ကျေးဇူးတော်ရှင် မဟာထေရ် အဂ္ဂမဟူပဏ္ဍိတ မိုးကုတ် ဆရာတော် (အမရပူရမြို့ – မင်္ဂလတိုက်ဟောင်း) ဟောကြားတော်မူသော ဝိပဿနာ လုပ်ငန်းစဉ် အလုပ်ပေးတရားတော် အမှတ်စဉ် (၃၆) စာအုပ် အမှာစာ အပိုင်း မှ ထုတ်ယူထားသည်။
အမှာစာ
ဆရာတော်ဘုရားက အသေအချာဟောကြားထားသည်မှာ “နိဗ္ဗာန်သဘောမကျဘဲ ဝိပဿနာ အားထုတ်နေလျှင်မရပါ” ဟု ဖြစ်ပါသည်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ နိဗ္ဗာန် နှင့်ပတ်သက်၍ နားလည်ထားသင့်ပါသည်။ သို့သော် သိရှိရန် မှာ သိမ်မွေ့ နက်နဲ ခက်ခဲလှပါသည်။
ဥပမာ – နိဗ္ဗာန်ဆိုတာ ရုပ်နာမ်သိမ်းသွားသည်။ ကိလေသာ သိမ်းသွားသည်။ ဘာမှမရှိတာနိဗ္ဗာန်ဟု ယူလိုက်လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်ဆိုတာ ရွှေပြည်မြတ်ကြီး၊ ခိုင်မြဲမြို့ပြကြီးဟုယူလိုက်လျှင် သဿတဒိဋ္ဌိ ဖြစ်သွားသည်။ နိဗ္ဗာန်မဂ်ဖိုလ် ဝဋ်တိုတိုနှင့်ရလိုပါ၏ဟု ဆုတောင်းသူများသည် ရမ်းတောင်းနေသူများသာ ဖြစ်သည်။ သို့ဖြစ်၍ ဆရာတော်ဘုရား၏ နိဗ္ဗာန်တရားတော်များကို စုပေါင်းပြုစုပြီး ရေးသား လိုက်ရပါသည်။
နိဗ္ဗာန်ဆိုတာ ဘာတုံး
နိဗ္ဗာန်ဆိုတာကတော့ အများနဲ့ဆက်ဆံတဲ့တရားမျိုးမဟုတ်ပါ။ နိဗ္ဗာန်ဆိုတာ ထူးမှ၊ ထူးခြားတဲ့လူမှရနိုင်-ရောက်နိုင်သည်။ ထူးခြားတဲ့လူ ဖြစ်အောင်လုပ်ပြီး ရှာကြည့်ဖို၊ စုံစမ်း စမ်းသပ်ကြည့်ဖို့ ကောင်းပါသည်။
နိဗ္ဗာန်ဆိုတာ ရှိပါသလား
ရှင်နာဂသိန်မထေရ်မြတ်ကို မိလိန္ဒမင်းကြီးက- အရှင်ဘုရား နိဗ္ဗာန်ဆိုတာ ရှိပါသလား ဟု မေးသဖြင့် မထေရ်မြတ်က မင်းကြီး… နိဗ္ဗာန်သည် ရှိသည် ဟု ဖြေကြားတော်မူသည်။ မင်းကြီးက ဆက်လက်၍ “အရှင်ဘုရား နိဗ္ဗာန်သည် ပစ္စုပ္ပန်လား၊ အတိတ်လား၊ အနာဂတ်လား၊ ဘယ်ကာလမှစ ရှိပါသလဲ ဟု မေးရာ မထေရ်မြတ်က “အားလုံးမဟုတ်ဘဲ နိဗ္ဗာန်ရှိသည်မှာ မှန်သည်။ သို့သော် ကာလသုံးပါး က အလွတ် ဖြစ်သည် ဟု ဖြေဆိုတော်မူသည်။
နိဗ္ဗာန်ဟာ မရှိဘူးလို့ ဆိုရမှာလား
မင်းကြီးက – “အရှင်ဘုရား၊ ဒါဖြင့် နိဗ္ဗာန်မရှိပါဟု ဆိုရမှာပေ့ါဘုရား” ဟု လျှောက်ထားပြန်ရာ မထေရ်မြတ်က ဥပမာပြ၍ ဖြေဆိုတော်မူပါသည်။
မင်းကြီး ဝါးစိမ်းနှစ်လုံးထဲတွင် နဂိုက မီးရှိနှင့်သလား – ဟု မေးရာ မရှိနှင့်ပါဟု ဖြေသဖြင့် ယင်းဝါးနှစ်လုံးကို အချင်းချင်း ကြာကြာပွတ်တိုက်လိုက်လျှင် မီးရှိမလာပေဘူးလား ဟု မထေရ်မြတ်က မေးပြန်ရာ မင်းကြီးက မီးရှိလာပါတယ်ဘုရားဟု ဖြေကြားတော်မူသည်။ ဆက်လက်၍ မင်းကြီး ထိုဥပမာ အတိုင်းပင် နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း အားထုတ်မှု လုံ့လဝီရိယ အစွမ်းကြောင့် ပေါ်လာရသည်။ အားထုတ်သူအဖို့၌ နိဗ္ဗာန်သည် ရှိသည်ဟု မှတ်ရမည် ဖြစ်ကြောင်း မထေရ်မြတ်က ဖြေဆိုသဖြင့် မင်းကြီးက မှန်လှပါ သဘောကျ ကျေနပ်ပါပြီဘုရား ဟု လျှောက်ထားတော်မူသည်။
နိဗ္ဗာန်သည် လုံးရပ်သဏ္ဌာန်နှင့် ထင်ရှားရှိသလား
မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ဟာ အထည်ဒြပ်သဏ္ဌာန်နဲ့ ထင်ရှားရှိပါသလား၊ ထင်ရှားမရှိဘူးလားလို့ မေးလျှောက်သဖြင့် ရှင်နာဂသိန်မထေရ် – တကာတော်မင်းကြီး နိဗ္ဗာန်ဟာ ဒြပ်သဏ္ဌာန်နဲ့တော့ ထင်ရှားမရှိဘူးဟု ဖြေသဖြင့် မင်းကြီးက ဒါဖြင့်ဘုရား နိဗ္ဗာန်ဟာ ထင်ရှားမရှိဘူး ဆိုယင် နိဗ္ဗာန်ကို အာရုံပြုတယ် ဆိုတဲ့ စကားသည် အလကားမဖြစ်ပေဘူးလား ဟု မေးပြန်ပါသည်။
ရှင်နာဂသိန်က ယခင်ဥပမာအတိုင်းဖြေဆိုရာ၌ – ၀ါးနှစ်လုံးထဲမှာ နဂိုက မီးမပါသော်လည်း ပွတ်ပါများလျှင် မီးထွက်လာပြီး မပွတ်လျှင် မီးမထွက်သကဲ့သို့ နိဗ္ဗာန်သည် အားထုတ်မှ ပေါ်လာသည်။ အားထုတ်တဲ့ပုဂ္ဂိုလ်မှသာ မြင်နိုင်သည်၊ တွေ့နိုင်သည်။ အားမထုတ်လျှင် မမြင်နိုင်ပေဘူးဟု မိန့်တော်မူသည်။ နိဗ္ဗာန်သည် အားထုတ်သူများအတွက် ကိုယ်အနားမှာပင်ရှိသည်။ မီးပွတ်ယောကျ်ားကဲ့သို့ မနေမနားအားထုတ်ရမည်ဖြစ်သည်။
နိဗ္ဗာန်ဟာ တည်ရာရှိပါသလား
မိလိန္ဒမင်းကြီးက နိဗ္ဗာန်ဟာ တည်ရှိပါသလား၊ ဘယ်နေရာမှာ တည်နေပါသလဲ – လို့ မေးသဖြင့် ရှင်နာဂသိန်က တကာတော်မင်းကြီး နိဗ္ဗာန်ဟာ တည်ရာမရှိဘူး၊ ဘယ်နေရာ တည်တယ်လို့မဆိုနိုင်ဘူးလို့ ဖြေဆိုသဖြင့် မင်းကြီးက အရှင်ဘုရား ဒါဖြင့် နိဗ္ဗာန်ဟာ မရှိတော့ဘူးလား၊ နိဗ္ဗာန်ရ တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ရနိုင်ပါသလဲ။
နိဗ္ဗာန်ရတယ်ဆိုတာ ဘယ်လိုရနိုင်ပါသလဲ
ရှင်နာဂသိန်က မင်းကြီး နိဗ္ဗာန်ရှိတာမှန်သည်။ သို့ရာတွင် နိဗ္ဗာန်ကို ကံတိုက်လို့ဖြင့် ဘယ်နည်းနှင့်မှ မရနိုင်ပါ၊ ဉာဏ် တိုက်မှသာ ရနိုင်ပါသည်။ ဒါန၊ သီလ၊ သမထမှုဖြင့် ရနိုင် ရောက်နိုင်ရန် အခွင့်မရှိပါ။ ဝိပသနာ ဘာဝန၁ကို အခါခါပွားယူမှ ရနိုင်ရောက်နိုင်သည်။ ဝိပနာဉာဏ်ထက်သန်သဖြင့် တစ်ဆင့်တက်ပြီး မဂ်ဉာဏ်ကျမှ နိဗ္ဗာန်ရနိုင်ကြောင်း ဖြေကြားတော်မူသည်။
နိဗ္ဗာန်ရချင်ယင် ဘာလုပ်ရမလဲ
နိဗ္ဗာန်ရချင်ယင် ရှေ့က ဝိပသာနာ သမ္မာဒိဋ္ဌိ နဲ့ ကြိုးစားပြီး ခန္ဓာမှာပေါ်လာသမျှ ဖြစ်ပျက်ရှုရပါမည်။ ရှုအားများ လာ၍ ဉာဏ်ရင့်လာယင် ရှုနေရင်းနှင့် ဖြစ်ပျက်မရှိသောဘက် သို့ ဉာဏ်လှည့်သွားသည်။ အဲဒါ နိဗ္ဗာန်ပင် ဖြစ်ကြောင်း ရှင်နာဂသိန်က အမိန့်ရှိပါသည်။
ဆရာတော်ဘုရားက နိဗ္ဗာန် ရလို၊ ရောက်လိုလျှင် ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံဆက်ပုံ နားလည်အောင်လုပ်ပါ။ ပဋိစ္စသမုပ္ပါဒ် နားမလည်လျှင် ဘယ်တော့မှမရဟု ဆုံးဖြတ်ချက်ချရန် မိန့် ကြားပြီး ပဋိစ္စသမုပ္ပါဒ် နားလည်အောင် ကြိုးစားအားထုတ်ရန် အကြိမ်ကြိမ်တိုက်တွန်းထားပါသည်။
အဂ္ဂိဝစ္ဆပုဏ္ဏား မေးသဖြင့် နိဗ္ဗာန်နှင့် ပတ်သက်၍ မြတ်စွာဘုရား ဟောကြားရာတွင် ဖြစ်ပျက် ရှုသောအယူ၊ ဖြစ်ပျက်မြင်သော အယူသည် ငါဘုရား၏ အယူဖြစ်သည်၊ ရရှိသေး အကျိုးကျေးဇူးများမှာ ဖြစ်ပျက်ရှုသဖြင့် တဏှ၊ မာန၊ ဒိဋ္ဌိ ချုပ်ပြီး ကိလေသာချုပ်၊ ခန္ဓာချုပ်ပါသည်။ သမုဒယသစ္စာ ကိလေသာသည် မီးဖြစ်ပြီး ခန္ဓသည် လောင်စာဖြစ်ရာ လောင်စာသိမ်း၍ မီးငြိမ်းသွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။
