရှိ။

၂၈၉။ ဤအကြောင်းထူးကို သိ၍ ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်စွာသာလျှင် သုတ်သင်ရာ၏။

နှစ်ဆယ်ခုမြောက် မဂ္ဂဝဂ် ပြီး၏။

၂၁ – ပကိဏ္ဏကဝဂ်

၁-အတ္တနောပုဗ္ဗကမ္မဝတ္ထု

၂၉ဝ။ အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို ရလိမ့်မည်ဟု မြင်ခဲ့မူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကို မြင်သော ပညာရှိသည် အနည်းငယ်သော ချမ်းသာကို စွန့်လွှတ်ရာ၏။

၂-ကုက္ကုဋဏ္ဍခါဒိကာဝတ္ထု

၂၉၁။ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေလျက် မိမိ၏ ချမ်းသာကို အလိုရှိသူသည် ရန်ကို ရန်ချင်း ရောနှောသောအားဖြင့် ရောနှောခြင်း ဖြစ်ရကား ရန်မှမလွတ်နိုင်။

၃-ဘဒ္ဒိယာနံဘိက္ခူနံဝတ္ထု

၂၉၂။ ပြုသင့်ပြုထိုက်သော အမှုကို (မပြုလုပ်ဘဲ) စွန့်ပစ်၍ မပြုသင့် မပြု ထိုက်သော အမှုကို မူကားပြုလုပ်ကာ မာနထောင်လွှားလျက် မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွါးကုန်၏။

၂၉၃။ အကြင်သူတို့ကား ကာယဂတာသတိကို အမြဲကောင်းစွာအားထုတ်ကြကုန်၏။ ထိုသူတို့သည် မပြုသင့် မပြုထိုက်သော အမှုကို မပြု မမှီဝဲကုန်။ ပြုသင့် ပြုထိုက်သော အမှု၌ မပြတ်ပြုလုပ်ကြကုန်၏။ သတိရှိသူ ကောင်းစွာ အပြားအားဖြင့် သိမှု သမ္ပဇဉ်ဉာဏ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ခြင်းသို့ ရောက်ကုန်၏။

၄-လကုဏ္ဍကဘဒ္ဒိယဝတ္ထု

၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် (တဏှာတည်းဟူသော) အမိကိုလည်းကောင်း၊ (မာနတည်းဟူသော) အဖကိုလည်းကောင်း၊ သတ်ပြီးလျှင် (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်း ဟူသော) ရေမြေအရှင် ဘုရင်မင်းမြတ်နှစ်ပါးတို့ကိုလည်းကောင်း၊ နန္ဒီရာဂတည်းဟူသောအခွန်သိမ်းအမတ်နှင့်တကွ (အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော) တိုင်းပြည် ကို လည်းကောင်း သတ်ခြင်းကြောင့် ဆင်းရဲကင်းလျက် သွားရ၏။

၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် (တဏှာတည်းဟူသော) အမိကိုလည်းကောင်း၊ (မာနတည်းဟူသော) အဖကိုလည်းကောင်း၊ သတ်ပြီးလျှင် (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်း ဟူသော) မင်းပုဏ္ဏားနှစ်ပါးတို့ကိုလည်းကောင်း သတ်သောကြောင့် ကျားရဲရှိသော ခရီးနှင့်တူသော ဝိစိကိစ္ဆာလျှင် ငါးခုမြောက် (နီဝရဏ) အတားအဆီးကို ပယ်ဖျက်ကာ ဆင်းရဲကင်းလျက် သွားရ၏။

၅-ဒါရုသာကဋိကပုတ္တဝတ္ထု

၂၉၆။ နေ့ရော ညဉ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၇။ နေ့ရော ညဉ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၈။ နေ့ရော ညဉ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၂၉၉။ နေ့ရော ညဉ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၃ဝဝ။ နေ့ရောညဉ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၃ဝ၁။ နေ့ရော ညဉ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာ နိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

၆-ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု

၃ဝ၂။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ ရဟန်းပြုနိုင်ခဲ၏။ သူတော်အကျင့်၌ မွေ့လျော်နိုင်ခဲ၏။ အိမ်၌ မပြည့်မစုံနေရခြင်းသည် ဆင်းရဲ၏။ သဘောမတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီးသွားရခြင်းသည် ဆင်းရဲသို့ ကျတတ်၏။ ထို့ကြောင့် သံသရာ ခရီးသွား မဖြစ်ရာ၊ ဆင်းရဲသို့ ကျရောက်သူ မဖြစ်ရာ။

၇-စိတ္တဂဟပတိဝတ္ထု

၃ဝ၃။ သဒ္ဓါတရားလည်းရှိ သီလနှင့်လည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏။

၈-စူဠသုဘဒ္ဒါဝတ္ထု

၃ဝ၄။ ဟိမဝန္တာတောင်သည် အဝေး၌တည်သော်လည်း ထင်ရှားသကဲ့သို့ သူတော်ကောင်း တို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏။ ညဉ့်အခါ ပစ်လိုက်သည့် မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။

၉-ဧကဝိဟာရိတ္ထေရဝတ္ထု

၃ဝ၅။ မပျင်းမရိမူ၍ တစ်ယောက်တည်းနေ တစ်ယောက်တည်းအိပ် တစ်ယောက်တည်း လှည့်လည်သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တစ်ယောက်တည်း တောင်၌ မွေ့လျော်ရာ၏။

နှစ်ဆယ့်တစ်ခုမြောက် ပကိဏ္ဏကဝဂ် ပြီး၏။

၂၂ – နိရယဝဂ်

၁-သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု

၃ဝ၆။ မဟုတ်မမှန် ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုမလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ ထိုသူ နှစ်ယောက်တို့သည်လည်း ယုတ်သောအမှု ရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ (ငရဲခံရခြင်း) တူကုန်၏။

၂-ဒုစ္စရိတဖလပီဠိတဝတ္ထု

၃ဝ၇။ ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့် စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

