နာမ် အကြောင်း

နာမ(နာမ်) ကဏ္ဍ

နာမ်ဟူသည် အနက် တရားကိုယ်ဒြပ်ကို သိတတ်သော သဘောတည်း။
ထို့ကြောင့်…..
“အတ္ထေ နမတီတိ နာမံ” ……. ဟု ဝစနပြု။
အတ္ထေ၊ အနက်ကို။ နမတိ၊ ကိုင်းတတ်, ရှိုင်းတတ်, ညွတ်တတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်။ နာမံ၊ နာမ်မည်၏။

နာမ်တေပညာသ

စိတ်တရား စေတသိက်တရား ထိုနှစ်ပါးကို နာမ်တရား ဟုခေါ်၏။

စိတ်တရားသည် တရားကိုယ်အားဖြင့် တစ်ခုယုတ်, ကိုးဆယ် (တစ်နည်း) ရှစ်ဆယ့်ကိုးပါး၊ အကျယ် တစ်ရာနှစ်ဆယ့်တစ်ပါး ရှိ၏။ စေတသိက်တရားသည် တရားကိုယ်အားဖြင့် ငါးဆယ့်နှစ်ပါးရှိ၏။

စိတ်အကျဉ်း(၈၉)၊ အကျယ်(၁၂၁)ပါးကို တစ်ပေါင်းတည်းစု တစ်ခုပြုလျက် စိတ်တခုဟု သတ်မှတ်အပ်၏။ “အာရမ္မဏံစိန္တေတီတိ စိတ္တံ..”။ အရမ္မဏံ၊ အာရုံအရပ်ရပ်ကို ကြံတတ်, သိတတ်၏။ ဣတိ၊ ထို့ကြောင့်၊ စိတ္တံ၊ စိတ်မည်၏။ ဤဝစနတ္ထအရ စိတ်တရားမှန်က အာရုံကို ကြံတတ် သိတတ်သော အာရမဏဝိဇာနနလက္ခဏာချည်း ဖြစ်သောကြောင့် စိတ်တရားအားလုံး ပေါင်းရုံးလျက် စိတ်တခုဟု ယူခြင်းဖြစ်၏။

စေတသိက်တရား(၅၂)ပါး တို့မှာ တစ်ပါးနှင့် တစ်ပါး သဘောခြင်းမတူသည့် စေတသိက်များရှိသည်ကြောင့် စိတ်တရားကဲ့သို့ မပေါင်းစုပဲ (၅၂)ပါး အတိုင်းပင် ထားပါသည်။

စင်စစ် စိတ်တရား စေတသိက်တရားများကို နာမ်ဟုခေါ်ခြင်းကြောင့် စိတ်နာမ် (၁)ပါးနှင့် စေတသိက်နာမ်(၅၂)ပါးကို ပေါင်းပြီး နာမ်တရား (၅၃)ပါးဟု ဆိုရ၏။ ပါဠိဘာသာအားဖြင့် “နာမ်တေပညာသ”ဟု သုံးနှုန်းခေါ်ဆိုကြ၏။ အဓိပ္ပါယ်မှာ –
နာမ်က, နာမ်တရား
တေက, သုံး
ပညာသ က, ငါး = ၎င်းကို ပိဋကတ် သင်္ချာနည်းအရ နာမ်တရား(၅၃)ပါးဟု သုံးနှုန်းခေါ်ဆိုခြင်းဖြစ်ပါသည်။

စိတ်နာမ် + စေတသိက်နာမ်

စိတ်, စေတသိက်တရား နှစ်ပါးစလုံးကို နာမ်တရားဟု ဆိုရငြားလည်း စေတသိက်တရားသည် စိတ်တရားအားသာလျှင် မှီဖြစ်ရ၏။ စိတ်ဖြစ်မှ စေတသိက်ဖြစ်ခွင့်ရှိ၏။ စိတ်မဖြစ်ပဲလျက် စေတသိက်မဖြစ်နိုင်။ စိတ်နှင့် စေတသိက်သည် ဥပမာအားဖြင့် လူနှင့်အရိပ်ကဲ့သို့ဖြစ်၏။