ဝဋ်ကျွတ်ခြင်းသဘောဖြင့်ကြည့်ပါလျှင် ကိလေသဝဋ် ဖြစ်သော တဏှာနှင့်ဥပါဒါန် ချုပ်ပျောက်ခြင်းကြောင့် ကမ္မဝဋ်ဖြစ်သောကံမလာတော့ပါ၊ ဝိပါကဝဋ် ဖြစ်သော နောက်ခန္ဓာငါးပါးလည်း မဖြစ်သဖြင့် ဝဋ်သုံးပါး ကျွတ်သွားခြင်းသည် နိဗ္ဗာန်ဖြစ်ပါသည်။
ပဋိစ္စသမုပ္ပါဒ်သဘောမှာ တဏှာ၊ဥပါဒါန်၊ကံ အကြောင်းချုပ်သဖြင့် အကျိုးခန္ဓာ ချုပ်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ သစ္စာအလိုမှာ သမုဒယသစ္စာသုံးပါး ချုပ်သဖြင့် ဒုက္ခသစ္စာ ခန္ဓာငါးပါး ချုပ်ခြင်းသည် နိဗ္ဗာန် ဖြစ်ပါသည်။ သို့ဖြစ်၍ ပဋိစ္စသမုပ္ပါဒ် တရားတော်အတိုင်း အကြောင်းချုပ်၍ အကျိုးချုပ်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်သည် ရှိပါသလား – မရှိဘူးလား ဟု မေးပါလျှင်မြတ်စွာဘုရားက ရဟန်းတို့ နိဗ္ဗာန်သည်ရှိသည် ဟု ဟောကြား ထားပြီးဖြစ်သည်။ နိဗ္ဗာန်သည် နာမ်သဘော ရုပ်သဘော ရှိသလားဟုမေးပါလျှင် ငြိမ်းအေးသောသဘော ရှိပါသည်။အေးချမ်းသောနေရာကလေးသည် ငြိမ်ငြိမ်သက်သက် သဘောသတ္တိရှိသည်၊ ရွှေ့ပြောင်းသော သဘော မရှိ၊ လုံးရပ် သဏ္ဌာန်မရှိဟု မြတ်ဘုရား ဟောကြားတော်မူပါသည်။
ကိလေသာသိမ်း၊ ခန္ဓာသိမ်းသောပုဂ္ဂိုလ်သည် ငြိမ်းအေးသော သဘောသာ ရောက်သွားသည်၊ ဘယ်မှမသွားပါ။လောင်စာသိမ်း၍ မီးငြိမ်းသောသဘောရှိသည်၊ နိဗ္ဗာန်သည် ရှုသောပုဂ္ဂိုလ်၌ ကိုယ်တိုင်မြင်ရသော တရားမျိုး ဖြစ်ပါသည်။
နိဗ္ဗာန်ကို အားလုံးသောပုဂ္ဂိုလ်များ ရနိုင်ပါသလား ဟု မေးပါလျှင် ရှင်နာဂသိန်မထေရ်မြတ်က ဖြေကြားထားသည် မှာ အားလုံးသောပုဂ္ဂိုလ်တို့ မရနိုင်ပေဘူး ဟု မြွက်ကြားပါသည်။
နိဗ္ဗာန်ကို ဘယ်လိုပုဂ္ဂိုလ်များ ရနိုင်မလဲ
မိလိန္ဒမင်းကြီးအား ရှင်နဂသိန်မထေရ်ကြီး မိန့်ကြားရာတွင် – မင်းကြီး “အဘိညေယျ အဘိဇာနာတိ” ထိုးထွင်းပြီးသိရမည့် တရားဖြစ်သဖြင့် ထိုးထွင်းပြီးသိသောပုဂ္ဂိုလ်မှာ နိဗ္ဗာန်ကို ရနိုင်သည်ဟု ဖြေတော်မူပါသည်။
နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့် တူပါသလဲ
မိလိန္ဒမင်းကြီးက အရှင်ဘုရား နိဗ္ဗာန်ချမ်းသာသည် ဘယ်ချမ်းသာနှင့်တူပါသလဲ – ဟု မေးမြန်းသဖြင့် ရှင်နာဂသိန် မထေရ်မြတ်က -မင်းကြီး ဥပမာအားဖြင့်ပြောရယင် ပဋိသန္ဓေ ကတည်းကပင်မျက်စိမမြင်သောလူက အဖြူဆိုတာ ဘယ်လိုဟာတုံး၊ အနီဆိုတာ ဘယ်လိုဟာတုံး၊ နေဆိုတာ ဘာနှင့်တူသတုံး လို့မေးတာနှင့် တူနေပါသည်။ သူ့မှာ မျက်စိ ပါမလာသဖြင့် လောက၌ရှိသောအရာဝတ္ထုများကို မည်သို့မျှ ခွဲခြမ်းပြီးသိနိုင်မည်မဟုတ်ပါ။
ဤဥပမာအတိုင်း လောက တွင်ရှိနေကြသော လောကသားများအဖို့ လောကနှင့်တန်သော မျက်စိသာပါလာကြပါသည်။ လောကထက်လွန်သော၊လောကမှာရှိသော ချမ်းသာမျိုးများနှင့်နှိုင်းယှဉ်မရသော လောကုတ္တရာနိဗ္ဗာန်ချမ်းသာသည် လောက၌မည်သည့် ချမ်းသာနှင့်မှ တူသည်ဟု မဆိုနိုင်ပါ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာသည် လောက၌မရှိ – ဟု မှတ်ရန် ဖြေဆိုတော် မူပါသည်။
အကြောင်းသုံးပါးလွတ်သော နိဗ္ဗာန်