၃-ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု

၃ဝ၈။ သီလလည်း မရှိ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏။

၄-ခေမကသေဋ္ဌိပုတ္တဝတ္ထု

၃ဝ၉။ (တရားလမ်းမှန်ကို) သတိမထားဘဲ သူတစ်ပါးမယားကိုမှီဝဲသူသည် အကုသိုလ်ရခြင်း, အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း, သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း, ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်းတို့သို့ ရောက်ရ၏။

၃၁ဝ။ မကောင်းမှုကိုလည်း ရ၏။ ယုတ်သော လားရာ ‘ဂတိ’ လည်း ရှိ၏။ ကြောက်ရွံ့ထိတ်လန့်သော ယောကျာ်း၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော် ပျော်ပါးရခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏။ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ် ကိုလည်း ပေး၏။ ထို့ကြောင့် ယောကျာ်းသည် သူတစ်ပါးမယားကို မမှီဝဲရာ။

၅-ဒုဗ္ဗစဘိက္ခုဝတ္ထု

၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် (ကိုင်သော) လက်ကိုသာလျှင် ခွဲရှသကဲ့သို့ မကောင်းသဖြင့် ကျင့်သုံးအပ်သော ရဟန်းအဖြစ်သည် (ထို ရဟန်းကိုပင်) ငရဲသို့ ဆွဲချ၏။

၃၁၂။ လျော့ရဲစွာ ပြုအပ်သော အမှုကိစ္စ တစ်စုံတစ်ခုသည်လည်းကောင်း၊ ညစ်နွမ်းသော အကျင့်သည်လည်းကောင်း၊ ယုံမှားတွေးတောဖွယ်ဖြစ်သော ရဟန်းအကျင့်သည်လည်းကောင်း အကျိုးမကြီးချေ။

၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့မူ ထိုအမှုကိစ္စကို (တိကျစွာ) ပြုလုပ်ရာ၏။ ထိုအမှု ကိစ္စကို မြဲမြံစွာအားထုတ်ရာ၏။ လျော့ရဲစွာ ပြုအပ်သော ရဟန်းအဖြစ်သည် ကိလေသာမြူကို ထပ်လောင်းကြဲဖြန့်တတ်၏။

၆-ဣဿာပကတဣတ္ထိဝတ္ထု

၃၁၄။ မကောင်းမှုကို မပြုခြင်းသည် မြတ်၏။ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏။ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏။ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။

၇-သမ္ဗဟုလဘိက္ခုဝတ္ထု

၃၁၅။ တိုင်းပြည် အစွန်ဖြစ်သော မြို့ ကို အတွင်းအပြင်နှင့်တကွ လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို (အတွင်းအပြင် လုံခြုံအောင်) စောင့်ရှောက်ကုန်လော့၊ သင်တို့ကို (ဘုရားပွင့်ခြင်း စသော) အခွင့်အခါ ကောင်းသည် မလွန်ပါစေလင့်၊ အခွင့်အခါ ကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ကြရကုန်၏။

၈-နိဂဏ္ဌဝတ္ထု

၃၁၆။ ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သောမှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။

၃၁၇။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၍ ကြောက်ဖွယ် ဟုတ်သည်၌ ကြောက်ဖွယ်မဟုတ်ဟု ရှုလေ့ရှိကုန်သောမှားသော အယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။

၉-တိတ္ထိယသာဝကဝတ္ထု

၃၁၈။ အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တဝါတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်ရကုန်၏။

၃၁၉။ အပြစ်ကို အပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန်သောကြောင့် ကောင်းသော အယူရှိကုန်သော သတ္တဝါတို့သည် သုဂတိဘဝသို့ ရောက်ရကုန်၏။

နှစ်ဆယ့်နှစ်ခုမြောက် နိရယဝဂ် ပြီး၏။

၂၃ – နာဂဝဂ်

၁-အတ္တဒန္တဝတ္ထု

၃၂ဝ။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့) ကျရောက်လာသော မြားကို မတုန်မလှုပ် ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ (လောကီဘုံသား) လူအများသည် သီလမရှိသည်သာတည်း။

၃၂၁။ ယဉ်ကျေးပြီးသော ဆင် မြင်း စသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ ဆောင်ကုန်၏။ ယဉ်ကျေးပြီးသော ဆင် မြင်း စသည်ကိုသာ မင်းသည် စီး၏။ လွန်ကျူး စော်ကားသော စကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။

၃၂၂။ အဿတိုရ်မြင်းတို့သည်လည်းကောင်း၊ အာဇာနည်မြင်းတို့သည်လည်းကောင်း၊ သိန္ဓောမြင်းတို့သည်လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည်လည်းကောင်း ယဉ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏။ ကိုယ်, စိတ်နှစ်ပါးကို ဆုံးမယဉ်ကျေးပြီးသူသည် ထိုမြင်းကောင်း ဆင်ကောင်းတို့ထက် လွန်မြတ်၏။

၂-ဟတ္ထာစရိယပုဗ္ဗကဘိက္ခုဝတ္ထု

၃၂၃။ ဤပြကတေ့သော ဆင်ယာဉ် မြင်းယာဉ်တို့ဖြင့် မရောက်ဖူးသေးသော နိဗ္ဗာန် အရပ်သို့ မရောက်နိုင်သည်သာတည်း။ (ဝိပဿနာအခိုက်) စက္ခုစသော ဣန္ဒြေတို့ကို ဆုံးမသဖြင့်လည်းကောင်း၊ (မဂ်အခိုက်) မိမိစိတ်ကို ကောင်းစွာ ဆုံးမသဖြင့်လည်းကောင်း ယဉ်ကျေးပြီးဖြစ်သူသည်သာ မရောက်ဖူးသေးသော နိဗ္ဗာန်အရပ်သို့ မုချရောက်နိုင်၏။

၃-ပရိဇိဏ္ဏဗြာဟ္မဏပုတ္တဝတ္ထု

၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍ နှိမ်နင်းရန် ခဲယဉ်းသော ဓနပါလမည်သော ဆင်သည် အဖွဲ့အချည်ခံရသဖြင့် အစားအစာကို မစားနိုင်၊ ဆင်သည် (မိမိနေရာ) ဂန့်ဂေါ်တောကိုသာ အောက်မေ့နေ၏)။