အရိပ်ထင်စေနိုင်သော အလင်းရောင်တွင် လူရှိသည်ဖြစ်က အရိပ်လည်းရှိပြီးဖြစ်၏။ လူနှင့် အရိပ်၊ မည်သည်ကရှေ့၊ မည်သည်ကနောက်ဟု ပြောမဖြစ်၊ တပြိုင်နက်တည်း ပေါ်ရ၏။ သို့ရာတွင် လူရှိမှသာ အရိပ်ပေါ်နိုင်၏။ မရှိက မပေါ်နိုင်။ ထို့ကြောင့် လူနှင့် အရိပ်တွင် လူပြဋ္ဌာန်း၏။ ပဓာနကျ၏။

ဤ ဥပမာအရ –
လူသည် စိတ်နှင့် တူ၏၊
အရိပ်သည် စေတသိက်နှင့်တူ၏၊
လူနှင့် အရိပ်တွင် လူပြဋ္ဌာန်းသကဲ့သို့ လူပဓာနနကျသကဲ့သို့
စိတ်နှင့် စေတသိက်တွင် စိတ်ပြဋ္ဌာန်း၏။ စိတ်ပဓာနကျ၏။
လူနှင့် အရိပ်သည် မကင်းကောင်းသကဲ့သို့၊
စိတ်နှင့် စေတသိက်လည်း ကင်း၍ မဖြစ်ကောင်းပါ။

ထို့ကြောင့် စေတသိက် လက္ခဏာ(၄)ချက်ကို ဖွင့်ဆိုရာ၌ ……….။

စေတသိက်တရားသည်
၁။ ဧကုပ္ပါဒ = စိတ်နှင့်အတူ ဖြစ်၏။
၂။ ဧကနိရောဓ = စိတ်နှင့်အတူ ချုပ်၏။
၃။ ဧကာလမ္ဗန = စိတ်နှင့် အာရုံပြုအတူ (စိတ်အာရုံပြုသည်ကိုပင် စေတသိက်က အာရုံပြု၏)
၄။ ဧကဝတ္ထုက = စိတ်နှင့်မှီရာအတူ (စိတ်မှီရာဝတ္ထုရုပ်၌ပင် စေတသိက်ကမှီ၏ဟု ဆိုလိုသည်)

ဤစေတသိက်လက္ခဏာ(၄)ချက်အရ စိတ်နှင့်စေတသိက်သည် အမြဲယှဉ်၏ဟု သိပါ။

ထို့ကြောင့် ….
“စေတသိ နိယုတ္တံ စေတသိကံ”ဟု ဟောတော်မူ၏။ စေတသိ၊ စိတ်နှင့်။ နိယုတ္တံ၊ ယှဉ်သည်တည်း။ စေတသိကံ စိတ်နှင့်ယှဉ်သည်တည်း။ ဤသို့ ဟောပြအပ်သော ဒေသနာအရ စေတသိက်သည် ၎င်း၏ ဗျူပွတ်အရ စိတ်နှင့် အမြဲယှဉ်သော တရားဖြစ်ကြောင်း ထင်ရှားပြီ။

စိတ်တရား၏ မူလသဘာဝသည် လွန်စွာ သန့်ရှင်းအပြစ်ကင်း၏။ အာရုံကို သိတတ်ကြံတတ်ကာမျှ မတ္တသာရှိ၏။ စေတသိက်တရားနှင့် ပူးမိ, တွဲမိသည်ကြောင့်သာ၊ စိတ်ကောင်းသည်၊ စိတ်မကောင်းဘူး စသည်တို့ ဖြစ်ရ၏။ ဥပမာ၊ ရေကြည်ရေသန့်ထည့်ထားသော ဖန်ခွက်ကို ကြည့်လျှင် ဖန်ပြင်ဖန်သားအတိုင်း အလွန်ကြည်လင်၏။ ထိုဖန်ခွက်၌ အနီ, အပြာ, အဝါ စသော ဆေးမှုန့်များထည့်လျှင် ဖန်ခွက်အတွင်းရှိ ရေသည် အနီ, အပြာ, အဝါ စသည့်အရောင်များသို့ ပြောင်းလွဲသွားသကဲ့သို့ ဖြစ်၏။

ဤအတူသာလျှင် သတ္တဝါတို့ သန္တာန်တွင် ဖြစ်နေသော စိတ်သည် ပင်ကိုယ်မူလသဘာဝအရ ကြည်လင်သန့်ရှင်းသော်လည်း ဆေးနီရောင်စသည်တို့နှင့် တစ်မူတူသော စေတသိက်များနှင့် ပူးမိတွဲမိသည်ကြောင့် စိတ်ဆိုးသည်, စိတ်ကောင်းသည်, စိတ်တိုသည်, စိတ်ရှည်သည် ဟူ၍ ဖြစ်လာရပါသည်။

