ပုဂ္ဂိုလ် (၁၂)ယောက် – အရိယာပုဂ္ဂိုလ် (၈)ယောက်၊ ပုထုဇန် (၄)ယောက်

အရိယာပုဂ္ဂိုလ် (၈)ယောက်

  • သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ်
  • သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ်
  • အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ်
  • အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ်
  • သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ်
  • သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ်
  • အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
  • အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်

ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင် နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။

အရိယာပုဂ္ဂိုလ် (၂)မျိုး

အရိယာပုဂ္ဂိုလ် (၈)ယောက်တွင်လည်း – သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ် ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိသည်။

  • သေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတပါး ကျန်အရိယာပုဂ္ဂိုလ် (၇)ယောက် ဖြစ်သည်။
  • အသေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ပြီးဖြစ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် (၁)ယောက် ဖြစ်သည်၊ ဤပုဂ္ဂိုလ်ကို “အသေက္ခ” အပြင် “ရဟန္တာ” ဟုလည်း ခေါ်၏။

ဤသို့အားဖြင့် –

  • ပုထုဇဉ် (၄)ယောက်
  • အရိယာ (၈)ယောက်

အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်များကို သတ္တလောကဟု ခေါ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ပုထုဇန် (၄)ယောက်

အရိယာမှ သီးခြားဖြစ်သူ, ကိလေသာကို များစွာဖြစ်စေတတ်သူ (၄)ယောက် ဟူလို။

  • ဒုဂ္ဂတိအဟိတ် ပုထုဇန် = အပါယ် (၄)ဘုံသားများ၊
  • သုဂတိအဟိတ် ပုထုဇန် = လူ့ဘုံ၌ ငကန်း, ငဆွန့်, ငအ, ငထိုင်းများ၊
  • ဒွိဟိတ် ပုထုဇန် = ကာမသုဂတိ (၇)ဘုံသားများ၊
  • တိဟိတ် ပုထုဇန် = အထက်တန်းစား လူ, နတ်, ဗြဟ္မာများ။

ပုထုဇန် ဝေါဟာရမျိုး (၄)ပါး။ ။ သံဂီတိသုတ်၌ လာရှိသည်ကား ဝစီဒုစရိုက် (၄)ပါးကို အဖန်ဖန် ပြောကြား သုံးနှုန်းခြင်းပင်ဖြစ်၏။

ပုထုဇဉ် (၂)မျိုး

အကန်းနှင့် အကောင်း ခြားနားမှု။

  • ကလျာဏပုထုဇန် = ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုသိ၍ ကောင်းသော ပုထုဇန် တမျိုး၊
  • အန္ဓ ပုထုဇန် = ခန္ဓာ, အာယတန, ဓာတ်, သစ္စာ တို့ကိုမသိမူ၍ အကန်းနှင့်တူသော ပုထုဇန်ဟု (၂)မျိုးမှတ်ရာသည်။

နိဒါနဝဂ္ဂ သံယုတ်။ဋ္ဌ။၉၀-၌ အကျယ်ရှု။