၄-ပသေနဒီကောသလဝတ္ထု

၃၂၅။ ငိုက်မျဉ်းလျက် မျောက်မျဉ်းအိပ်ကာ အစားကြီးလျက် ကျွေးမွေးထားသော ဝက်ကြီးကဲ့သို့ တလူးလူး တလဲလဲ အိပ်လေ့ရှိသည့် ပညာနုံ့သူသည် (အနိစ္စ အစရှိသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့် ) အဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

၅-သာနုသာမဏေရဝတ္ထု

၃၂၆။ ဤစိတ်သည် ရှေးအခါ က လိုရာအာရုံကို လိုက်စားလျက် အလိုရှိတိုင်း ကောင်းနိုးရာရာ လှည့်လည်ကျက်စားခဲ့လေပြီ။ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သော ဆင်ကို နှိပ်ဘိသကဲ့သို့ ငါသည် ယခု ထိုစိတ်ကို အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် နှိပ်ပေအံ့။

၆-ပါဝေယျကဟတ္ထိဝတ္ထု

၃၂၇။ မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊ ညွန်၌ ကျွံနစ်သော ဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။

၇-သမ္ဗဟုလဘိက္ခုဝတ္ထု

၃၂၈။ ပညာရင့်၍ ကောင်းစွာ နေထိုင်လေ့ရှိသောတည်ကြည်သော အတူကျင့်ဖော် (ပညာရှိ) အဆွေခင်ပွန်းကို အကယ်၍ ရခဲ့မူ ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်အားလုံးတို့ကို နှိပ်နင်းလျက် ဝမ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။

၃၂၉။ ပညာရင့်၍ ကောင်းစွာ နေထိုင်လေ့ရှိသောတည်ကြည်သော အတူကျင့်ဖော် (ပညာရှိ) အဆွေခင်ပွန်းကို အကယ်၍ မရခဲ့မူ မင်းသည် နိုင်ပြီးသောတိုင်းပြည် ကို စွန့်၍ ထွက်သကဲ့သို့လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌ တစ်ကောင်တည်း လှည့်လည် သကဲ့သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။

၃၃ဝ။ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏။ လူမိုက်၌ အဆွေခင်ပွန်း အဖြစ်မျိုးသည် မရှိ၊ မာတင်္ဂဆင်မင်းသည် တော၌ တစ်ကောင်တည်း ကြောင့်ကြမဲ့ လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏။ မကောင်းမှုတို့ကို မပြုရာ။

၈-မာရဝတ္ထု

၃၃၁။ အဆွေခင်ပွန်းရှိခြင်းသည် အရေးကိစ္စ ပေါ်ပေါက်လာသောအခါ ချမ်းသာ၏။ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲခြင်းသည် ချမ်းသာ၏။ ကုသိုလ်ကောင်းမှု ရှိခြင်းသည် အသက်ကုန်ခါနီး၌ ချမ်းသာ၏။ ဆင်းရဲအလုံးစုံကို ပယ်ခြင်းသည် ချမ်းသာ၏။

၃၃၂။ လောက၌ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ ထို့ပြင် အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ လောက၌ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်း သည် ချမ်းသာကြောင်း ဖြစ်၏။ ထို့ပြင် မကောင်းမှုမှ အပပြုပြီးသူ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ တို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။

၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏။ သဒ္ဓါတရား တည်တံ့ ခိုင်မြဲခြင်းသည် ချမ်းသာ၏။ ပညာကို ရခြင်းသည် ချမ်းသာ၏။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။

နှစ်ဆယ့်သုံးခုမြောက် နာဂဝဂ် ပြီး၏။

၂၄ – တဏှာဝဂ်

၁-ကပိလမစ္ဆဝတ္ထု

၃၃၄။ မေ့မေ့လျော့လျော့ ကျင့်သော သတ္တဝါအား မာလော (ပေါက်) နွယ်ကဲ့သို့ တဏှာ တိုးပွါး၏။ သစ်သီးကို အလိုရှိသော မျောက်သည် တောတွင်း၌ တစ်ပင်မှ တစ်ပင် ခုန်လွှား ကူးသန်းသကဲ့သို့ ထိုတဏှာတိုးပွါးသူသည် တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားရာ၏။

၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ ကြီးပွါးသကဲ့သို့လောက၌ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှဉ်းဆဲခံရသူအား စိုးရိမ်ကြောင့်ကြမှုတို့သည် ကြီးပွါးကုန်၏။

၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့လောက၌ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှင်းဆဲနိုင်ခဲ့မူ ထိုပုဂ္ဂိုလ်သဏ္ဌာန်မှ စိုးရိမ်ကြောင့်ကြမှုတို့သည် လျောကျကုန်၏။

၃၃၇။ တို့ကြောင့် ဤအရပ်၌ အညီအညွတ် စည်းဝေးလာကြကုန်သော သင်တို့အား ငါသည် ကောင်းသောစကားကို ဟောအံ့၊ ပန်းရင်းခေါ်သော ပြိတ်မြက်၏ အမြစ်ကို အလိုရှိသူသည် ပြိတ်မြက်ပင်ကို တူးရသကဲ့သို့ (နိဗ္ဗာန်ကို အလိုရှိသူသည် ) တဏှာ၏ အမြစ်အရင်းကို တူးပစ်ကြကုန်လော့၊ ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆီးသကဲ့သို့ ကိလေသာမာရ်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီး စေလင့်။

၂-သူကရပေါတိကာဝတ္ထု

၃၃၈။ ခိုင်မြဲသော ရေသောက်မြစ်ကို မဖျက်ဆီးဘဲ ‘မနုတ်ဘဲ’ ပင်စည်ကို ဖြတ်သော်လည်း သစ်ပင်သည် တစ်ဖန် ပေါက်ရောက်စည်ကားပြန်သကဲ့သို့ ဤအတူ ကိန်းအောင်းနေသောတဏှာကို မဖျက်ဆီးအပ်သေးသည်ရှိသော် ဤ (ပဋိသန္ဓေ နေရခြင်းစသော) ဆင်းရဲသည် အဖန်ဖန် အထပ်ထပ် ဖြစ်ရ၏။