နိဒဿန တစ်ခုအနေအားဖြင့် ပြဆိုရသော်……..။ ရူပါရုံကို မြင်လျှင် သိမှုဖြစ်၏။ ထိုသိမှုကား စိတ်တရားတည်း၊ အဘယ်စိတ်နည်း၊ မြင်စိတ်ဖြစ်ပါသည်၊ မြင်စိတ်သည် မြင်ကာမျှ မတ္တသာ၊ မြင်ရုံမှ တစ်ပါး အခြားမည်သည်ကိုမျှ မပြုတတ်၊ မလုပ်တတ်ပါ။ သို့သော် မြင်ကာမျှ၊ မတ္တတွင် ရပ်တန့်နိုင်သည်မဟုတ်မူ၍ ထိုမြင်စိတ်ကို အကြောင်းပြုလျက် မြင်သည့်အာရုံအလိုက် ကြိုက်၊ မကြိုက် စသော စိတ်များဖြစ်လာရ၏။ ဤသည်မှာ စေတသိက်တရား၏ သတ္တိဖြစ်၏။

မြင်သောအာရုံ၌ နှစ်သက်လျှင် လောဘစိတ်။ မူလက အပြစ်ကင်းသောစိတ်သည် လောဘစေတသိက်နှင့် တွဲမိသည်ကြောင့် လောဘစိတ်ဖြစ်ရ၏။

မြင်သောအာရုံ၌ မနှစ်သက်လျှင် ဒေါသစိတ်ဖြစ်၏။ မူလက အပြစ်ကင်းသော စိတ်သည် ဒေါသစေတသိက်နှင့်တွဲမိသည်ကြောင့် ဒေါသစိတ်ဖြစ်ရ၏။

မြင်သောအာရုံ၌ နှစ်သက်သည်လည်းမဟုတ်၊ မနှစ်သက်သည်လည်းမဟုတ်သော မောဟစေတသိက်နှင့် တွဲမိသည့်အခါ မောဟစိတ်ဖြစ်ရ၏။ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်တို့ကား အကုသိုလ် အရာတည်း။

ကုသိုလ်အရာ၌ ဘုရား, ကျောင်း, ကန်, ရဟန်းသံဃာ စေတီပုထိုး အမျိုးမျိုးသော အတိဣဋ္ဌာရုံများကို တွေ့ကြုံ၍ ကြည်ညိုခြင်းသည် သဒ္ဓါစေတသိက်ဖြစ်၏။ စိတ်သည် ထိုသဒ္ဓါစေတသိက်နှင့်တွဲမိသဖြင့် သဒ္ဓါစိတ်ဖြစ်ရ၏။ သဒ္ဓါစိတ်ကား ကုသိုလ်စိတ်တည်း။

ထို့ကြောင့် အာရုံကို သိကာမျှ သဘောသာရှိသော စိတ်တရားသည် စေတသိက်တရားတို့နှင့် တွဲမိပေါင်းမိသဖြင့်သာ ကောင်း၊ မကောင်း (တစ်နည်း) ကုသိုလ်၊ အကုသိုလ် တရားများ ဖြစ်ပွားရ၏။

ထိုသိမှုခေါ်စိတ်တရားကို ဝိညာဏဓါတ်ဟုခေါ်၏။ ၎င်းသည် (၆)ဒွါရ(တံခါး)တို့မှ တစ်မျိုး မဟုတ် တစ်မျိုး လှည့်၍ သိနေ၏။ သိမှု စိတ်တရားသည် ဝတ္ထုရုပ်များ အားသာလျှင် မှီ၍ဖြစ်၏။ မှီစရာ ဝတ္ထုရုပ်မရှိသော် ဖြစ်ခွင့်မရှိ။