မိလိန္ဒမင်းကြီးက အရှင်ဘုရား ကံအကြောင်းတရား၊ ဟေတုအကြောင်းတရား စသည်တို့နှင့် မပတ်သက်သောတရားကို ပြောကြားပါရန် လျှောက်ထားသဖြင့်။ ရှင်နာဂသိန်မထေရ်က- မင်းကြီး ဟာလာဟင်းလင်း ဖြစ်နေသော ကောင်းကင်ကြီးသည် ဘယ်သူမှ လုပ်ထားခြင်းမဟုတ်ပါ၊ အကြောင်းတရားသုံးပါးမှ လွတ်ပါသည်။ နိဗ္ဗာန်သည်လည်း ကံကလုပ်ထားခြင်းမဟုတ်ပါ။ ဟေတု အစရှိသည်တို့ကလုပ်ထားခြင်းလည်းမဟုတ်သဖြင့် အကြောင်းသုံးပါး လွှတ်ပြီး အမြဲတမ်းရှိသည်ဟု ဆိုတော်မူပါသည်။
နိဗ္ဗာန်သည် ကံအကျိုးမဟုတ်ပါ၊ အကြောင်းကံက လုပ်ထားခြင်းမဟုတ်ပါ၊ ဉာဏ်အကျိုးဖြစ်၍ နိဗ္ဗာန်သွားလိုလျှင် ဉာဏ်စခန်းအလုပ် လုပ်ရမည် ဖြစ်သည်။ ဉာဏ်နဲ့လုပ်ရမည် မှန်သော်လည်း နိဗ္ဗာန်သည် ဉာဏ်ကလုပ်ထားသော နိဗ္ဗာန်မဟုတ်ပါ၊ ဉာဏ်ကပို့မည့်နိဗ္ဗာန်သာဖြစ်ကြောင်း ဆရာတော်ဘုရားက ဟောပါသည်။
ဉာဏ်လက္ခဏာနှင့် နိဗ္ဗာန်
မိလိန္ဒမင်းကြီးက အရှင်ဘုရား-ဉာဏ်၏လက္ခဏာကို ပြောကြပါရန် လျှာက်ထားသဖြင့် ရှင်န၁သိန်မထေရ်က – တကာကြီး၊ ဉာဏ်ဆိုသည်မှာ ထိုးထွင်းသိမြင်သော စွမ်းရည် သတ္တိရှိသည်။ ဥပမာ-တကာကြီး မှောင်ထဲမှာမီးထွန်းလိုက်ပါ။ အမှောင်ပျောက်ပြီး အလင်းရောက်ပါသည်။ သို့ဖြစ်၍ မီးသည် အလင်းပေးသည်၊ အမှောင်ပျောက်သည်၊ ရှိနေသော ပစ္စည်း ကို မြင်အောင်ပြသည်။ ထို့အတူပင် ဉာဏ်၏ လက္ခဏာသည် အဝိဇ္ဇာမှောင်ကို ဖျောက်ပေးသည်၊ ပညာတည်းဟူသော အရောင်လင်းလည်း ထွက်သည်၊ ရှိနေသောနိဗ္ဗာန်ကိုလည်း ပြပါသည်။
နိဗ္ဗာန်ကို ဘာကြောင့် မတွေ့မမြင်ကြသနည်း
နိဗ္ဗာန်ကို မတွေ့၊ မမြင်၊ မရောက်ကြခြင်းသည် အဝိဇ္ဇာ အမှောင်ထုကြီး ရှေ့ကခံနေ၍ ဖြစ်သည်။ ပညာအလင်းရောင် မရှိသဖြင့် အမြဲတမ်းရှိ နိဗ္ဗာန်ကို မတွေ့ရခြင်းဖြစ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်တွေ့နိုင်ရန် ဉာဏ်ကိုအရေးထားရမည်။ ဉာဏ်ကမှ နိဗ္ဗာန်ကိုမြင်နိုင်ကြောင်း ဟောကြားတော်မူသည်။
နိဗ္ဗာန် ကိုယ်တိုင်ရအောင် လုပ်ထားကြပါ
ဆရာတော်ဘုရားက – ဒို့ တကာတွေ အင်မတန်ကံကောင်းကြလို့ပဲ၊ ဘုရားဟောတော်မူတဲ့စကားတော်တွေ ဆရာကောင်း သမားကောင်းနဲ့ တွေ့ကြရလို့ သိကြရတာ၊ အကြောင်းအကျိုး နားလည်ကြရတာ၊ သာမည မအောက်မေ့ကြနဲ့၊နက်နက်နဲနဲ သိတဲ့ပုဂ္ဂိုလ်က သူသိသလို သိပါစေ ဆိုတဲ့ စေတနာနဲ့ တိုက်တွန်းတဲ့ ကိစ္စ ဖြစ်တယ်၊ ပြောပြတဲ့ပုဂ္ဂိုလ်ကလဲ သူ့ ပါရမီနဲ့သူလာပေလို့ ပြောပြနိုင်တယ်။ လေးလေးစားစား လိုက်နာ အားထုတ်ကြ၊ ကိုယ့်အနိစ္စ မကြုံခင် ကိုယ်မသေခင်မှာသာ ကိုယ့်သာသနာရှိတာပါ၊ အချိန်များများစားစား မရှိတော့ဘူး၊ ထမင်းမစားရချင်နေပါစေ၊ ဒီအလုပ်ကိုဖြင့် အလျင်ပြီးအောင် လုပ်လိုက်ကြပါလို့ လေးလေးနက်နက်ကြီး တိုက်တွန်းပါတယ်– ဟု ဟောကြားတော်မူပါသည်။
နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ
နိဗ္ဗာန်သည် ဖြစ်ဆဲလဲမဟုတ်၊ ဖြစ်ပြီးလဲမဟုတ်၊ ဖြစ်လတ္တံ့တရားလဲမဟုတ်၊ သူတစ်ပါးက ဖြစ်စေတဲ့ တရားလဲ မဟုတ်၊အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးက လွတ်သည်ဟု အမိန့်ရှိထားရာ မိလိန္ဒမင်းကြီးက – အရှင်ဘုရား နိဗ္ဗာန်ကို ဘယ်လိုတွေ့နိုင်မလဲ၊ တွေ့အောင် ဘယ်လိုရှာရမှာလဲ – ဟု မေးမြန်းသဖြင့် မထေရ်မြတ်က အရှင်မင်းကြီး နိဗ္ဗာန်သည် ကာလသုံးပါးက အလွတ်ဖြစ်သော်လည်း နိဗ္ဗာန်ကို မနော(စိတ်)နှင့်တွေ့နိုင်သည်၊ နိဗ္ဗာန်တွေ့လိုလျှင် မနောနှင့် ရှုရမည်။ မနောမှာတွေ့နိုင်သည်ဟု ဖြေဆိုတော်မူသည်။
နိဗ္ဗာန်ကို ဘယ်မနော(စိတ်)နှင့် ရှာမလဲ
နိဗ္ဗာန်ကို စင်ကြယ်သောမနော(စိတ်)ဖြင့်ရှာရမည်၊ စင်ကြယ် မနောသည် ကိလေသာမရောသော မနောကို ပြောခြင်းဖြစ်ရာ နိဗ္ဗာန် မြင်လိုလျှင် စင်ကြယ်သောဉာဏ် ကိုယ်ပိုင်ရအောင်လုပ် ရပါမည်။ ကိလေသာနှင့်အဆက်အသွယ်ပြတ်သော မနောသည် မဂ်ဉာဏ်ဖြစ်၍ နိဗ္ဗာန်ကိုအာရုံပြုနိုင်ပါသည်၊ သို့ရာတွင်ဝိပဿနာရှုခြင်းသည် အာသဝနယ်ထဲမှ စိတ်ကို ရှူနေခြင်းသာ ဖြစ်၍ ဝိပဿနာဉာဏ်နှင့်လည်း နိဗ္ဗာန်ကို အာရုံ မပြုနိုင် သေးပါ၊ နိဗ္ဗာန်ကို မမြင်နိုင်သေးပါ။
နိဗ္ဗာန်ရှာလိုလျှင် ကိုယ့်ကိုယ်ကို အဆင့်ဆင့်တက်ခြင်းဖြင့် စင်ကြယ်လာလျှင် ဉာဏ်ထက်လာမည်၊ ကိလေသာဝေးလေလေ ဉာဏ်ထက်လာလေလေ ဖြစ်သဖြင့် ဉာဏ် စင်ကြယ်လာမည်။ စင်ကြယ်ယင် နိဗ္ဗာန်မြင်သည်ဟု မှတ်ရန် ဆရာတော်ဘုရား ဟောကြားပါသည်။
ယမကရဟန်း၏ နိဗ္ဗာန်ဖြေကြားပုံ
ယမက သောတာပန်တည်သွားသောအခါ ရှင်သာရိပုတ္တရာ မထေရ်မြတ်က – ရှင်ယမက ရဟန္တာသေယင်ဘယ်သွားသလဲဟု မေးမြန်းရာ ယမကရဟန်းက ဖြေကြားသည်မှာ-
အရှင်ဘုရား၊ ခန္ဓာငါးပါးသည် အနိစ္စတရား၊ အနိစ္စတရားသည် ဒုက္ခတရား ဖြစ်ပါသည်။ အဲဒီ ဒုက္ခတရားတွေ ကုန်ဆုံးသွားသည် – ဟု ဖြေကြားသွားပါသည်။
နိဗ္ဗာန်သည် ဒုက္ခသိမ်းသွားခြင်း ဖြစ်သည်၊ ငြိမ်းအေးခြင်း သဘော ရောက်သွားသည်။ နိဗ္ဗာန်သည် ဒုက္ခတွေကုန်ဆုံးသည့်နေရာ၊ သုခသက်သက်နှင့်နေခြင်းဖြစ်သည်ဟု ဟောကြားတော် မူပါသည်။
မိုးကုတ်ဝိပဿာလုပ်ငန်းစဉ်နှင့် ပြန့်ပွားရေး အဖွဲ့ချုပ်
အမှတ်- ဂ၂၊ နတ်မောက်လမ်း၊ ရန်ကုန်မြို့။
[ ၁၅-၇-၁၉၉၅ ]
နိဗ္ဗာန
နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ လာသည်။ ငြိမ်းအေးသည် ဟု ဆိုလိုသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။)
တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ + ဝါန = နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည်။ နိ – မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း။ ဝါန – တဏှာ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။
အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။
နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပေက္ခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖက် ဖြစ်သည်။
နိဗ္ဗာန် နှစ်မျိုး
ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။
- သဥပါဒိသေသ နိဗ္ဗာန်
- အနုပါဒိသေသ နိဗ္ဗာန် တို့ဖြစ်သည်။
သဥပါဒိသေသ နိဗ္ဗာန်
မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော မဂ်ဖိုလ်ချမ်းသာကို သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။
• ပထမမဂ်ဉာဏ်ရသော သောတာပန်သည် သောတာပတ္တိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်သည် သကဒါဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• တတိယမဂ်ဉာဏ်ရသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
အကျဉ်းအားဖြင့် သံသရာ၌ အဆုံးမရှိကျင်လည်ရခြင်းကိုဖြစ်စေသော တဏှာ၊ ကိလေသာ စသည်တို့ ကုန်ခမ်းသွားခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ဆိုနိုင်သည်။
အနုပါဒသေသ နိဗ္ဗာန်
သေပြီးနောက် ဘဝမကူးတော့ပဲ ရအပ်သောမဂ်ဖိုလ်ချမ်းသာကို အနုပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။
• စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ဝင်စား၍ နေနိုင်၏။ သေလေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘဝတစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါသည်။
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
- မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
- တဏှာမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ နိဗ္ဗာန်။ (ပိပါသဝိနယော)
- ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
- ဝဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (ဝဋ္ဋုပစ္ဆေဒေါ)
- တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
- ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (ဝိရာဂေါ)
- တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိရောဓော)
- အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
- အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
- သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
- မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
- သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
- ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
- ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
- သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
- ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
- သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
- ဘေးမရှိသော နှောင့်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
- ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
- ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
- ဩဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
- ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ)
- သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ)
- သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
- အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
- ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
- အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
- အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
- လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။ (လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။)
ဆင်တူဝေါဟာရနှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ –
ကံ၊စိတ်၊ဥတု၊အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘဝ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည်။ သဠာယတန – သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။
ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည်။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည်။ အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏ ၊ ဆင်ခြင်အောက်မေ့ရာ၏ ၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏ ၊ ဉာဏ်ထက်မြက်၏ ၊ စိတ်အေးချမ်းတည်ကြည်၏ ၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ လောကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။
မိလိန္ဒမင်းနှင့် အရှင်နာဂသိန်တို့၏ နိဗ္ဗာန်ဆိုင်ရာ အမေးအဖြေ
- ထေရ် – မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
- မင်း – ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။
- ထေရ် – မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏။ မနောဝိဉာဉ်ဖြင့် သိအပ်၏။ စင်ကြယ်မြင့်မြတ်သော ၊ အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင် ၊ မြင်နိုင်သည်။
- မင်း – အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း။
- ထေရ် – မင်းကြီး ၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော။
- မင်း – ရှိပါသည် ၊ အရှင်။
- ထေရ် – လေသည် အဆင်း ၊ ပုံသဏ္ဌာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း။
- မင်း – လေကို ညွှန်ပြ ၊ ဖော်ပြရန် မဖြစ်နိုင်ပါ။
- ထေရ် – သို့ဆိုလျှင် လေမရှိသလော ၊ လေသည် မရှိတရားလော။
- မင်း – လေသည် ရှိပါ၏။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ။သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည်။ နှာသီးဝ၌ တိုးနေပါသည်။ ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။
- ထေရ် – မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၎င်း ၊ ပုံသဏ္ဌာန် အားဖြင့် ၎င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
- မင်း – လက်ခံပါပြီ ဘုရား။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။
- ထေရ် – မင်းကြီး ၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
- မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား ၊ နိဗ္ဗာန် သည် မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။
- ထေရ် – မင်းကြီး ၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။
ဥပမာ – မီးသည် ထင်ရှားရှိ၏။ ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ဝါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။
စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဖုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏။
မင်း – လက်ခံပါပြီ ဘုရား ။ ။
ဟူ၍ဖြစ်လေသည်။
Reference
၇-နိဗ္ဗာနဓာတုသုတ် (ဣတိဝုတ်ပါဠိတော်)
၄၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ခန္ဓာငါးပါးအကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်တို့တည်း။
ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?
ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ) ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင် တည်း။ ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့်) မချုပ်ကုန်သောကြောင့် ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံကို ခံစား၏။ ချမ်းသာဆင်းရဲကို ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ ဤရာဂဒေါသမောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော ‘သဥပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။
ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?
ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ဖြစ်၏။ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု ‘ဝေဒနာ’အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ငြိမ်းအေးကုန်လတ္တံ့။ ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’ နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို –
”တဏှာဒိဋ္ဌိအစွမ်းဖြင့် တစ်စုံတစ်ခုသောတရားကို မမှီသောတာဒိဂုဏ်ရှင် ဖြစ် တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။မှန်၏-တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက်အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါးကြွင်းကျန်၏။ ဘဝတဏှာကုန်ခန်း၏။ ခန္ဓာငါးပါး အကြွင်းမရှိသော ‘အနုပါဒိသေသ’နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသောအခါ၌ ဖြစ်၏။ ယင်းနိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့်ဘဝတို့သည် ချုပ်ကုန်၏။
အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သော စိတ်ရှိကုန်၏။ ဘဝတဏှာကုန်ခန်းကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ တာဒိဂုဏ်ရှင် ထိုဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏”ဟု ဤဂါထာဖြင့် ဆို အပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
သတ္တမသုတ်။