၃၃၉။ အကြင်ပုဂ္ဂိုလ်အား ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ် အာရုံတို့သို့ စီးကုန်သော သုံးဆယ့်ခြောက်ပါးသောတဏှာရေအလျဉ်တို့သည် ရှိကုန်၏။မှားသော အယူရှိသော ထိုသူကို ရာဂနှင့်စပ်သောအားကြီးသော အကြံအစည်တို့သည် ဆောင်ယူသွားကုန်၏။

၃၄ဝ။ တဏှာတည်းဟူသော ရေအလျဉ်တို့သည် အလုံးစုံသော အာရုံတို့၌ ယိုစီးကုန်၏။ တဏှာတည်းဟူသော နွယ်သည် (ဒွါရခြောက်ပါး၌) ဖြစ်၍ (အာရုံ ခြောက်ပါး၌) တည်၏။ ထိုပေါက်သောတဏှာတည်းဟူသော နွယ်ကို မြင်၍ ထို တဏှာနွယ်မြစ်ကို မဂ်ပညာဖြင့် ဖြတ်ကြကုန်လော့။

၃၄၁။ သတ္တဝါတို့အား အောက်မေ့ခြင်း ချစ်ခြင်း ဝမ်းမြောက်ခြင်းတို့သည် ဖြစ်ကုန်၏။ ထိုသတ္တဝါတို့သည်သာယာနှစ်သက်ဖွယ်၌မှီကုန်လျက် ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မုချကပ်ရောက်ကြရကုန်၏။

၃၄၂။ တဏှာဖြင့် ဝန်းဝိုင်းခြံရံအပ်ကုန်သော သတ္တဝါတို့သည် (မုဆိုး) ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေကြရကုန်၏။ (ကာမရာဂစသော) သံယောဇဉ်အစေးဖြင့် ကပ်ငြိကုန်သောသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး အဖန်တလဲလဲ ပဋိသန္ဓေနေခြင်း စသော ဆင်းရဲကို ကပ်ရောက်ကြရကုန်၏။

၃၄၃။ တဏှာဖြင့် ဝန်းဝိုင်းခြံရံအပ်ကုန်သော သတ္တဝါတို့သည် (မုဆိုး) ကျော့ကွင်း၌မိသော ယုန်ကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေကြရကုန်၏။ ထို့ကြောင့် မိမိ၏ ရာဂကင်းခြင်းကို တောင့်တသောသူသည် တဏှာကို ပယ်ဖျောက်ရာ၏။

၃-ဝိဗ႓န္ထဘိက္ခုဝတ္ထု

၃၄၄။ အကြင်သူသည် လူ့အဖြစ်၌ နေခြင်းဟူသော တောကို စွန့်၍ အကျင့်တည်းဟူသော တောသို့ သက်ဝင်ခဲ့၏။ အိမ်ရာထောင်မှု တဏှာတောမှ လွတ်ပြီးလျက် အိမ်ရာထောင်မှု တဏှာတောသို့ပင် ပြေးဝင်ပြန်၏။ လာကြကုန်လော့၊ ထိုပုဂ္ဂိုလ်ကို ရှုကြကုန်လော့၊ အိမ်ရာထောင်မှု အနှောင်အဖွဲ့မှ လွတ်ပြီးလျက် အိမ်ရာထောင်မှု အနှောင်အဖွဲ့သို့သာလျှင် ပြေးဝင်၏။

၄-ဗန္ဓနာဂါရဝတ္ထု

၃၄၅-၃၄၆။ သံဖြင့် ပြုလုပ်သော (သံခြေကျဉ်းစသော) အနှောင်အဖွဲ့ သစ်သားဖြင့် လုပ်သော (ထိတ်တုံးစသော) အနှောင်အဖွဲ့ မြက်လျှော်တို့ဖြင့် လုပ်သော ကြိုးစသော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ မဆိုကြကုန်။ ပတ္တမြား နားတောင်းစသော ရတနာတို့၌လည်းကောင်း၊ သားသမီး မယားတို့၌လည်းကောင်း အလွန်တပ်နှစ်သက်သော ငဲ့ကွက်မှုတဏှာအနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကြကုန်၏။ ပညာရှိတို့သည် (အပါယ်လေးပါးတည်းဟူသော) ယုတ်နိမ့်ရာသို့ ဆောင်တတ်သဖြင့် (ဖွဲ့မှန်းမသိ ဖွဲ့သဖြင့်) လျော့ရဲဟန်ရှိသော်လည်း လွတ်မြောက်နိုင်ရန် ခဲယဉ်းသော ဤတဏှာတည်းဟူသော အနှောင်အဖွဲ့ကို ရုန်းဖြတ်၍ မငဲ့ကွက်ဘဲ ကာမချမ်းသာကို စွန့်လျက် တောထွက်ကြကုန်၏။

၅-ခေမာထေရီဝတ္ထု

၃၄၇။ ပင့်ကူသည် မိမိပြုသော ပိုက်ကွန်၌ အိပ်သကဲ့သို့ သတ္တဝါတို့သည် ပြင်းစွာ တပ်မက်ကုန်သည်ဖြစ်၍ မိမိတို့ပြုသောတဏှာအလျဉ်သို့ ကျကုန်၏။ ပညာရှိတို့သည် ဤတဏှာကို ဖြတ်၍ မငဲ့ကွက်ဘဲ ခပ်သိမ်းသော ဆင်းရဲကို စွန့်လျက် သွားကုန်၏။