ဝိညာဏဓာတ် (၆)ရပ်နှင့် မှီရာဝတ္ထုရုပ် (၆)ခု

သိမှု ခေါ် စိတ်တရားသည် (တစ်နည်း) နာမ်တရားသည် ဟဒယ ဝတ္ထုရုပ်အားမှီ၍ ဖြစ်ရ၏။

ဟဒယဝတ္ထုရုပ်ကား……..
ခန္ဓာကိုယ်၏ အတွင်းရင်ညွှန့်တည့်တည့်တွင် နှလုံးသား နှလုံးအိမ်သည် ရှိ၏။ ပုံစံပမာဏနှင့် အနေအထားမှာ ပဒုမ္မာကြာဖူးကို စောက်ထိုးဆွဲထားသကဲ့သို့ဖြစ်၏။ အတွင်း၌ အခေါင်းဖြစ်၏။ ထိုအတွင်း၌ သပွတ်အိမ်ပမာ အမွှေးကလေးများ ယှက်သန်းလျက် တစ်လက်ဆွန်းမျှ ပမာဏရှိသော နှလုံးသွေးတည်ရှိ၏။ ထိုသွေး၏ မျက်နှာပြင်၌ ပျံ့နှံ့လျက်တည်သောရုပ်ကို ဟဒယဝတ္ထုရုပ်ခေါ်၏။ ထိုဟဒယဝတ္ထုရုပ်၌ မနောအကြည် နာမ်တရားသည် မှီတည်နေ၏။
နှလုံးသွေးအရောင်သည် သတ္တဝါတို့၏ စရိုက်အားလျော်စွာ အရောင်အမျိုးမျိုးရှိသည်။

စရိုက် (၆)မျိုးနှင့် နှလုံးသွေးအရောင်

၁။ ရာဂစရိုက်ရှိသူ၏ နှလုံးသွေးသည် နီသော အဆင်းရှိ၏။
၂။ ဒေါသစရိုက်ရှိသူ၏ နှလုံးသွေးသည်  မဲနက်သော အဆင်းရှိ၏။
၃။ မောဟစရိုက်ရှိသူ၏ နှလုံးသွေးသည်  သားဆေးရေ အဆင်းရှိ၏။
၎။ ၀ိတက်စရိုက်ရှိသူ၏ နှလုံးသွေးသည် ပဲပြုတ်ရေ အဆင်းရှိ၏။
၅။ သဒ္ဓါစရိုက်ရှိသူ၏ နှလုံးသွေးသည် မဟာလှေကားပန်း အဆင်းရှိ၏။
၆။ ပညာစရိုက်ရှိသူ၏ နှလုံးသွေးသည် ကြည်လင်တောက်ပသော အဆင်းရှိ၏။

ကြာဖူးသဏ္ဍာန်နှလုံးသား အောက်ဘက် အဖျားချွန်အမြွှာကလေးမှ နှလုံးသွေးသည် သည်းချေအိမ်ပေါ်သို့ တစက်ချင်း မှန်မှန်ကျနေ၏။ ထို့ကြောင့် သည်းချေသည် အမြဲစွတ်စိုနေ၏။ သည်းချေစွတ်စိုသည်နှင့်အမျှ ပညာ,သတိအားကောင်း၏။

နှလုံးသွေး တစ်မြွှာကျသူထက် နှစ်မြွှာကျသူက အသိပညာဉာဏ် ထက်သန်အားကောင်း၏။ အဘယ်ကြောင့်ဆိုသော် နှလုံးသွေး နှစ်မြွှာကျသူ၏ သည်းချေသည် အမြဲစိုစွတ် အားကောင်းသောကြောင့်ဖြစ်၏။

နှလုံးတစ်မြွာကျသူ၌ ပုံမှန်တစ်စက်ချင်း ကျနေရာမှ ရုတ်တရက်မကျပဲ ပြတ်ရပ်သွားသည်ဖြစ်ပါမူ သည်းချေခြောက်ခန်း၍ သတိကင်းလွတ် ရူးသွပ်တတ်သည်ဟု ဆို၏။ (ဤကား ဟဒယ၀တ္ထုရုပ် မှီရာ နှလုံးအိမ် နှလုံးသွေးနှင့် ဆက်စပ်ထည့်သွင်းပြခြင်းမျှသာ ဖြစ်၏။)

အထူးသိစေလိုသည်မှာ မနောဝိညာဏ်ခေါ် သိမှု စိတ်တရားသည် ဟဒယ၀တ္ထုအကြည်၌ တည်မှီသည်ကို သိစေလိုခြင်းသာဖြစ်၏။
စက္ခုဝိညာဏ် မြင်စိတ်သည် စက္ခုဝတ္ထုအားမှီ၍ ဖြစ်၏။
သောတ၀ိညာဏ် ကြားစိတ်သည် သောတ၀တ္ထုအားမှီ၍ ဖြစ်၏။
ဃာန၀ိညာဏ် နံစိတ်သည် ဃာန၀တ္ထုအားမှီ၍ ဖြစ်၏။
ဇိဝှာဝိညာဏ် စားစိတ်သည် ဇိဝှာဝတ္ထုအားမှီ၍ ဖြစ်၏။
ကာယ၀ိညာဏ် ထိစိတ်သည် ကာယ၀တ္ထုအားမှီ၍ ဖြစ်၏။