၆-ဥဂ္ဂသေနဝတ္ထု

၃၄၈။ လွန်လေပြီးသော ခန္ဓာ၌ တဏှာကို စွန့်လော့၊ နောင်ဖြစ်ပေါ်မည့် ခန္ဓာ၌ တဏှာကို စွန့်လော့၊ အလယ်ဖြစ်သော ပစ္စုပ္ပန်ခန္ဓာ၌ တဏှာကို စွန့်လော့၊ အလုံးစုံ (ပစ္စုပ္ပန် အတိတ် အနာဂတ်) ခန္ဓာ၌ တဏှာမှ လွတ်သောစိတ်ရှိလျက် ဘဝသုံးပါး၏ အဆုံးသို့ ရောက်သည်ဖြစ်၍ တစ်ဖန် အိုခြင်းနာခြင်းသို့ မကပ်လေလင့်။

၇-စူဠဓနုဂ္ဂဟပဏ္ဍိတဝတ္ထု

၃၄၉။ ကာမဝိတက် နှိပ်စက်အပ်သော ထက်သော ရာဂရှိသောတင့်တယ်၏ဟု အဖန်ဖန်ရှုသော သတ္တဝါအား တဏှာသည် အလွန်တိုးပွါးလေ၏။ ဤသူသည် မာရ်၏ အနှောင်အဖွဲ့ကို ခိုင်မြဲအောင် ပြု၏။

၃၅ဝ။ အကြင်ပုဂ္ဂိုလ်သည် မိစ္ဆာဝိတက်ငြိမ်းခြင်း၌သာ မွေ့လျော်၏။ သတိရှိသည်ဖြစ်၍ အခါ ခပ်သိမ်း အသုဘအာရုံကို ပွါး၏။ ဤပုဂ္ဂိုလ်သည် မာရ်၏ အနှောင်အဖွဲ့ကို ကင်းအောင် ပြု၏။ မာရ်၏ အနှောင်အဖွဲ့ကို ဖြတ်၏။

၈-မာရဝတ္ထု

၃၅၁။ ရဟန်းကိစ္စ ပြီးဆုံးခြင်းသို့ ရောက်ပြီးသူသည် ထိတ်လန့်ခြင်း မရှိ၊ တဏှာကင်း၏။ ကိလေသာကင်း၏။ ဘဝသို့ ရောက်ကြောင်း ရာဂစသော ငြောင့် တံသင်းတို့ကို ဖြတ်ပြီးဖြစ်၏။ ဤခန္ဓာကိုယ်သည် အဆုံးစွန် ဖြစ်၏။

၃၅၂။ တဏှာကင်းသော၊ စွဲလမ်းခြင်းမရှိသော၊ နိရုတ္တိပဋိသမ႓ိဒါ၌ လိမ္မာသော၊ အက္ခရာတို့၏အပေါင်းကိုလည်း သိသော၊ ရှေ့နောက်အက္ခရာတို့ကိုလည်း သိသော၊ အဆုံးစွန်ဖြစ်သော ကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကြီးသောပညာရှိသူ ‘ယောကျာ်းမြတ်’ဟူ၍ ခေါ်ဆိုအပ်၏။

၉-ဥပကာဇီဝကဝတ္ထု

၃၅၃။ ငါသည် အလုံးစုံ တရားတို့ကို နှိမ်နင်း၍ တည်၏။ အလုံးစုံသောတရားသဘောကို သိ၏။ အလုံးစုံသော သဘောတရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိ၊ အလုံးစုံသော တေဘုမ္မကတရားကို စွန့်၏။ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှ လွတ်၏။ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ အဘယ်သူကို (ငါ့ဆရာဟု) ညွှန်းပြရအံ့နည်း။

၁ဝ-သက္ကပဥှဝတ္ထု

၃၅၄။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။

၁၁-အပုတ္တကသေဋ္ဌိဝတ္ထု

၃၅၅။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏။ (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။ ပညာမဲ့သူသည် စည်းစိမ်ဥစ္စာ၌ တပ်မက်ခြင်းဖြင့် သူတစ်ပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကို ဖျက်ဆီးတတ်၏။

၁၂-အင်္ကုရဝတ္ထု

၃၅၆။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို ရာဂသည်ဖျက်ဆီး၏။ ထို့ကြောင့် ရာဂကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၇။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို ဒေါသသည်ဖျက်ဆီး၏။ ထို့ကြောင့် ဒေါသကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၈။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို မောဟသည်ဖျက်ဆီး၏။ ထို့ကြောင့် မောဟကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

၃၅၉။ လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါ အပေါင်းကို အလိုရမက်သည်ဖျက်ဆီး၏။ ထို့ကြောင့် အလိုရမက်ကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။

(လယ်ယာတို့ကို မြက်အပေါင်းတို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တဝါအပေါင်းကို တဏှာသည် ဖျက်ဆီး၏။ ထို့ကြောင့် တဏှာကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။)

ဤ ( ) ရှိစာသားသည် နိုင်ငံခြားစာမူတို့၌ မရှိ၊ အဋ္ဌကထာ၌လည်း မပါ။

နှစ်ဆယ့်လေးခုမြောက် တဏှာဝဂ် ပြီး၏။

၂၅ – ဘိက္ခုဝဂ်

၁-ပဉ္စဘိက္ခုဝတ္ထု

၃၆ဝ။ အကုသိုလ် မဖြစ်ရန် စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဃာနဒွါရ၌ စောင့်စည်း ပိတ်ဆို့မှုသည် ကောင်း၏။ ဇိဝှါဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။

၃၆၁။ ကာယဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ ဝစီဒွါရ၌ စောင့်စည်း ပိတ်ဆို့မှုသည်ကောင်း၏။ မနောဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့နိုင်သော ရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်၏။

၂-ဟံသဃာတကဘိက္ခုဝတ္ထု

၃၆၂။ အကြင်သူသည် လက်ကို စောင့်စည်း၏။ ခြေကို စောင့်စည်း၏။ နှုတ်ကို စောင့်စည်း၏။ တစ်ကိုယ်လုံးကို စောင့်စည်း၏။ ကမ္မဋ္ဌာန်းစီးဖြန်းမှု၌ မွေ့လျော်ကာ တည်ကြည်သော စိတ်ရှိ၏။ တစ်ယောက်တည်းနေ၍ (ရရသမျှဖြင့်) ရောင့်ရဲနိုင်၏။ ထိုသူကို ရဟန်းဟူ၍ ဆိုကုန်၏။