၁။ မျက်စိ၌ မြင်၍သိသော မြင်သိစိတ်။
၂။ နား၌ကြား၍ သိသော ကြားသိစိတ်။
၃။ နှာခေါင်း၌နံ၍ သိသော နံသိစိတ်။
၎။ လျှာ၌စား၍သိသော စားသိစိတ်။
၅။ ကိုယ်၌ထိ၍သိသော ထိသိစိတ်။
၆။ စိတ်၌ကြံစီစဉ်းစား၍သိသော ကြံသိစိတ်။

ထိုသိမှု(၆)ခုကို ၀ိညာဏဓါတ်(၆)ရပ်ဟု ခေါ်၏။ သတ္တ၀ါတို့ သန္တာန်တွင် ဖြစ်သော သိမှု (၆)ပါးသာတည်း။ ထို (၆)ပါးချုပ်သည်ကို လောကသမ္မုတိအားဖြင့် သေသည်ဟု ဆိုကြကုန်၏။ သိမှု (၆)ပါးကိုပင် ပရမတ်အမြင်မရှိကုန်သူ ပုထုဇဉ်တို့က ၀ိညာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်၊ လူ, နတ်,ဗြဟ္မာ စသည်ဖြင့် အထင်မှားကြ၏။

သိမှု(၆)ခုနှင့် သိစရာ(၆)မျိုး

အထက်ဖေါ်ပြပါ သိမှု(၆)ခုသည်လည်း အလိုအလျောက် ဖြစ်သည်မဟုတ်ပဲ သိစရာများဖြင့် တွေ့မှ ဖြစ်ပါသည်။ မှန်ပေ၏။ (၆)ဒွါရ (၆)တံခါးပိတ်၍ အိပ်ပျော်ဆဲအခိုက် မြင်သိစိတ် စသည်တို့ မဖြစ်ပေါ်နိုင်ပါ။ အဘယ်ကြောင့်နည်းဟူမူ မြင်စရာ, ကြားစရာ, နံစရာ, စားစရာ, ထိစရာ, ကြံစရာ အာရုံတရားတို့နှင့် မတွေ့သောကြောင့် ဖြစ်ပါသည်။

၁။    စက္ခုဝိညာဏ်မြင်စိတ်သည် အဆင်းမျိုးစုံ ရူပါရုံနှင့် တွေ့မှ ဖြစ်ပါသည်။
၂။    သောတ၀ိညာဏ် ကြားစိတ်သည် အသံမျိုးစုံ သဒ္ဒါရုံနှင့် တွေ့မှဖြစ်၏။
၃။    ဃာန၀ိညာဏ် နံစိတ်သည် အနံ့မျိုးစုံ ဂန္ဓာရုံနှင့် တွေ့မှဖြစ်၏။
၎။    ဇိဝှာဝိညာဏ် စားစိတ်သည် အရသာမျိုးစုံ ရသာရုံနှင့် တွေ့မှဖြစ်၏။
၅။    ကာယ၀ိညာဏ် ထိစိတ်သည် အတွေ့အထိမျိုးစုံ ဖေါဋ္ဌဗ္ဗာရုံနှင့် တွေ့မှဖြစ်၏။
၆။    မနောဝိညာဏ် ကြံစိတ်သည် ကြံစီစရာမျိုးစုံ ဓမ္မာရုံနှင့် တွေ့မှဖြစ်၏။

ထိုသိမှု(၆)ပါးတွင် ဟဒယ၀တ္ထု၌ မှီ၍ဖြစ်သော အသိဓါတ် နာမ်တရားပြဋ္ဌာန်း၏။ (၆)ဋ္ဌာနစလုံးတွင် အသိဓါတ် နာမ်တရားပါ၏။ ထို့ကြောင့် သိစိတ်ဟူသည်လည်း ဖြစ်ရ၏။

ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ

အတိုအကျဉ်အားဖြင့် ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ ဟုဆိုသော်လည်း လိုရင်း အဓိပ္ပါယ်မှာ – ရုပ်တရား၌ တဏှာစိုက်သည်။ နာမ်တရား၌ ဒိဋ္ဌိစိုက်သည်ဟူလို၏။

ပရမတ္ထ ဓမ္မ၌ မကျွမ်းကျင်ကုန်သူ ပုထုဇဉ်တို့သည် ပရမတ်သဘောမျှ သက်သက်သာရှိသော ရုပ်တရားကို ငါကောင်, သူကောင်, ပုဂ္ဂိုလ်ကောင်, သတ္တ၀ါကောင်ရှိသည် ဟုတ်သည်ဟူသော အမှတ်ဖြင့် ကပ်ငြိတွယ်တယ နှစ်သက်ရှာကြကုန်၏။ ဤကိုရည်၍ ရုပ်တရားပေါ်၌ တဏှာစိုက်သည်ဟု ဆိုခြင်းဖြစ်၏။

နာမ်တရား၌ကား ရုပ်တရားကဲ့သို့ အထည်ဒြပ် သဏ္ဍာန် အကောင်အထည်တွေ မမြင်တွေ့ရသဖြင့်၊ တွယ်တာကပ်ငြိမှု တဏှာမစိုက်၊ အယူအားဖြင့် မှားခြင်းကို ဖြစ်စေ၏။ ဤကိုရည်ရွယ်၍ နာမ်တရား၌ ဒိဋ္ဌိစိုက်သည်ဟု ဆိုခြင်းဖြစ်၏။ အဆိုပါ စကားနှစ်ရပ်ပေါင်းစပ်လျက် ရုပ်တဏှာ၊ နာမ်ဒိဋ္ဌိ ဟု ပညာရှိတို့ စပ်ထုံးပြု၏။

နာမ်တရားကို ပြသရာ၌ ရုပ်တရားမှာကဲ့သို့ ဃနပျောက်အောင် ချေဖျောက်ရန်မလိုပါ။ နာမ်တရားအား အတုံး, အလုံး, အခဲဟူသော ဃနစွဲ၊ မူလကပင် မရှိခဲ့ပါချေ။ ပုဂ္ဂိုလ်တိုင်း နာမ်တည်းဟူသော စိတ်တရားရှိကြောင်း ကောင်းစွာသိပါသည်။ သို့ရာတွင် စိတ်တရားကို ယူမပြနိုင်, ကိုင်မပြနိုင်ပါ။ အစိမ်း၊ အပြာ၊ အ၀ါ အရောင်အဆင်းအားဖြင့်လည်း မပြနိုင်ပါ။ ယင်းသို့ မေးသမျှ တစ်ခုမျှ မပြောနိုင်၊ မပြနိုင်ငြားလည်း အာရုံအရပ်ရပ်ကို သိတတ်သော စိတ်သည် သဘောတရား အနေအားဖြင့် ထင်ရှားရှိပါသည်။ မူလကပင် အကောင်အထည်ဒြပ်သဏ္ဍာန် မရှိသဖြင့် ဃနစွဲပျောက်အောင် ခြေရန် အထူးမလိုတော့ပါ။

ထိုသို့ သိတတ်သော သဘောမျှသာရှိသော နာမ်တရား၌ မတွေဝေမူ၍ သဘောတရားပေါ် ဉာဏ်ချက်ရအောင် ပြတ်သားသူတို့မှာ – ဒုတိယအဆင့် နာမပရိစ္ဆေဒဉာဏ် တစ်ဆင့်တက်၍ ရရှိပြန်ပါသည်။ ထို့ကြောင့် အန္ဓပုထုဇဉ်ဘ၀မှ လွန်မြောက်၍ ကလျာဏပုထုဇဉ်အဖြစ်သို့ ရောက်သည်ဟု ဆိုနိုင်ပါသည်။

ပြခဲ့ပြီးသော ရုပ်တရားများ၌ ပိုင်းခြား၍သိခြင်း၊ ရူပ ပရိစ္ဆေဒဉာဏ်၊ ယခုပြဆဲ နာမ်တရား၌ ပိုင်းခြား၍သိခြင်း၊ နာမ ပရိစ္ဆေဒဉာဏ်၊ ထိုဉာဏ်နှစ်ပါးကို မဖေါက်မပြန် မှန်မှန်ကန်ကန် သိခြင်းသည် သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန် အသိမှန်ဖြစ်သောကြောင့် အပါယ်ဘေးမှ တကယ်အေးလျက် နိဗ္ဗာန်သွားရာ ခရီးလမ်းပေါ်သို့ တည့်တည့်ရောက်ပါသတည်း။

ပခုက္ကူ ၀ိပဿနာသင်တန်း အရည်စစ်စာတမ်းမှ

References