၃-ကောကာလိကဝတ္ထု

၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏။ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။ မပျံ့လွင့်သော စိတ်ရှိ၏။ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ပါဠိကိုလည်းကောင်း ဟောပြတတ်၏။ ထိုရဟန်းဟောပြသော စကားသည် ချိုမြိန်သာယာ၏။

၄-ဓမ္မာရာမတ္ထေရဝတ္ထု

၃၆၄။ တရားလျှင် မွေ့လျော်ရာရှိသောတရား၌ မွေ့လျော်တတ်သောတရားကို အဖန်ဖန်ကြံစည်တတ်သောတရားကို အဖန်ဖန် အောက်မေ့တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်။

၅-ဝိပေက္ခသေဝကဘိက္ခုဝတ္ထု

၃၆၅။ မိမိရမည့် လာဘ်လာဘကို (မတရားရှာမှီးသောအားဖြင့်) စက်ဆုပ်ဖွယ် မဖြစ်စေရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို မနှစ်သက် မတောင့်တရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို နှစ်သက်တောင့်တသော ရဟန်းသည် တည်ကြည်မှု ‘သမာဓိ’ကို မရနိုင်။

၃၆၆။ ရဟန်းသည် လာဘ်လာဘနည်းသော်လည်း မိမိလာဘ်လာဘကို (မတရား ရှာမှီးသောအားဖြင့်) အကယ်၍ စက်ဆုပ်ဖွယ် မဖြစ်စေခဲ့မူ အသက်မွေး စင်ကြယ်၍ မပျင်းမရိ လုံ့လရှိသော ထိုရဟန်းကို နတ်တို့သည် ဧကန် ချီးမွမ်းကုန်၏။

၆-ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု

၃၆၇။ အကြင်ပုဂ္ဂိုလ်အား နာမ်တရား ရုပ်တရားအားလုံး၌ (ငါ ငါ၏ဥစ္စာဟု) မြတ်နိုးစွဲလမ်းမှု မရှိ၊ (ထို) နာမ်ရုပ် ပျက်စီးသော်လည်း မစိုးရိမ်၊ ထိုပုဂ္ဂိုလ်ကို ”ဘိက္ခု” အစစ်ဟူ၍ ဆိုအပ်၏။

၇-သမ္ဗဟုလဘိက္ခုဝတ္ထု

၃၆၈။ မေတ္တာတရားကို ပွါးများလေ့ရှိသော၊ မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုသော ရဟန်းသည် သင်္ခါရတို့၏ ငြိမ်းရာ ငြိမ်သက်ချမ်းအေးသော နိဗ္ဗာန်ကို ရနိုင်၏။

၃၆၉။ ရဟန်း ဤ (ခန္ဓာကိုယ်တည်းဟူသော) လှေမှ (မိစ္ဆာဝိတက်ဟူသော ရေကို) ပက်ထုတ်လော့၊ ထိုသို့ ပက်ထုတ်လျှင် သင်၏ (ခန္ဓာကိုယ်တည်းဟူသော) လှေသည် လျင်စွာ သွားနိုင်လတ္တံ့။ ရာဂဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့။

၃၇ဝ။ (အောက်ပိုင်းသံယောဇဉ်) ငါးပါးကို ဖြတ်ရာ၏။ (အထက်ပိုင်းသံယောဇဉ်) ငါးပါးကို စွန့်ရာ၏။ (သဒ္ဓါစသော) ငါးပါးသောတရားတို့ကို အလွန်ပွါးရာ၏။ (လောဘစသော) ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော ရဟန်းကို ”သံသရာဝဲသြဃကို ကူးမြောက်ပြီးသူ”ဟူ၍ ဆိုအပ်၏။

၃၇၁။ ရဟန်း (အနိစ္စ စသည်ဖြင့်) ရှုလော့၊ မမေ့လျော့လင့်၊ သင်၏ စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်၊ မေ့လျော့၍ သံတွေခဲကို မမျိုလင့်၊ လောင်သည်ရှိသော် ဤသို့ အလောင်ခံရခြင်းသည် ဆင်းရဲလေစွဟု မငိုကြွေးလင့်။

၃၇၂။ ပညာမရှိသူအား (သမာဓိ) ဈာန် မရှိ၊ သမာဓိဈာန် မရှိသူအား ဝိပဿနာပညာ မရှိ၊ အကြင်ပုဂ္ဂိုလ်၌ သမာဓိဈာန်သည်လည်းကောင်း၊ ဝိပဿနာပညာသည်လည်းကောင်း (ရှိ၏)၊ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့၏။

၃၇၃။ ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်၍ ကောင်းစွာတရားကို ရှုမှတ်သော ငြိမ်သက်သော စိတ်ရှိသော ရဟန်းအား လူ (သာမန်)တို့နှင့် မထိုက်သော ဝိပဿနာ ဈာန်စသောတရား၌ မွေ့လျော်ခြင်းသည် ဖြစ်၏။

၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း သုံးသပ်ဆင်ခြင်တိုင်း နှစ်သက်မှု ‘ပီတိ’ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ကိုရ၏။ ထိုနှစ်သက် ဝမ်းမြောက်မှုသည်ပင် တရားမှန်ကို သိသော ပညာရှိတို့အတွက် နိဗ္ဗာန်ရောက်ကြောင်းပင်တည်း။

၃၇၅။ ဤသာသနာတော်၌ ဣန္ဒြေကို စောင့်ထိန်းမှု (အာဇီဝပစ္စယနှစ်ပါး၌) ရောင့်ရဲမှုပါတိမောက္ခသီလ၌ စောင့်စည်းမှု (စတုပါရိသုဒ္ဓိသီလ) လေးပါးသည် ပညာရှိရဟန်းအတွက် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစ ဖြစ်၏။

၃၇၆။ စင်ကြယ်သော အသက်မွေးခြင်းရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသ ဓမ္မပဋိသန္ထာရနှစ်ပါးတို့နှင့် ပြည့်စုံစေရာ၏။ ကျင့်ဝတ် သီလတို့၌ လိမ္မာရာ၏။ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် ဝမ်းမြောက်မှုများသည်ဖြစ်၍ ဆင်းရဲ၏ အဆုံးကို ပြုလတ္တံ့။

၈-ပဉ္စသတဘိက္ခုဝတ္ထု

၃၇၇။ ရဟန်းတို့ မုလေးပန်းပင်တို့သည် ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို စွန့်လွှတ်ဘိသကဲ့သို့ ဤအတူ သင်တို့သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း စွန့်လွှတ်ကြကုန်လော့။

၉-သန္တကာယတ္ထေရဝတ္ထု

၃၇၈။ ကောင်းစွာ တည်ကြည်သည်ဖြစ်၍ ငြိမ်သက်သောကိုယ် ငြိမ်သက်သောနှုတ် ငြိမ်သက်သောစိတ် ရှိသော လောကီစည်းစိမ် အရှိန်အစော် စသည်ကို ထွေးအန်ပြီးသော ရဟန်းကို ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။

၁ဝ-နင်္ဂလကုလတ္ထေရဝတ္ထု

၃၇၉။ ရဟန်း မိမိကိုယ်ကို မိမိကိုယ်တိုင် စောကြောစစ်ဆေးလေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဆင်ခြင်လေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသော သင်သည် ချမ်းသာစွာ နေရလတ္တံ့။

၃၈ဝ။ မိမိသည်သာလျှင် မိမိကိုးကွယ်ရာ ဖြစ်၏။ တစ်ပါးသောသူသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း? မိမိသည်သာလျှင် မိမိ၏ လဲလျောင်းရာ ဖြစ်၏။ ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းမြင်းကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။

၁၁-ဝက္ကလိတ္ထေရဝတ္ထု

၃၈၁။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး၍ ဝမ်းမြောက်ခြင်းများသော သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။

၁၂-သုမနသာမဏေရဝတ္ထု

၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း မြတ်စွာဘုရားသာသနာတော်၌ စင်စစ် လုံ့လကြိုးကုတ်အားထုတ်၏။ ထိုရဟန်းသည် တိမ်တိုက်မှ လွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းတောက်ပစေ၏။

နှစ်ဆယ့်ငါးခုမြောက် ဘိက္ခုဝဂ် ပြီး၏။

၂၆ – ဗြာဟ္မဏဝဂ်

၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထု

၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဉ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ကုန်ရာကို သိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကို သိလော့၊ ရဟန္တာ ဖြစ်လေလော့။

၂-သမ္ဗဟုလဘိက္ခုဝတ္ထု

၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ ဝိပဿနာတရားတို့၌ ကမ်းတစ်ဖက်သို့ ရောက်၏။ ထိုအခါတရားမှန်ကို သိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂ သံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

၃-မာရဝတ္ထု

၃၈၅။ အကြင်ပုဂ္ဂိုလ်အား (စက္ခုစသော အတွင်းအာယတနခြောက်ပါးတည်းဟူသော) ဤမှာဘက်ကမ်းသည်လည်းကောင်း၊ (ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော) ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

၄-အညတရဗြာဟ္မဏဝတ္ထု

၃၈၆။ အနိစ္စစသော လက္ခဏာကို ရှု၍ ကိလေသာမြူကင်းလျက် (တစ်ကိုယ်တည်း) နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

၅-အာနန္ဒတ္ထေရဝတ္ထု

၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏။ လမင်းသည် ညဉ့်အခါ၌သာ တင့်တယ်၏။ မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏။ ရဟန္တာသည် ဈာန်ဝင်စားမှ သာလျှင် တင့်တယ်၏။ အမှန်သော်ကား မြတ်စွာဘုရားသည် သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဉ့်ပတ်လုံး တင့်တယ်၏။

၆-အညတရဗြာဟ္မဏပဗ္ဗဇိတဝတ္ထု

၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏။ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟု ခေါ်ဆိုအပ်၏။ မိမိ၏ ကိလေသာ အညစ်အကြေးကို ထုတ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။

၇-သာရိပုတ္တတ္ထေရဝတ္ထု

၃၈၉။ သူတော်ကောင်း (ဗြာဟ္မဏ) ကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ် ဖြစ်၏။ ပုတ်ခတ်သူအား အမျက်ထွက်သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ် ဖြစ်၏။

၃၉ဝ။ ချစ်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင် မမြတ်၊ အကြင် အကြင် ဝတ္ထုမှ ညှဉ်းဆဲလိုသော စိတ်သည် ဆုတ်နစ်၏။ ထိုထိုဝတ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။

၈-မဟာပဇာပတိဂေါတမီဝတ္ထု

၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ် နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သောတိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

၉-သာရိပုတ္တတ္ထေရဝတ္ထု

၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သောတရားကို သိရာ၏။ ပုဏ္ဏားသည် မီးကို ပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။

၁ဝ-ဇဋိလဗြာဟ္မဏဝတ္ထု

၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့် လည်းကောင်း ဗြာဟ္မဏ မဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရား ရှိသူသည်သာ စင်ကြယ်သူလည်း ဖြစ်၏။ ဗြာဟ္မဏလည်း ဖြစ်၏။

၁၁-ကုဟကဗြာဟ္မဏဝတ္ထု

၃၉၄။ ပညာမရှိသော ရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း? သစ်နက်ရေဝတ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း? သင်၏ကိုယ်တွင်း၌ ကိလေသာတော ရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။

၁၂-ကိသာဂေါတမီဝတ္ထု

၃၉၅။ ပံ့သကူသင်္ကန်းကို ဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသောတစ်ယောက်တည်း တောထဲ၌ ဈာန်ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၃-ဧကဗြာဟ္မဏဝတ္ထု

၃၉၆။ ပုဏ္ဏားမျိုး၌ ဖြစ်သော ပုဏ္ဏေးမမှ ဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရား မဟော၊ ထိုပုဏ္ဏားသည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏။ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်း မရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၄-ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု

၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ ‘သံယောဇဉ်’အားလုံးကို ဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကို လွန်သော ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၅-ဒွေဗြာဟ္မဏဝတ္ထု

၃၉၈။ (ဒေါသတည်းဟူသော) နှောင်ကြိုးကိုလည်းကောင်း၊ (တဏှာတည်းဟူသော) လွန်ကြိုးကိုလည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုးကိုလည်းကောင်း ဖြတ်၍ အဝိဇ္ဇာ တံခါးကျည် မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၆-အက္ကောသကဘာရဒွါဇဝတ္ထု

၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက် မထွက်ဘဲသည်းခံ၏။သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

၁၇-သာရိပုတ္တတ္ထေရဝတ္ထု

၄ဝဝ။ အမျက်လည်းမထွက် (ဓုတင်) အကျင့်လည်းရှိ သီလနှင့်လည်း ပြည့်စုံသောတဏှာပြန့်ပြောခြင်းလည်း မရှိ ယဉ်ကျေး၍ အဆုံးစွန်သော ကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၈-ဥပ္ပလဝဏ္ဏာတ္ထေရီဝတ္ထု

၄ဝ၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ (ပွတ်ဆောက်) စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံ မကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၁၉-အညတရဗြာဟ္မဏဝတ္ထု

၄ဝ၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိ၏။ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂ဝ-ခေမာဘိက္ခုနီဝတ္ထု

၄ဝ၃။ နက်နဲသော ပညာရှိသော ထက်မြက်သော ပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၁-ပဗ႓ာရဝါသီတိဿတ္ထေရဝတ္ထု

၄ဝ၄။ လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သောတဏှာကင်းကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၂-အညတရဘိက္ခုဝတ္ထု

၄ဝ၅။ အကြင်ပုဂ္ဂိုလ်သည် ထိတ်လန့်တတ်သော (ပုထုဇဉ်သေက္ခ) ပုဂ္ဂိုလ်တို့၌လည်းကောင်း၊ မကြောက်မလန့်တည်တံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်း မသတ် သူတစ်ပါးကိုလည်း မသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၃-သာမဏေရာနံဝတ္ထု

၄ဝ၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၄-မဟာပန္တကတ္ထေဝတ္ထု

၄ဝ၇။ မုန်ညင်းစေ့သည် (ပွတ်ဆောက်) စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု ‘ရာဂ’ အမျက်ထွက်မှု ‘ဒေါသ’ ထောင်လွှားမှု ‘မာန’ သူတစ်ပါး၏ဂုဏ်ကို ဖျက်ဆီးမှု ‘မက္ခ’တို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၅-ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု

၄ဝ၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသောမှန်သော စကားကို ပြောဆိုရာ၏။ မည်သည့်တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

၂၆-အညတရတ္ထေရဝတ္ထု

၄ဝ၉။ လောက၌ ပိုင်ရှင်မပေးသော ဥစ္စ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၇-သာရိပုတ္တတ္ထေရဝတ္ထု

၄၁ဝ။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှုတဏှာတို့ မရှိကုန်။ မက်မောမှု အာသာကင်း၍ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၈-မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု

၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်။ တရားမှန်ကို သိ၍သို့လောသို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၂၉-ရေဝတတ္ထေရဝတ္ထု

၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သောတဏှာကိုလည်းကောင်း လွန်မြောက်၏။ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃ဝ-စန္ဒာဘတ္ထေရဝတ္ထု

၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှ ကင်းလျက် ဘဝတို့၌ နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၁-သီဝလိတ္ထေရဝတ္ထု

၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း၊ ကိလေသာတည်း ဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီ။ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏။ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏။ တဏှာကင်း၍သို့လောသို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏။ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၂-သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု

၄၁၅။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသော ကာမ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၃-ဇဋိလတ္ထေရဝတ္ထု

၄၁၆။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၄-ဇောတိကတ္ထေရဝတ္ထု

၄၁၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၅-နဋပုတ္တကတ္ထေရဝတ္ထု

၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ ဖြစ်သော အစီးအပွါးကို ပယ်စွန့်၍ နတ်၌ ဖြစ်သော အစီးအပွါးကို လွန်မြောက်၏။ အလုံးစုံ အစီးအပွါးနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၆-နဋပုတ္တကတ္ထေရဝတ္ထု

၄၁၉။ (ကာမဂုဏ်၌) မွေ့လျော်ခြင်း (ဆိတ်ငြိမ်ရာ၌) မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိ မရှိသော အလုံးစုံသော လောကကို လွှမ်းမိုး၍ တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၇-ဝင်္ဂီသတ္ထေရဝတ္ထု

၄၂ဝ။ အကြင်ပုဂ္ဂိုလ်သည် သတ္တဝါတို့၏ သေခြင်းကိုလည်းကောင်း၊ ပဋိသန္ဓေ နေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့် သိ၏။ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်း အကျင့်ကို ကောင်းစွာ ကျင့်၍ (သစ္စာလေးပါးကို) သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာ ‘ဂတိ’ကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိကုန်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၈-ဓမ္မဒိန္နာတ္ထေရီဝတ္ထု

၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌လည်းကောင်း၊ အနာဂတ်ခန္ဓာ၌လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း ကြောင့်ကြမှု မရှိ၊ ကြောင့်ကြမှု မရှိသော စွဲလမ်းမှု ကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၃၉-အင်္ဂုလိမာလတ္ထေရဝတ္ထု

၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓ စသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကို အောင်သောတဏှာကင်းသော ကိလေသာ အညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

၄ဝ-ဒေဝဟိတဗြာဟ္မဏဝတ္ထု

၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏။ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ ထူးသောဉာဏ်ဖြင့် သိ၍ နိဗ္ဗာန်သို့ ရောက်ပြီးသော ရဟန်းဖြစ်၏။ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

နှစ်ဆယ့်ခြောက်ခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။

ဓမ္မပဒပါဠိတော် မြန်မာပြန် ပြီး၏။

Taken from: https://suttacentral.net/dhp/my/pmt

Also see